သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေး ဂေဟာ ကော့သောင်းမှာ ဖွင့်


မြန်မာ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာ ဂျပန် အကူအညီနဲ့ ကော့သောင်းမှာ ဖွင့်လှစ်။ Photo Credit- မင်းဦး (FED)
မြန်မာ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာ ဂျပန် အကူအညီနဲ့ ကော့သောင်းမှာ ဖွင့်လှစ်။ Photo Credit- မင်းဦး (FED)
ထိုင်းမြန်မာနယ်စပ်က လူကုန်ကူးခံရတဲ့ အမျိုးသမီး၊အမျိုးသား၊ကလေးတွေကို ကူညီကယ်ဆယ်ဖို့အတွက် လူ ၅၀ခန့်လက်ခံပေးနိုင်တဲ့ ဒုတိယမြောက် လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာ ကို ဂျပန်နိုင်ငံက အကူအညီနဲ့ မြန်မာနိုင်ငံ ကော့သောင်းဘက်မှာ ဖွင့်လှစ်ခဲ့ပါ
တယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံနဲ့ ထိုင်းနယ်စပ်တလျောက် လူကုန်ကူးခံရသူတွေအတွက် ထိုင်းနယ်စပ် ကော့သောင်းဘက်မှာ လူကုန်ကူးခံရတဲ့သူတွေ ကို စောင်ရှောက်ဖို့ အတွက် ဂေဟာ တခုကို ဧပြီလ ၂၄ မှာ မြန်မာအစိုးရ က ဖွင့်လှစ်ခဲ့တာပါ။
လူ ၅၀ခန့်ကို ယာယီခိုလှုံခွင့်ပေးမယ့် ဂေဟာဖွင့်ရတဲ့ ရည်ရွယ်ချက် ကိုတော့ ကော့သောင်းခရိုင် ဒုရဲမှူး မင်းခိုင်ကနေ အခုလို ရှင်းပြပါတယ်။
လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာ-သတင်းဓာတ်ပုံ- မင်းဦး( FED)
လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာ-သတင်းဓာတ်ပုံ- မင်းဦး( FED)


"ရည်ရွယ်ချက်ကတော့ခင်ဗျ။ ကျနော်တို့ ထိုင်းမြန်မာ နယ်စပ်ဆိုတော့လေ ထိုင်းနိုင်ငံမှာလည်း ကျနော်တို့ နိုင်ငံသားတွေ လူကုန်ကူးခံနေရတာတွေ ရှိပါတယ်ခင်ဗျ။ ရှိတော့ ကျနော်တို့က လူကုန်ကူးခံရသူတွေကို စံချိန်စံညွန်းနဲ့ အညီပေါ့နော် ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဒါကို ကျနော်တို့က ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ပြီးလို့ရှိရင် ဒီကနေ တဆင့်ပေါ့နော် ကျနော်တို့ သူ့ရဲ့နေရပ် နေရပ်ဆိုတာ မိဘဆွေမျိုးဆီကို အမြန်ဆုံးပြန်လည် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ထိုင်းမြန်မာ နယ်စပ်မှာတော့ ပထမဦးဆုံး အကြိမ်ပါခင်ဗျ။ ပထမဦးဆုံး အကြိမ်ကတော့ မြန်မာနဲ့ တရုတ်ဖြစ်တဲ့ မူဆယ်မှာ ၂၀၁၂က ပထမဦးဆုံး ဖွင့်ပြီးသားဖြစ်ပါတယ်ခင်ဗျ။"
လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာ ဂျပန်နိုင်ငံကအကူညီနဲ့ မန်မာနိုင်ငံ ကော့သောင်းဘက်မှာဖွင့်လှစ်- သတင်းဓာတ်ပုံ- မင်းဦး (FED)
လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာ ဂျပန်နိုင်ငံကအကူညီနဲ့ မန်မာနိုင်ငံ ကော့သောင်းဘက်မှာဖွင့်လှစ်- သတင်းဓာတ်ပုံ- မင်းဦး (FED)
ဒီစောင့်ရှောက်ရေးဂေဟာကို ဂျပန်နိုင်ငံသံရုံးရဲ့ အသေးစား စီမံကိန်းများထောက်ပံ့ရေး အစီအစဉ်ကနေ အကူညီပေးခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံတွင်းက ပညာရေးနဲ့ ဖွံ့ ဖြိုးရေးဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးထူးချစ် ကတော့ သူတိုအဖွဲ့အနေနဲ့လည်း လူကုန်ကူးခံရသူတွေကို ကူညီထား တာတွေရှိတဲ့ အတွက် အစိုးရဂေဟာကို လွဲှပြောင်းပေး သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ဂေဟာဖွင့်တဲ့အတွက် ကြိုဆိုတဲ့ကြောင်း ဖွင့်ပွဲကို သွားရောက်ခဲ့တဲ့ ဦးထူးချစ်က ဆိုပါတယ်။

"လူကုန်ကူးခံနေရသူတွေ တစ်စုံတစ်ရာ နားနေလို့ရအောင် အဲ့လိုမျိုးဖွင့်တာတော့ ဒါကတော့ ကောင်းတယ်လို့ ကျနော်တို့ မြင်လို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ အကုန်လုံးက သူတို့လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်မသိပေမယ့်လည်း အဲဒီ လူကုန်ကူးခံနေရတဲ့ နေရာမှာ သူတို့ ဂေဟာတွေချည်းဘဲမဟုတ်ဘဲ တစ်ချို့နေရာတွေမှာ စိတ်ဖိစီးမှုတွေ ပြဿ နာတွေကို ရင်ဆိုင် လာရတော့ နှစ်သိမ့်ဆွေးနွေးပေး တဲ့ တာဝန်ခံတွေပါ ထားသင့်တယ်။ ကျမ်းမာရေး အနေနဲ့ ဆေးကုသခွင့်ထားသင့်တယ် ဆိုတာမျိုးတွေဟာလည်း သူတို့ရှိရင်လည်း ရှိမှာပေါ့။ ကျနော်တို့အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူတို့ ဒီ ဂေဟာတစ်ခု နယ်စပ်မှာရှိတာတော့ အများကြီးကောင်းတယ်လို့ ကျနော်တို့ အနေနဲ့ ယုံကြည်တယ်"

လူကုန်ကူးခံရသူတွေကို ပြုစုစောင့်ရှောက်မှုတွေ နှစ်သိမ့်မှုတွေ ပေးမယ့် အပိုင်းကိုတော့ ဂေဟာက လုပ်ဆောင်သွားမှာမဟုတ်ဘဲ လူမှုဝန်ထမ်း ဦးစီးဌာနကသာ လုပ်ဆောင်သွားမယ်လို့ ဒုရဲမှူး မင်းခိုင်ကဆိုပါတယ်။

"အဲဒါကျတော့ လူမှုဝန်ထမ်းဦးစီးဌာန နဲ့ သက်ဆိုင်ပါတယ်ခင်ဗျ။ လူမှုဝန်ထမ်းဦးစီးဌာန က နေပြီးတော့မှ သူတို့ရဲ့ မူဝါဒထဲမှာမှ ထိန်းသိမ်း လူကုန်ကူးခံရသူတွေကို စောင့်ရှောက်မယ်။ ပြီးလို့ရှိရင် လိုအပ်တဲ့ပေါ့နော် ကျမ်းမာရေးစောင့်ရှောက်မှုတို့ ဘာတို့ စိတ်ကျမ်းမာရေးစောင့်ရှောက် တာတွေလုပ်ပြီးလို့ရှိရင် နေရပ်ပေါ့နော် မိဘရပ်ထံ ကို ပြန်လည်ပြီးတော့ ပေါင်းစည်းပေး မယ်ခင်ဗျ။ ဒါ သူတို့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ လုပ်စဉ်အတိုင်း လုပ်ပါလိမ့်မယ်"

ထိုင်းနိုင်ငံမှာတော့ မြန်မာပြည်သားတွေ လူကုန်ကူးခံရမှုနဲ့ ပါတ်သက်လို့ ပြီးခဲ့တဲ့နှစ်တွေတုန်းက ၁၉ကြိမ်မှာ အလုပ်သမားပေါင်း၂၉၂ဦး၊ ၂၀၁၃ ခုမှာ တော့ ပြည့်တန်ဆာ အဖြစ်ရောင်းစားခံရသူအမျိုးသမီးတွေအပါအဝင်
၂၆၄ဦ းနဲ့ ၂၀၁၄ မှာတော့ အလုပ်သမားပေါင်း၆၉ဦးကို ထိုင်းလူကုန်ကူးမူနှိမ်နင်းရေး ရဲတပ်ဖွဲတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ က ကူညီကယ်တင်ခဲ့တာပါ။

ကူညီကယ်တင်ခံရတဲ့ လူကုန်ကူးခံရသူတွေဟာ ထိုင်းဂေဟာတွေမှာ လအတော်ကြာ နှစ်ကြာတဲ့အထိနေထိုင်ရတဲ့အတွက် အလုပ်လုပ်ဖို့ လာတဲ့ မြန်မာနိုင်ငံသားတွေဟာ အခက်အခဲတွေ ရှိေနေတာပါ။ လူကုန်ကူးခံရတဲ့သူတွေကို စောင့်ရှောက်တဲ့ဂေဟာတွေဟာ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ နှိပ်ကွပ်တဲ့နေရာ မဖြစ်ဖို့လိုအပ်တဲ့အကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ထိုင်းနိုင်ငံတွင်းက အခြေအနေတွေနဲ့ယှဉ်ပြီး အခုလို ရှင်းပြပါတယ်။

"ကယ်ဆယ်ရေးစခန်းထဲကို ရောက်သွားတဲ့ လူတွေနဲ့ တူဖို့လိုတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အစာအဟာရပိုင်းဆိုင်ရာအရ နှိပ်ကွပ်တဲ့နေရာ မဖြစ်ဖို့လိုတယ်။ ထိုင်းနိုင်ငံတွင်းမှာကျတော့ လူကုန်ကူး ခံရတဲ့ မြန်မာအလုပ်သမားတွေကို သူတို့တွေက နိုင်ငံတကာ ကို ပြပြီးတော့စားတယ်။ ဘန်ကောက်မြို့လည်ခေါင်က ဘေးနိုင်အရပ်က စက်ချုပ်အလုပ်သမား ၃၅ယောက်ကို ကယ်ထုတ်ခဲ့တယ်။ အဲဒီမှာ အစိုးရသက်သေ အဖြစ် ကျန်နေခဲ့တဲ့ အမျိုးသမီး ၉ ယောက်ကို ကျနော် တစ်ကြိမ် သွားတွေ့ခွင့်ရတဲ့အခါမှာ သမီးတို့ကို ဒီမှာ ကိုယ်ဝန် အငှားဆောင် မလား မေးတယ်တဲ့။ တစ်ချို့ ကမ္ဘောဒီးယား အမျိုးသမီးတို့၊ လာအို အမျိုးသမီးတို့ ထိုင်း အမျိုးသမီးတို့က ကိုယ်ဝန် အငှားဆောင်ပါတယ်တဲ့။ ကျနော် ကြက်သိမ်း၊ မွှေးသိမ်းထသွားပါတယ်"

ထိုင်းနိုင်ငံတွင်းမှာ အလုပ်အကိုင်ရှာဖွေလာသူတွေဟာ လူကုန်ကူးခံရမူတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်းသံဃာ၂ပါးဦးဆောင်ပြိး ထိုင်းနိုင်ငံထဲကို တရားထိုင် ဝတ်စုံ အဖြူရောင် ဝတ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတွေက ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG