သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လွတ်မြောက်ရေးပါတီ စစ်ဦးစီးချုပ်နဲ့ အရာရှိ ၂ ဦး စစ်တွေမှာ သေနတ်နဲ့ ပစ်သတ်ခံရ


Myanmar Census Rohingya
Myanmar Census Rohingya

[[Zawgyi/Unicode]]

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က စစ်ဦးစီးချုပ် ခိုင်စောမြတ်နဲ့ အရာရှိနှစ်ဦးတို့ ဒီကနေမနက်ပိုင်း စစ်တွေမြို့မှာ သေနက်ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။ အခင်းဖြစ်ပြီးတဲ့နောက် စစ်တွေမြို့ပေါ် လုံခြုံရေတိုးမြှင့်ထားပြီး လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးတာတွေရှိပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်က စက်ရုံစုရပ်ကွက် အကွက် (၁၃) ဆီဆိုင်တန်းရှေ့မှာ ဒီနေ့ မနက် ၇ နာရီလောက်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီးချုပ် ခိုင်စောမြတ်နဲ့အရာရှိ ၂ ဦးတို့ သေနတ်ပစ်ခံရပြီးသေဆုံးသွားခဲ့ပါတယ်။ စစ်ကောင်စီက ဒီနေ့ကျင်းပတဲ့ လွတ်လပ်ရေးအခမ်းအနားကအပြန် ဆိုက်ကယ်နဲ့ လူတစုက ပစ်ခတ်သွားတာလို့ အနီးအနားရှိတဲ့ စစ်တွေမြို့ခံက ပြောပါတယ်။

“နံနက် ၇ နာရီလောက်နေပြီးတော့ သူတို့သုံးယောက်ကို သေနတ်နဲ့ငါးချက်လောက်ပစ်သွားတော့ အဲဒီနေရာမှာပဲ သေသွားတယ်လို့ သိရတယ်။ ဒီနေ့နံနက်ပိုင်းကပေါ့။ ပစ်သွားတဲ့သူတွေကိုလည်း မြင်လိုက်ကြတယ်။ လူတစုကဆိုင်ကယ်နဲ့လာပြီးတော့ ပစ်သွားတယ်ဆိုပြီး သိရတယ်ပေါ့နော်။”

သေဆုံးသူသုံးဦးဟာ ALP စစ်ဦးစီးချုပ်နဲ့ အရာရှိနှစ်ဦးဖြစ်တယ်ဆိုတာကို ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းထဲက အတည်ပြုကြပါတယ်။

ALP စစ်ဦးစီးချုပ် ခုလို ပစ်ခတ်လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကို ဆက်သွယ်မေးမြန်းလို့ မရသေးသလို ALP ကလည်း တရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ သူတို့ကို ဘယ်သူက ဘယ်အဖွဲ့က ပစ်ခတ်လုပ်ကြံသလဲဆိုတာလည်း မသိရသေးပါဘူး။

စစ်တွေအခြေစိုက်ထားတဲ့ ALP အဖွဲ့ဝင်တချို့ကို AA ရခိုင်တပ်ဖွဲ့က ဖမ်းဆီးတာမျိုးတွေရှိခဲ့သလို ALP တပ်ဖွဲ့ဟာ မြန်မာစစ်ကောင်စီနဲ့ပေါင်းပြီး AA အဖွဲ့ဝင်တချို့ ကို ဖမ်းဆီးတာမျိုးလည်း ယခင်က ရှိခဲ့ပါတယ်။ ဒီအတွက် AA ရခိုင်တပ်ဖွဲ့နဲ့ ALP ကြား တင်းတင်းမာမာအခြေအနေတွေ ကြုံခဲ့ဖူးပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA)ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ကတည်းက အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားပြီး လက်ရှိစစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းမွန်နေတဲ့ အဖွဲ့တခုလည်းဖြစ်ပါတယ်။ AA ရခိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်ကောင်စီကြားမှာတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးယူထားပေမဲ့ တရားဝင် အပြန်အလှန် သဘောတူလက်မှတ်ထိုးတာမျိုး မရှိသေးပါဘူး။

စစ်တွေမြို့ပေါ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခုလို ပစ်သတ်ခံရတာတွေ၊ ဓားထိုးခံရတာတွေ၊ သေဆုံးအလောင်းတွေ မကြာခဏတွေ့လာရတာကြောင့် တနေ့ထက်တနေ့ စိုးရိမ်မကင်းဖြစ်လာရတယ်လို့လည်း စစ်တွေဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှ စစ်တွေမှာက လက်နက်ကိုင်တွေကပစ်တာတွေ၊ အရပ်သားတွေ ပစ်သတ်ခံရတာတွေပိုများလာတယ်ပေါ့။ ဒီမှာ နေနေကြတယ်ဆိုပေမဲ့ ကြောက် ကြောက်နဲ့နေနေကြတဲ့ပုံစံမျိုး၊ ကိုယ်ကဘာမှမလုပ်ထားလည်း မှားပြီးတော့ ပစ်သတ်ခံရတာတွေ ဖြစ်ချင်လည်း ဖြစ်မှာ။ အကုန်လုံးက သေနတ်တွေနဲ့ သွားလာလို့ရတဲ့ အခြေအနေလို့ မြင်တယ်။ ကိုယ့်လုံခြုံရေးအတွက်လည်း စိုးရိမ်တယ်ပေါ့ အဲလိုမျိုး။”

လက်ရှိစစ်တွေမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ နေရာ တော်တော်များများမှာ လုံခြုံရေးတိုးမြှင့်ပြီးတော့ ဒေသခံတွေကို စစ်ဆေးနေတယ်လို့လည်း စစ်တွေဒေသခံတွေက ပြောပါတယ်။

=====================

[[Unicode]]












XS
SM
MD
LG