သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးရေးရာ ချီတက်ပွဲ လူပေါင်းသိန်းချီစုဝေး


ဝါရှင်တန်ဒီစီက အမျိုးသမီးထု ချီတက်ဆန္ဒပြပွဲ (ဇန်နဝါရီ ၂၁ ရက် ၂၀၁၇)
ဝါရှင်တန်ဒီစီက အမျိုးသမီးထု ချီတက်ဆန္ဒပြပွဲ (ဇန်နဝါရီ ၂၁ ရက် ၂၀၁၇)

သမ္မတသစ် Donald Trump အနေနဲ့ အမျိုးသမီးအခွင့်အရေးကို လေးစားလိုက်နာဖို့ တောင်းဆိုတဲ့ အနေနဲ့ ဝါရှင်တန်မြို့တော်မှာ စနေနေ့က လူပေါင်းသိန်းနဲ့ချီ စုရုံးခဲ့ကြပါတယ်။ ကျားမ၊ အသား အရောင် မျိုးစုံပါဝင်တဲ့ ဒီချီတက်ပွဲကြီးဟာ သမ္မတသစ် Trump ရဲ့ ကျမ်းသစ္စာကျန်ဆိုပွဲကို တန်ပြန်တဲ့ အနေနဲ့ အချိန်ကိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

Women’s March on Washington ဆိုတဲ့ အမျိုးသမီးထုချီတက်ပွဲကို ကိုယ်တိုင်သတင်းသွား ရောက်ယူခဲ့တဲ့ မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စုမှာ သမိုင်းတွင်တဲ့ နေ့တနေ့လို့ ပြောရမှာပါ။ ပြည်နယ်ပေါင်းစုံမှာနေကြတဲ့ ပြည်သူတွေ သိန်းနဲ့ချီပြီး ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်အဆောက်အဦးရှေ့ မှာ အမျိုးသမီးတွေနဲ့ သွေးစည်းညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ ချီတက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

အခုသမ္မတသစ် Donald Trump အနေနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေးစာလိုက်နာဖို့ တောင်းဆိုနေကြတာပါ။

“အမေရိကန်နိုင်ငံတဝှမ်းမှာရှိတဲ့ ပြည်သူတွေကို ဒီမှာ လာပြီးစုဝေးကြဖို့ကျနော်တို့ စည်းရုံးခဲ့တာပါ။ ရွေးကောက်ပွဲတွင်း ကျနော်တို့ မြင်ခဲ့ရတဲ့ အမုန်းတရားတွေနဲ့ ခွဲခြားမှုတွေကို အခုလှုပ်ရှားမှုကနေ ဆန့်ကျင်ကြောင်းပြသတာပါ။ မေတ္တာကို အခြေခံပြီး ခွဲခြားဆက်ဆံခံနေရတဲ့ အကာအကွယ်မဲ့သူတွေ ဘက်ကနေ ရပ်တည်ကြောင်း ဒီဆန္ဒပြပွဲမှာ ကျနော်တို့ ပြသတာဖြစ်ပါတယ်။”

ဒါကတော့ အမျိုးသမီးများချီတက်ပွဲကို စီစဉ်သူတွေထဲမှာပါဝင်တဲ့ Love Army အဖွဲ့က တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောသွားတာဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲကနေ သမ္မတ Donald Trump ကိုပေးချင်တဲ့ အမှာစကားနဲ့ပတ်သက်လို့လည်း

“ဆန္ဒပြပွဲလာသူတွေဟာ Donald Trump ကို ဆန့်ကျင်ကြောင်းလာပြီး တညီတညွတ် တည်းပြသကြတာဖြစ်ပါတယ်။ ဒီတော့ Trump အနေနဲ့ မဟုတ်တာလုပ်မယ်ဆိုရင် ပြည်သူတွေဟာ ငြိမ်ခံမှာ မဟုတ်ပါဘူး။ ပြန်ပြီး တုန့်ပြန်မှာဖြစ်ပါတယ်။”

နယူးရောက်ပြည်နယ်က လာတဲ့ ကျောင်းဆရာမတဦးကလည်း

“ကျမ ဒီဆန္ဒပြပွဲမှာ ပါဝင်ရတဲ့ အကြောင်းရင်းကတော့ ကျမတို့တိုင်းပြည်မှာ အခက်ကြုံရတဲ့အချိန်ရောက်နေပြီ စည်းလုံးညီညွတ်မှုကွဲနေချိန်ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ ကျမတို့နိုင်ငံမှာ လူအများစုဟာ ခွဲခြားခံနေရတယ်လို့ ခံစားရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတကလည်း လူထုရဲ့ အကျိုးစီးပွားကို စိတ်မဝင်စားဘူးလို့ မြင်ပါတယ်။”

သမ္မတသစ် Donald Trump ဟာ အရင် စီးပွားရေးလုပ်ငန်းရှင်ဘဝတုန်းက အမျိုးသမီးတွေအပေါ် သူပုတ်ခတ်ပြောဆိုခဲ့တဲ့ စကားတွေအပေါ် အမျိုးသမီးတွေက အမျက်ဒေါသ ထွက်ခဲ့ကြတာပါ။

“အခုဝတ်ထားတဲ့ Pussy hat project ဆိုတာက Donald Trump ရဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ လက်သရမ်းခဲ့တာတွေကို နိုင်ငံတွင်းမှာသာမက နိုင်ငံတကာမှာရှိတဲ့ အမျိုးသမီးထုကနေ တညီတညွတ်တည်း လက်မခံဘူးဆိုတာ ပြသတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။”

ဒါကတော့ တန်နစ္စီပြည်နယ်ကနေ လာရောက်ဆန္ဒပြတဲ့ ကျောင်းသူတဦးပြောသွားတာပါ။

ဝါရှင်တန်က အမျိုးသမီးထု ချီတက်ဆန္ဒပြပွဲမှာ နာမည်ကျော် အနုပညာရှင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစတာတွေမှာ ဦးဆောင်လှုပ်ရှားသူတွေလည်း ပါဝင်ကြပါတယ်။ နာမည်ကျော်အဆိုတော် မက်ဒေါ်နားကလည်း သမ္မတသစ် Donald Trump ရဲ့ အမျိုးသမီးနဲ့ လူနည်းစုတွေအပေါ် ပုတ်ခတ်ပြောဆိုတဲ့စကားတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG