သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမြို့အနီး စစ်ကောင်စီ လက်နက်ကြီးထိလို့ ၃ ဦးထက်မနည်း သေဆုံး


မြောက်ဦးမြို့မှ ဒေသခံများ၊ ဂျွန် ၃၀၊ ၂၀၁၉ ။
မြောက်ဦးမြို့မှ ဒေသခံများ၊ ဂျွန် ၃၀၊ ၂၀၁၉ ။

[[Zawgyi/Unicode]]

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ နေ့စဉ်လိုလို အပြန်အလှန်ပစ်ခတ်နေတာမှာ မနေ့ ညနေပိုင်းကလည်း မြောက်ဦး မြို့နယ်အတွင်း ကင်းဆိပ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတချို့ထိခိုက်သေဆုံးခဲ့ပါတယ်။ ဒီပစ်ခတ်မှုဟာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှုလို့ AA ရခိုင်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့က ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာမှာ မနေ့က ညနေပိုင်း မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့တာကြောင့် အသက် ၅ နှစ်အရွယ် ကလေးတဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၈ ဦး ထက်မနည်း ဒဏ်ရာရရှိပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ အခုလို ပစ်ခတ်တာဟာ မြန်မာစစ်တပ်ဘက်က အရပ်သားတွေကို ဦးတည်တိုက်ခိုက်ဖြစ်တယ်လို့ ပြောပါတယ်။

“အမျိုးသမီးက ငါးယောက်၊ အမျိုးသား ၃ ယောက်။ ထိခိုက်ဒဏ်ရာရတာ။ သေဆုံးတာကတော့ ၅ နှစ်အရွယ် ကလေးတယောက်ရယ်၊ နောက် အသက် ၃၈ နှစ် အမျိုးသားတယောက်ရယ်၊ နောက်ပြီးတော့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတယောက်သေဆုံးတယ်။ ဘာမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာကို ရည်ရွယ် ချက်ရှိရှိနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာပေါ့။ ပြောရမယ်ဆိုရင် ဒါဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့ ပြောလို့ရတာပေါ့။”

လက်ရှိမှတော့ ဒဏ်ရာရရှိသူတွေကတော့ မြောက်ဦးမြို့နယ် ဆေးရုံမှာဆေး ကုသ မှုခံယူု နေရတယ်လို့ ဒဏ်ရရှိသူရဲ့ မိသားစုဝင်တဦးက ရခိုင်လိုပြောထားတာဖြစ်ပါတယ်။

“အခုလက်ရှိကတော့ ရွာမှာမနေရဲလို့ ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်၊ ကျနော်ကတော့ အိမ်ရှင်မ ဒဏ်ရာရသွားလို့ ဆေးရုံမှာ စောင့်နေရတယ်။ ပေါင်ကို ထိသွားတာ နည်းနည်းတော့ သက်သာနေတယ်။”

မနေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့ကြား မိနစ်ပိုင်းလောက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထား တိုက် ခိုက်မှုတွေကို လက်တုံ့ပြန်သွားမယ်လို့လည်း ပြောပါတယ်။

“မနေ့က ညနေ ၄ နာရီ ၁၅ မိနစ်ကနေ ညနေ ၅ နာရီခွဲအထိ အဲဒီကြားထဲမှာ မြန်မာစစ်တပ်က်က လက်နက်ကြီးနဲ့ အလုံး ၃၀ လောက် ပစ်တာရှိတယ်။ ပစ်တဲ့နေရာကတော့ စစ်တပ်ရဲ့ မြောက်ဦးအခြေစိုက် ခမရ ၃၇၇ နဲ့ ခမရ ၄၀၄ တပ်ရင်းတွေက ပစ်တာ၊ အဓိက ဘာကိုဦးတည်ပြီးပစ်လဲဆိုတော့ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာကိုပစ်တယ်၊ မြောက်ဦးမြို့က ထမရဇ်ရပ်ကွက်ကို ပစ်တာပေါ့။အခုလို ကျနော်တို့ ရခိုင်အပစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ ပစ်ခတ် တိုက်ခိုက်တဲ့အပေါ်မှာတော့ ကျနော်တို့ဘက်က လိုအပ်သလို လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်တယ်ဗျ။”

မနေ့က ပစ်ခတ်မှုကြောင့် ဒေသခံတွေထိုက်သေဆုံးတာတွေ ထိခိုက်ဒဏ်ရာရ တာတွေရှိ ခဲ့သလို ကင်းဆိပ်ကျေးရွာအပါအဝင် တခြား အနီးအနားကျေးရွာတွေက ဒေသခံတွေဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခတွေက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းက ရသေ့တောင် နဲ့မောင်တောမြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကုန်းလမ်းတွေကို စစ်ကောင်စီဘက်က ပိတ်ထားသလို ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

ဒါ့အပြင် မောင်တောဘက်မှာ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတလျောက် လုံခြုံရေး တိုးမြှင့်ထားသလို မြန်မာစစ်တပ်ဘက်ကိုလည်း ပြင်းပြင်းထန်ထန်ပြောဆိုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောထားပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရသူတွေကို ဆက်သွယ် ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ အရပ်သားတွေ ထိခိုက်ဒဏ်ရရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူးခင်ဗျား။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]














XS
SM
MD
LG