သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ အပစ်ရပ်ထားတာ ၁ လရှိပေမဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ ခက်နေဆဲ


ရခိုင်ပြည်နယ်၊ မောင်တောမြို့ဈေးမြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ရခိုင်ပြည်နယ်၊ မောင်တောမြို့ဈေးမြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား အလွတ်သဘော အပစ်အခတ်ရပ်စဲထားတာ အချိန်ကာလ ၁ လရှိပါပြီ။ ဒေသတွင်းကုန်စည် သယ်ယူခွင့်ကတော့ အကန့်အသတ်တွေဆက်ရှိနေပြီး စစ်ဘေးရှောင်တွေဆီ အကူအညီရောက်နိုင်ဖို့ကလည်း ကန့်သတ်တာတွေရှိနေတုန်းပဲလို့ ကူညီရေးအဖွဲ့တွေနဲ့ စစ်ရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကိုတော့ ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ နှစ်ဘက်ဆွေးနွေးမှုကနေတဆင့် မြေပြင်မှာပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲထားတယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောဆိုထားပါတယ်။ AA ဘက်ကလည်း ရခိုင်ပြည်သူတွေ လတ်တလောကြုံနေရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ လူသားချင်းစာနာမှုအရ မြန်မာစစ်တပ်နဲ့ နှုတ်အားဖြင့် အပစ်ခတ်ရပ်စဲရေး ယူထားတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ အခုလို လက်နက်ကိုင်ပစ်ခတ်မှုတွေ ရပ်စဲထားတာ ၁ လရှိပြီဖြစ်ပေမယ့် ကုန်သွယ်ရေးကန့်သတ်ချက်တွေ ဆက်ပြီးရှိနေလို့ အခက်ကြုံနေတယ်လို့ နိုင်ငံတကာအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"အပစ်အခတ်ရပ်စဲတာက ကျနော်တို့အမြင်မှာကတော့ တဘက်က နိုင်ငံရေးအကြပ်အတည်းတွေ့လာလို့ လောလောဆယ်ရပ်လိုက်တာပဲ ရှိတယ်။ ငြိမ်းချမ်းသွားတာ မဟုတ်ဘူးလေ။ လုံးဝအပစ်ရပ်လိုက်တာ မဟုတ်ဘူး။ ခဏတာပဲ။ ဘယ်နေ့ပြန်ဖြစ်မယ်ဆိုတာ ပြောလို့မရဘူးလေ။ လောလောဆယ် ကျနော်တို့ဘာတွေ တွေ့ရလဲဆိုတော့ စစ်ဘေးရှောင်တွေဆီ စားနပ်ရိက္ခာတွေ၊ ဆန်တွေ ပို့လို့မရဘူး။ ဆေးဝါးတွေ ပို့လို့မရဘူး။ စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေမှာ စားနပ်ရိက္ခာတွေ အခက်အခဲတွေ့တယ်။ နောက်ပြီး ကျနော်တို့ရခိုင်မှာက ပိုပြီးဆင်းရဲမွဲတေတဲ့အထဲမှာ ပါတယ်ဆိုတော့ စားသောက်ကုန်တွေ တင်းကြပ်တော့ ဆင်းရဲမွဲတေမှုက ပိုပြီးတော့ မြင့်တက်လာတာပေါ့။"

အပစ်ရပ်စဲထားချိန်မှာ ကုန်စည်သယ်ဆောင်ခွင့်က နယ်စပ်ရေးရာဝန်ကြီးရဲ့ ခွင့်ပြုချက်ကို စောင့်ယူနေရတယ်လို့ ပြောပါတယ်။ ကုန်စည်သယ်ယူခွင့် ကန့်သတ်ခံရတာကြောင့် စစ်ရှောင်စခန်းမှာရှိနေသူတွေဆီ အကူအညီရောက်ရှိဖို့ကလည်း ခက်ခဲနေပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးမယ့်အဖွဲ့တွေကို ကန့်သတ်တာမျိုးမလုပ်ဖို့ကိုလည်း ကျောက်တော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတခုရဲ့ တာဝန်ခံတဦးကလည်း တောင်းဆိုထားပါတယ်။

"စစ်ရှောင်စခန်းတွေမှာ အခုလတ်တလော အခြေအနေမှာက အသွားအလာတွေ လွတ်လွတ်လပ်လပ် သွားလို့ရတယ်ပေါ့နော်။ ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ နှစ်ဘက်နားလည်မှုနဲ့ ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေးသဘောဆောင်ပြီးတော့ စစ်ရှောင်ပြည်သူတွေကို သူတို့ရသင့်တဲ့ အခွင့်အရေးတွေဖြစ်တဲ့ လာလှူတဲ့အဖွဲ့အစည်းတွေကို စစ်ကောင်စီဘက်ကတားမြစ်တာတွေ မလုပ်စေချင်ဘူး။ ဒီစစ်ရှောင်တွေက အထောက်အပံ့ရမှသာ သူတို့ဘဝတွေက ရှေ့ဆက်သွားလို့ရမယ်ဆိုတော့ အထောက်အပံ့တွေကို လောလောဆယ်မှာတော့ စစ်ကောင်စီဘက်က တားမြစ်တာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့။"

ကုန်စည်ကန့်သတ်ချက်တွေ ရှိနေတဲ့အပြင် ကားတွေနဲ့ မော်တော်အသွားအလာလည်း နည်းသွားလို့ သယ်ယူစရိတ်က ပိုပြီးများလာတယ်လို့ ပြောပါတယ်။ အရင်က စစ်တွေကနေ မြောက်ဦးကို ၁ သောင်းပေးရတဲ့ ခရီးစရိတ်က အခုဆို ၂ သောင်းလောက် ပေးပြီးသွားနေရတယ်လို့ ပြောပါတယ်။ အခြေခံကုန်စည် သယ်ဆောင်ခွင့်ကအစ ခွင့်ပြုချက်ယူနေရပြီး စောင့်ဆိုင်းရတဲ့ အချိန်ကာလ ကြာမြင့်တာကလည်း တချို့ကုန်စည်ဈေးနှုန်းတွေတက်ရတဲ့အကြောင်းရင်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရခိုင်ပြည်နယ်ထဲမှာ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အဲဒီမြို့နယ်တွေအကုန်လုံး ပိတ်ထားတာပေါ့နော်။ ဆန်ကအစ မျှောလုပ်ရတယ်။ သကြား၊ ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်း၊ ဘိလပ်မြေ ဒါတွေအထိ သူတို့က ကန့်သတ်ထားတာပေါ့နော်။ စစ်တွေမှာရှိတဲ့ နယ်စပ်ရေးရာဝန်ကြီးပေါ့ သူ့ဆီမှာ မျှောတွေလျှောက်ရတယ်။ လူကတော့ သွားလို့ရတယ်။ ပစ္စည်းတွေကတော့ အရင်တုန်းကလို လွတ်လွတ်လပ်လပ် သွားလို့မရဘူး။ အရင်ကဆို ဓာတ်မြေဩဇာ တအိတ်ကို စစ်တွေကနေ နယ်ကိုတင်ရင် ၁,၀၀၀ ပဲရှိတယ်လေ။ အခု ၃,၀၀၀ လောက်ဖြစ်သွားတယ်။ သွားဖို့အတွက်သွားခွင့်က လွယ်လွယ်နဲ့ မရနိုင်ဘူးလေ။ တပတ်စောင့်လို့ ရချင်မှလည်း ရတယ်။ ပြီးတော့ ဘုတ်တွေ၊ မော်တော်တို့ ကားတို့ကျတော့လည်း ထွက်ချင်သလို ထွက်လို့ မရတော့ဘူးလေ။"

အပစ်ရပ်စဲထားတဲ့ ရခိုင်ပြည်နယ်မှာ အခုလတ်တလော တိုက်ပွဲတွေငြိမ်နေပေမယ့် စစ်ရှောင်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေကတော့ သူတို့ရဲ့ နေရပ်ကိုပြန်နိုင်ဖို့ အစီအစဉ်မရှိကြသေးပါဘူး။ နယ်မြေလုံခြုံရေး အခြေအနေကြောင့် ဖြစ်သလို စားသောက်နေထိုင်ဖို့ ခက်ခဲတာကြောင့်လည်းပါတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]










XS
SM
MD
LG