အစ္စရေးနိုင်ငံ Tel Aviv မြို့တော်က Mossad ထောက်လှမ်းရေးဌာနရုံးချုပ်နားက ဘတ်စ်ကားမှတ်တိုင်မှာ ဒီကနေ့ ထရပ်ကားတစင်းက ဝင်တိုက်တာကြောင့် ၃၅ ယောက် ဒဏ်ရာရသွားတယ်လို့ အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အစ္စရေးမှာ သီတင်းတပတ်ကြာ အားလပ်ရက်ရှည် ကုန်ဆုံးပြီး အလုပ်ပြန်ဝင်ချိန်မှာ အဓိက အဝေးပြေးလမ်းမကြီးတခုနဲ့ ဆက်သွယ်ထားတဲ့ လမ်းဆုံမှာ ကားတိုက်မှု ဖြစ်ခဲ့တာပါ။ ထရပ်ကားဟာ မှတ်တိုင်မှာရှိတဲ့ ဘတ်စ်ကားတစင်းနဲ့ ကားစောင့်နေတဲ့လူတွေကို ဝင်တိုက်တာ ဖြစ်တယ်လို့ အစ္စရေး ရဲတပ်ဖွဲ့ပြောခွင့်ရက ပြောပါတယ်။ တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့ကြောင်း ပြောဆိုထားပေမဲ့ တိုက်ခိုက်သူကို အရှင်မိသလား၊ အသေမိသလား ဆိုတာတော့ လတ်တလော မသိရပါဘူး။
အစ္စရေးမှာ အရင်ကလည်း ပါလက်စတိုင်းတွေက ဓားနဲ့ထိုးတိုက်ခိုက်တာ၊ ပစ်ခတ်တာ၊ ကားနဲ့ ဝင်တိုက်တာမျိုးတွေ ကြုံခဲ့ရဖူးပါတယ်။
တချိန်တည်းမှာပဲ ဂါဇာဒေသမြောက်ပိုင်းကို အစ္စရေးဘက်က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေအများစုအပါအဝင် လူ ၂၂ ယောက် သေဆုံးသွားတယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
စစ်ပွဲဒဏ်ကို အကြီးအကျယ်ခံနေရတဲ့ ဂါဇာမြောက်ပိုင်းမှာ အစ္စရေးဘက်က ထိုးစစ်ဆင်နေတာက သီတင်းပတ် ၃ ပတ်ထဲကို ရောက်လာခဲ့ပြီး အကူအညီပေးရေးအဖွဲ့တွေကတော့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
Forum