သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်တဖွဲ့တည်းရှိရေး AA သဘောထား ပဋိပက္ခကြီးထွားနိုင် (ALP)



နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းဦးဆောင်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေး (ဇွန် ၁၃၊ ၂၀၂၂/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းဦးဆောင်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေး (ဇွန် ၁၃၊ ၂၀၂၂/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[[Zawgyi/Unicode]]

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့ကလွဲရင် တခြားလက်နက်ကိုင်အဖွဲ့ရှိနေဖို့မလိုအပ်ဘူးလို့ မနေ့က AA ဘက်က ပြောပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဘက်ကတော့ AA အဖွဲ့ရဲ့ ပြောဆိုချက်တွေကို ပြန်သုံးသပ်ဖို့ ပြောထားပါတယ်။ အခုလို တဘက်နဲ့ တဘက် အပြန်အလှန်ပြောဆိုမှုတွေဟာ ရခိုင်လက်နက်ကိုင်အချင်းချင်းကြား ပဋိပက္ခပိုကြီးမလာဖို့ ဆွေးနွေးရေးလမ်းကြောင်းကို ဆက်သွားသင့်တယ်လို့လည်း ရခိုင် အရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်တမျိုးသားလုံးထောက်ခံထားတဲ့ AA အဖွဲ့ကလွဲပြီး တခြားလက်နက်ကိုင်အဖွဲ့တွေမရှိစေဖို့ ကာကွယ်ရေးမူဝါဒ ချမှတ်လုပ်ဆောင်နေတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ AA ပြောခွင့်ရ ခိုင်သုခက ရခိုင်လို ပြောသွားပါတယ်။

“ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တပ်တွေ အများကြီးရှိနေလို့ မရပါ။ ပြောရရင်တော့ တမျိုးသားလုံးက ထောက်ခံထားတဲ့ ရခိုင့်တပ်တော်ကလွဲလို့ နောက်ထပ်တပ်တွေ မလိုအပ်ပါ။ အဲဒါက AA အဖွဲ့ရဲ့ ကာကွယ်ရေး မူဝါဒတခုလည်းဖြစ်ပါတယ်” လို့ ပြောဆိုသွားပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အပါအဝင် တခြားအဖွဲ့တွေလည်း ရှိနေတာပါ။ AA အဖွဲ့က အခုလို ပြောဆိုတာကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးက ကန့်ကွက်ပါတယ်။

“ သူတို့ပြောတဲ့ စကားကို သူတို့ဆင်ခြင်သုံးသပ်ဖို့လိုတယ်လို့ ပြောချင်တယ်။ ဒါနိုင် ငံရေး အတွေးအခေါ်မရှိ ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကတော့ နိုင် ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းရမယ်၊ စားပွဲဝိုင်းမှာ ဖြေရှင်းရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ပြည်သူကို ဒုက္ခမရောက်စေချင်ဘူး။ NCA လက်မှတ်ထိုးပြီးတော့ စစ်မှန် တဲ့ ဖက်ဒရယ်လမ်းကြောင်းကို သွားနေတဲ့အချိန်မှာ သူတို့က ဘယ်လိုမြင်လဲဆိုတော့ မနာလိုဘူးပေါ့နော်။ တနည်းအားဖြင့် လူမိုက်ဆန်တာပေါ့။ လူမိုက်စကားပြောတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားရေးနဲ့ပတ်သက်ပြီး အခြေခံအတွေးအခေါ်တွေ ခံယူချက်တွေ၊ အမျိုးသားရေးမူဘောင်တွေ သူတို့မှာမရှိဘူး၊ လက်နက် အားကိုးနဲ့ မာဖီးယားတွေလို လုပ်နေတာလို့ပဲ ကျနော်သုံးသပ်တယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းစည်းရေးအတွက် ALP အပါအဝင် ရခိုင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အချိန်အကြာကြီး ဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ AA ပြောခွင့်ရ ခိုင်သုခက ရခိုင်စကားနဲ့ အခုလို ပြောသွားပါတယ်။

“အဲဒီလို အဖွဲ့တွေမရှိအောင် ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ်ကနေ ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အမျိုးမျိုးစည်းရုံးပြီးတော့ စုစည်းခဲ့တာတွေရှိပါတယ်။ ဒါပေမယ့် စုစည်းလို့မရခဲ့ပါဘူး။ အကြောင်းကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ Permit (လုပ်ငန်းလုပ်ခွင့်) တွေ၊ တခြားအကျိုးစီးပွားတွေပေါ်မှာ နောက်ကလိုက်ပြီးတော့ ဒီကိစ္စတွေကို မစုစည်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်” လို့ ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရခိုင်လက်နက် ကိုင် AA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာ သတင်းပေးတာတွေနဲ့ AA ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေး လုပ်ငန်းတွေကို ဝင်ရောက်နှောင့်ယှက်နေတာတွေလည်း ရှိနေတယ်လို့လည်း AA ဘက်ကစွပ်စွဲပြောဆိုထားတာတွေလည်း ရှိပါတယ်။

အခုလို ရခိုင်တပ်ဖွဲ့အချင်းချင်း တင်းမာနေတဲ့အချိန်မျိုးမှာ ပဋိပက္ခကို ပိုပြီးတော့ ဦးတည်သွားနိုင်တာကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဆက်ပြီးတော့ သွားသင့်တယ်လို့လည်း ရခိုင်အရေး ကျွမ်းကျင်သူ ကိုထွန်းကြည်က သုံးသပ်ပါတယ်။

“AA ဘက်ကပြောနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုတည်းသာရှိရမယ် ဆိုတဲ့ မူူကတော့ ဒါ တကမ္ဘာလုံးမှာ နိုင်ငံတခုထူထောင်ရင် လက်နက်ကိုင်တဖွဲ့တည်းရှိရမယ်ဆိုတဲ့ မူနဲ့ပဲ သွားနေတယ်ပေါ့လေ။ မြန်မာနိုင်ငံမှာလည်း စစ်တပ်ဘက်က ဒီအတိုင်းပဲ ခံယူတယ်၊ ဆိုတော့ ဒါက ပဋိပက္ခကို ဦးတည်တယ်လို့တော့ ပြောလို့ ရတယ်။ ဒါပေမယ့် AA အနေနဲ့ပဲဖြစ်ဖြစ် ALP အနေနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုတော့ ဆက်ပြီးတော့ သွားဖို့လိုတယ်။”

လက်ရှိ ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ စစ်ကောင်စီကြား နေ့တိုင်းနီးပါးထိတွေ့ တိုက် ပွဲဖြစ်နေသလို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့ AA အဖွဲ့ကြားမှာလည်း တင်းမာမှုတွေ ရှိနေပါတယ်။ ဒီလအတွင်းမှာပဲ ALP ပါတီဘက်က ဒုတိယဗိုလ် မှူးကြီး ခိုင်ပေါ်လင်းနဲ့ ALP တပ်မိသားစုဝင် ကျောင်းသားတဦးကိုလည်း AA ဘက်က ဖမ်းဆီးခဲ့သလို ALP ပါတီဘက်ကလည်း AA နဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးထားတာတွေလည်းရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]













XS
SM
MD
LG