သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဖြစ်အောင် မြန်မာစစ်တပ်ဆွဲခေါ်နေတာလို့ AA စွပ်စွဲ


AA ရခိုင့်တပ်မတော်ကိုစစ်ဆင်ရေးအကြောင်း တပ်မတော်ပြန်ကြားရေးရဲ့ နေပြည်တော်တပ်ကုန်းက သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)
AA ရခိုင့်တပ်မတော်ကိုစစ်ဆင်ရေးအကြောင်း တပ်မတော်ပြန်ကြားရေးရဲ့ နေပြည်တော်တပ်ကုန်းက သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)

စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေတဲ့ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် အဖွဲ့ AA တို့အကြား အခု နှစ်ရက်အတွင်း တိုက်ပွဲငြိမ်သက်နေတယ်လို့ AA ဘက်က ပြော ပါတယ်။ ဒီကနေ့သောကြာနေ့ နေပြည်တော်၊ စစ်သမိုင်းပြတိုက်မှာကျင်းပပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ AA တပ်ဖွဲ့ တည်နေရာနဲ့ပေါ်ပေါက်လာမှုနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ရှင်းလင်းချက်နဲ့ ပတ်သက်လို့လည်း AA ဘက်က လက်မခံဘဲ တုံ့ပြန်ပြောဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်အဖွဲ့ AA တို့အကြား တိုက်ပွဲ ငြိမ် သက်နေတာ (၂) ရက်ရှိပြီးလို့ AA ပြန်ကြားရေးအရာရှိ ခိုင်သုခက ပြောပါတယ်။

“(၁၆) ရက်နေ့မှာလည်း ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာမရှိဘူးဗျ။ မနေ့က (၁၇) ရက်နေ့မှာလည်း ထိတွေ့ တိုက်ပွဲဖြစ်တာမရှိဘူး။ အခုဗမာ့တပ်မတော်ဘက်ကနေ သူတို့ ဒီနည်းနည်း စစ်ပမ်းလာလို့ဖြစ်ပါလိမ့်မယ်။”

၂၀၁၈ နိုဝင်ဘာလကုန်ပိုင်းကနေ ၂၀၁၉ ဇန္နဝါရီ (၁၅) ရက်နေ့အထိ တိုက်ပွဲဖြစ်စဉ်တွေ ဆက်တိုက်ရှိလာရာက နေ ဇန္နဝါရီ (၁၆) နဲ့ (၁၇) ရက်နေ့နဲ့ ဒီကနေ့မှာ နှစ်ဘ်က် တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ သူကဆိုပါတယ်။

ဒီကနေ့သောကြာနေ့ နေပြည်တော်၊ စစ်သမိုင်းပြတိုက်မှာကျင်းပပြုလုပ်တဲ့ တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင့်တပ်မတော်အနေနဲ့ ရခိုင်အခြေစိုက်မဟုတ်ဘဲ ကချင်ပြည် နယ်မှာ အခြေစိုက်တာကြောင့် ဆွေးနွေးချင် ရင် KIA အောက်ကနေပဲသွားရမှာ ဖြစ် သလို ငြိမ်းချမ်းရေးစတင်ပြီးနောက်ပိုင်းမ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေ ဖြစ် တာမို့ EAOs နဲ့ ဆွေးနွေးတဲ့အထဲမှာ အကျုံးမဝင်ဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်နဲ့ပက်သက်လို့ AA ပြန်ကြားရေးအရာရှိခိုင်သုခက အခုလို ချေပထားပါတယ်။

“AA ဟာနေပြီးတော့ ကချင်ပြည်မှာဖွင့်ပြီးတော့ ကချင်ပြည်မှာပဲ ရှိနေသင့်တယ်ဆိုတဲ့ ဥစ္စာ မျိုး။ ဒါဆိုလို့ရှိရင် ဗမာ့တပ်မတော်ကို ထိုင်ဝမ်မှာသွားပြီးတော့ ဖွင့်လို့ရှိရင် ဗမာ့တပ်မတော် ကို ထိုင်ဝမ်ကို ပြန်ပို့လိုက်ရမလား။ ကျနော်တို့ AA ကို ဖွဲ့စည်းတဲ့ဥစ္စာက မြန်မာနိုင်ငံ အသိုင်း အဝိုင်းအတွင်းမှာ ကျနော်တို့ဖွဲ့စည်းတာပါ။ တိုင်းရင်းသား ညီနောင်တွေရဲ့ နယ်မြေမှာ ကျနော်တို့ဖွဲ့စည်းလာတာ။ ဗမာ့တပ်မတော်အနေနဲ့ အခုလိုမျိုးပြောနေတဲ့ ဥစ္စာတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို သူတို့အနှောက်အယှက်ပေးနေတာဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်ထည်ဖေါ်လို့ မရအောင်၊ ရှေ့မတိုးနိုင်အောင် သူတို့အနှောက်အယှက်ပေးနေတယ်လို့ ကျနော် အဲဒီလိုပဲမြင်တယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကနေ AA ဟာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သာဖြစ်လို့ ပြတ်ပြတ်သားသားချေမှုန်းရန် မှာကြားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောကြားခဲ့တဲ့ အပေါ် ခိုင်သုခက အခုလိုမြင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်တွေ နိုင်ငံတကာမှာကျဆင်းဖို့ အတွက် သူတို့အနေနဲ့ ပြောနေတာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရခိုင်စစ်မျက်နှာမှာ တိုက်နေတဲ့စစ်ပွဲတွေအထဲက ဗမာစစ်တပ်ရဲ့စစ်ရာဇဝတ်မှု၊ ချိုးဖေါက်မှု အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နေပြည်တော်အစိုးရမှာ တာဝန်ရှိမယ်။ စစ်တပ်ကလည်းပဲ ဒီ အစိုးရကပဲ အမိန့်ပေးတဲ့အတွက်ကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်အမိန့်ပေးလို့တိုက်ရပါတယ်-ဆိုပြီးတော့ အဲဒီလိုမျိုး သူတို့ နိုင်ငံတကာအမြင်မှာဖြစ်အောင်လို့ အဲဒီလိုမျိုးလုပ်နေတာ။ တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင် ဖြစ်အောင်ပေါ့ဗျာ။ သူတို့နဲ့ စစ်ရာဇဝတ်ခုံရုံးကို အတူသွားလို့ရအောင် ဆွဲခေါ်နေတယ်လို့ ကျနော် အဲဒီလို မျိုးမြင်တယ်ဗျ။”

ဒီကနေ့သတင်းစာရှင်းလင်းပွဲအနေအထားကိုကြည့်မယ်ဆိုရင် တပ်မတော်အနေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ အပေါ် ဆက်ထိုးစစ်ဆင်သွားဖို့ အနေအထားတခုကို ဖန်တီးနေတယ်လို့လည်း ခိုင်သုခကဆိုပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွါးရာဒေသအတွင်းက ဒေသခံတွေအနေနဲ့ကတော့ AA အဖွဲ့နဲ့ ဆက်စပ်သူ ဆိုပြီး ဖမ်းဆီးမှု စီစစ်မှုတွေရှိနေတာကြောင့် ဒေသခံတွေစိုးရိမ်နေရတဲ့ အခြေအနေရှိနေဆဲဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကတော့ လက်ရှိစစ်ရေး ကာလ အတွင်း တယ်လီဖုန်း ကိုင်တဲ့ ဘယ်သူမဆို ပြစ်မှုကျူးလွန်ရာရောက်နေတဲ့အခြေအနေ ဖြစ်လာနေပြီလို့ဆိုပါတယ်။

“ကျနော်အပါအဝင် အများကတော့စိုးရိမ်ကြတယ်ဗျ။ ဖုန်းကိုင်တဲ့လူက အပြစ်ရှာလို့ ရတယ်လေ။ ပြစ်မှုရှိတယ်လို့ ချလို့ရတယ်။ လူတယောက်ကိုဖမ်းဆီးလိုက်ပြီးဆိုရင် မလွတ်အောင် တခုမဟုတ်ရင်တခုနဲ့ အပြစ်စီရင်တာမျိုးတွေ တွေ့နေရတော့ အဲတာတွေပဲစိုးရိမ်တာ။”

ဇန္နာဝါရီ (၁၃) ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ရေလယ်ချောင်းကျေးရွာမှာ ရခိုင့် တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးအပြီး သရက်ပြင် ကျေးရွာ အုပ်ချုပ်ရေး မှူးနဲ့ တခြားတဦးကိုတော့ မတရားအသင်း ဆက် သွယ်ရေးပုဒ်မနဲ့ တရားစွဲဆိုထားသလို ဇန္နဝါရီ (၁၄) ရက်နေ့က ရသေ့တောင်မြို့နယ်၊ ကြိမ်သာရွာ အနီးမှာ တိုက်ပွဲဖြစ်ပွါး အပြီး ဒေသခံ ခြံသမားနှစ်ဦးကို တပ်မတော်ကခေါ်ယူသွားပြီး မတရားအသင်း ဆက်သွယ်ရေး ပုဒ်မနဲ့တရား စွဲဆိုထားပါတယ်။

တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်စဉ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပါအဝင် ရွာသားတချို့က AA ဘက်ကို ဆက်သွယ်သတင်းပေးပို့နေတာကြောင့် အရေးယူ စီစစ် နေတယ်လို့ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး၊ တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောထားပါတယ်။

“AA အဖွဲ့ကို သတင်းပေးနေတဲ့သူတွေ ရှိတယ်။ သတင်းပေးနေတဲ့လူတွေကိုလည်း ကျနော်တို့ သက်သေ အထောက်အထားနဲ့ပဲ သတင်းထုတ်ပြန်ထားတာရှိတယ်။ ဘယ်ရွာကတော့ ဘယ်သူတွေ ဘယ်သူတွေ သတင်းပေးနေတာဖြစ်တယ်။ ဒါတွေနဲ့ ပက်သက်လို့ ကျနော်တို့ခေါ်ယူမေးမြန်းတယ်။ အဲဒါတွေအတွက်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အဲဒီအတွက်လည်း ကျနော်တို့ခေါ်ယူမေးမြန်းတာတွေရှိတော့။ နောက်တခုကလဲကျေးရွာလုံခြုံရေးနဲ့ ပက်သက်ပြီးခေါ် ယူ မေးမြန်းတာရှိပါတယ်ဗျ။”

တပ်မတော်စစ်ကြောင်းတွေအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိ သူတွေ၊ ဒေသခံပြည်သူ တွေနဲ့ ပူးပေါင်းပြီးတော့ AA အဖွဲ့ဝင်တွေ ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုနဲ့ ကျေးရွာများအတွင်း ပုံဖျက် စိမ့်ဝင်လှုပ်ရှားမှုတွေ မရှိစေရေး အတွက် နယ်မြေလုံခြုံရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ ဇန္နဝါရီ (၁၅) ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၈ နိုဝင်ဘာလကုန်ကနေ ၂၀၁၉ ဇန္နဝါရီအထိ ရခိုင်ပြည်နယ်ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော ကျောက်တော်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်မှာ တပ်မတော်နဲ့ AAတို့ တိုက်ပွဲဖြစ်ပွါးနေခဲ့ပြီး တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံရွာသား (၆၀၀၀) နီးပါးဟာ စစ်ဘေးတိမ်းရှောင်နေရတဲ့အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG