သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ လက်နက်ကြီးကြောင့် ၁ ရက်တည်း ပြည်သူ ၁၃ ဦးသေဆုံး


ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နားမှာတွေ့ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တဦး ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နားမှာတွေ့ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တဦး ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောနဲ့ ကျောက်တော်မြို့နယ် ၂ ခုမှာ ဒီနေ့ တရက်တည်း လက်နက်ကြီးကျည်တွေ ကျရာက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ အရပ်သား ၁၃ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ အဲဒီလက်နက်ကြီးကျည်ကျရောက်ခဲ့တဲ့နေရာတွေမှာ ဘာတိုက်ပွဲမှဖြစ်ပွားတာမရှိဘဲ မြန်မာစစ်တပ်ဘက်ကပစ်တာဖြစ်တယ်လို့ ရခိုင်လက်နက်ကိုင် AA ဘက်က ပြောဆိုပေမဲ့ စစ်ကောင်စီဘက်က ငြင်းဆန်ပါတယ်။ မောင်တောနဲ့ ကျောက်တော်မြို့အတွင်း အခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မောင်တော မြောက်ပိုင်းက ဂြိတ်ချောင်းကျေးရွာအတွင်းကို ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နေလည်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးတော့ ဒေသခံ ၁၀ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင် လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“မောင်တော ကြိမ်ချောင်း နခခ ၇ ကနေပြီးတော့ လက်နက်ကြီး ၂ လုံးပစ်တာရှိတယ်။ အဲဒီလက်နက်ကြီးက ဂြိတ်ချောင်းကျေးရွာက ကလေးကင်းပွန်းတပ်တဲ့ပွဲပေါ့နော်။ အဲဒီ ပွဲလုပ်နေတဲ့ နေရာတည့်တည့်ကို လက်နက်ကြီး ကျရောက်ပြီးတော့မှ အဲဒီပွဲကိုရောက်နေတဲ့ အရပ်သားပြည်သူ ၁၀ ဦးပွဲချင်းပြီး သေဆုံးပြီးတော့ ၂၂ ဦး ဒဏ်ရာရသွားတာရှိတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ကြိမ်းချောင်းဆေးရုံကိုပို့ထားပြီး ဒဏ်ရာပြင်းတဲ့သူတွေကို မောင်တောဆေးရုံကို ယူသွားတယ်လို့ သိရတယ်ဗျာ။”

သေဆုံးသွားသူတွေကို သင်္ဂြိုဟ် လိုက်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင် ထားတယ်လို့လည်း ဂြိတ်ချောင်းကျေးရွာသားတဦးက ပြောပါတယ်။

အလောင်းတွေကိုတော့ သင်္ဂြိုဟ် လိုက်ပါပြီ ၁၀ လောင်းရှိတယ်။ ဒဏ်ရာရတဲ့ သူတွေကိုတော့ ဆေးရုံကို ပို့ထားတယ်။ ဒဏ်ရာပြင်းထန်သူတွေလည်းပါတယ်။”

ဒါ့အပြင် ဒီနေ့မနက်ပိုင်းကလည်း ကျောက်တော်မြို့နယ် ချောင်းတူ ကျေးရွာအတွင်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီးတော့ ဒေသခံ ၃ ဦးသေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေ ကို ပြောပါတယ်။

“ဒီနေ့မနက် ၁၁ နာရီအချိန်မှာ ကျောက်တော်၊ ကန်စောက်အခြေစိုက် ခမရ ၃၇၇၊ နောက် ခမရ ၅၃၉ အဲဒီလက်နက်ကြီးတပ်တွေက ၁၀၅ မီလီမီတာလို့ထင်ရတဲ့ လက်နက်ကြီး ၁၄ လုံး ပစ်တာရှိတယ်၊ အဲဒီလက်နက်ကြီးက ချောင်းတူ ကျေး ရွာကိုကျပြီးတော့ ယောက်ကျား ၃ ဦး ပွဲချင်းပြီးသေတယ်။ အမျိုးသမီး၂ ဦး အပါအဝင် ၃ ဦးဒဏ်ရာရတာရှိတယ်။”

ရခိုင်ပြည်နယ်အတွင်း နေရာတချို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက AA ရခိုင် လက်နက်ကိုင် အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပွားပြီး လက်နက်ကြီးတွေသုံး ပစ်ခတ်နေသလို စစ်တပ်ဘက်က လေကြောင်းက တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ ဒီကနေ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ မောင်တောမြောက်ပိုင်းနဲ့ ကျောက်တော်မြို့နယ်မှာတော့ တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း ခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။

“ ဒီဟာက အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့ တိုက်ခိုက်နေတာ ဖြစ်တယ်။ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူးဗျ။ တိုက်ပွဲနဲ့မပတ်သက်တဲ့ အရပ်သားပြည်သူတွေနေတဲ့ရွာတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတာဖြစ်တဲ့အတွက် ဒါ စစ်ရာဇဝတ်မှုမြောက်တယ်လို့ပြောလို့ရပါတယ်။”

AA ဘက်က ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက် ချက်ခြင်း ထွက်လာတာ မရှိသေးပါဘူး။ ရခိုင်ပြည်နယ်အတွင်းမှာ AA နဲ့ ARSA အကြမ်းဖက် အဖွဲ့တွေ ခြေကုတ်ယူလှုပ်ရှားနေသလို လက်နက်ကြီးတွေသုံး ပစ်ခတ်နေတယ် ဆိုပြီး စစ်ကောင်စီဘက်က တုံ့ပြန် စွပ်စွဲလေ့ရှိပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ရခိုင်ပြည်နယ်အတွင်း အရပ်သား ထိခိုက်သေဆုံးတဲ့ သတင်းတွေ တနေ့ထက်တနေ့ ပိုများလာနေ ပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ် မောင်တောနဲ့ ကျောက်တော်မြို့နယ်တွေမှာ အရပ်သားသေဆုံးမှုတွေဟာ AA ဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်လို့ သေဆုံးတာလို့ စစ်ကောင်စီဘက်က ထုတ်ပြန် တုံ့ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]













XS
SM
MD
LG