သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်နဲ့ AA လက်နက်ကိုင်အဖွဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်


( ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
( ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ချင်းပြည်နယ် ပလက်ဝဒေသမှာ အစိုးရတပ်မတော်နဲ့ AAခေါ် ရခိုင်လက်နက်ကိုင်တပ်အကြားတိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်နေပြီး ဒေသခံပြည်သူတွေ ထပ်မံတိမ်းရှောင်နေပါတယ်။ စစ်ရှောင်ပြည်သူတွေထံကို ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ဟာလည်း လုံခြုံရေးအခြေအနေကြောင့် မရောက်ရှိနိုင်သေးပါဘူး။ လက်ရှိ ချင်းပြည်နယ်အတွင်းက ဖြစ်ပွားတဲ့တိုက်ပွဲ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာ အစိုးရတပ်မတော်နဲ့ AA ခေါ် ရခိုင်လက်နက်ကိုင်တပ်အကြားမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို တိုက်ပွဲဖြစ်ပွားတာတွေဟာလည်း ရက်သတ္တ ၂ပတ်နီးပါးကြာမြင့်လာနေပြီ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို AA ခေါ် ရခိုင်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလို ပြောပါတယ်။

“ တိုက်ပွဲကတော့ မနေ့ကလည်း ထပ်ပြီးတော့ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်တယ်ဗျ။ တိုက်ပွဲပြင်းထန်တာကတော့ လွန်ခဲ့တဲ့ ၁၀ရက်နေ့ကတည်းက တရက်ထက် တရက်ပိုပြင်းထန်လာတယ်။ ၁၁ရက်နေ့မှာလည်းပဲ ဗမာ့တပ်မတော်ဖက်ကနေ အကြီးအကျယ်ထိုးစစ်ဆင်တယ်။ ၁၂ရက်နေ့မှာလည်းပဲ ဒီ ရွှီလိုင်ပွီရွာနားတဝိုက်ရယ်၊ ဒိုးချောင်းဝရွာနားတဝိုက်ရယ်၊ နောက် ဗောဒိတောင်ဆိုတဲ့ကျေးရွာရယ်၊ နောက် ပွီးလိုင်ဝဆိုတဲ့ရွာနားတဝိုက်ရယ် ဗမာ့တပ်မတော်ကနေ လက်နက်ကြီးတွေနဲ့ ဒေသတခုလုံးကို နေ့ရောညပါ ပစ်လာတာရှိတယ်။ မနေ့က ၁၃ရက်နေ့မှာ ဗမာ့တပ်မတော်ဖက်ကနေ ရခိုင်တပ်မတော် အခြေပြုထားတဲ့ဒေသကို အင်အားအလုံးအရင်းနဲ့ကို ထိုးစစ်ဆင်တာ။ မနေ့က တနေကုန် ထိုးစစ်ဆင်တယ်။ ည ၉နာရီကျော်လောက်မှပဲ သေနတ်သံကနည်းနည်းတန့်သွားတယ်။ ဒါပေမယ့် လက်နက်ကြီးတွေကတော့ အဆက်မပြတ်ပစ်နေတယ်။”

တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံ ၂၀၀ကျော်လောက် ထပ်မံထွက်ပြေးနေ ရကြောင်းလည်း ပြောပါတယ်။

“ ဒေသတွင်းက ကျေးရွာသားတွေကတော့ ဘေးလွတ်တဲ့နေရာတွေကို ရှောင်နေကြတယ်။ သူတို့ အဲဒီ ကလက်ချောင်း၀ အပေါ်ပိုင်း အဲဒီဖက်မှာတော့ စစ်ရှောင်ပြည်သူတွေ ၂၀၀ ဝန်းကျင်လောက် အဲဒီဖက်ကို ရောက်နေကြပြီ။ နောက် တခြားနေရာတွေမှာလည်း ရောက်နေကြတယ်။ ”

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရဖက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

ချင်းပြည်နယ် အစိုးရအဖွဲ့က စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က သူတို့ ရရှိထားတဲ့ ဒုက္ခသည်စာရင်းဟာ ၃၀၀ကျော်ရှိကြောင်း ပြောပါတယ်။

“ ပလက်ဝဖက်က အခြေအနေကတော့ တိုက်ပွဲတွေ ရှိနေသေးတယ်လို့ ကြားရပါတယ်။ လောလောဆည် အစိုးရဖက်က တရားဝင်ရတာတော့ ၃၀၀ကျော်ပေါ့လေ။ မြေပြင်မှာတော့ ဒီထက်လည်း များနိုင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျနော်တို့ အနေနဲ့ အတိအကျကောက်ယူဖို့ အခက်အခဲရှိနေဆဲဖြစ်ပါတယ်။ ကျနော်တို့ အစိုးရ အနေနဲ့ကတော့ သူတို့အတွက် လိုအပ်တဲ့ ရိက္ခာဆန်၊ ဆေးဝါး၊ အဝတ်အထည် အစရှိတဲ့ဟာတွေကို ထောက်ပံ့ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။”

စစ်ရှောင် ဒုက္ခသည်အများစုဟာ ရှင်းလက်ဝရွာအနီးမှာ ခိုလှုံနေကြောင်းလည်း ပြောပါတယ်။

ပလက်ဝဒေသက ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတဦးကတော့ လုံခြုံရေးအရ ဒုက္ခသည်တွေဆီ သွားရောက်ဖို့ ခက်ခဲနေကြောင်း ပြောပါတယ်။

“ အခုလက်ရှိအနေအထားတော့ ကူညီထောက်ပံ့တာ မြို့ပေါ်မှာ ကော်မတီဖွဲ့ထားတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီ သယ်ယူပို့ဆောင်ရေးအပိုင်းမှာ သွားဖို့ လာဖို့ ကျ နည်းနည်းတော့ လုံခြုံရေးအပိုင်းကို စဉ်းစားနေတဲ့အတွက် လောလောဆည် ဒီဒေသကို စစ်ရှောင်တဲ့ နေရာတွေမှာ ရောက်ဖို့ ဆိုတာ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပြီး လုပ်နေပါတယ်ခင်ဗျ။ လောလောဆည်မှာ အဲဒီမှာ ဘာပစ္စည်းမှ ကျနော်တို့ မရောက်ဖြစ်သေးဘူးဗျ။”

ဒီလ ၉ရက်နေ့ကတော့ AA အပါအဝင် လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီအဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်ဟာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက်တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အစိုးရတပ်မတော်ဖက်က ပလောင်၊ ကိုးကန့်၊ AA တို့နဲ့ နိုင်ငံရေးဆွေးနွေးမယ့် အလားအလာအပေါ် PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်က ပြောပါတယ်။

“မစ္စတာ ဆွန်ကော်ရှန်း လာပြောပြချက်အရ ကျနော်တို့ မေးကြည့်တာကတော့ ကျနော်တို့ ၃ဖွဲ့အပေါ် သဘောထားပေါ့။ မြန်မာ့တပ်မတော်သဘောထား ဘယ်လို ရှိလဲ မေးတော့။ မြန်မာ့တပ်မတော်က သဘောထားတော့ ပြောင်းပါပြီ၊ တွေ့ချင်စိတ်တော့ရှိပါတယ်။ ဒါပေမဲ့ တခြားအဖွဲ့အစည်းများလို တန်းတူရည်တူတော့ မတွေ့နိုင်ဘူး။ အခွင့်အရေးတော့ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အထူးသဖြင့် AA ဆိုရင် တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်ဘူး။ မြန်မာ့တပ်မတော်က သူ့ကို မတွေ့နိုင်ဘူးဆိုတဲ့သဘောထားမျိုး မစ္စတာဆွန်ကော်ရှန်းက ကျနော်တို့ကို လာရှင်းပြထားပါတယ်။ ”

ပလောင်၊ ကိုးကန့်နဲ့ AA အဖွဲ့တွေဟာ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပြီးနောက်မှ ဖွဲ့စည်းတဲ့အဖွဲ့တွေဖြစ်တာကြောင့်နဲ့ AA အဖွဲ့က ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပွားချိန်မှာ စစ်ရေးအရ ထိုးနှက်တဲ့အတွက် ဒါကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်တာကြောင့်လို့ ပြောပါတယ်။

FPNCC အဖွဲ့ကတော့ မကြာမီရက်ပိုင်းအတွင်းမှာ ဆွေးနွေးပွဲကျင်းပပြီး အစိုးရနဲ့ တွေ့ဆုံရေးအပေါ် အဖြေရှာဖို့ ရှိနေပါတယ်။

ဒီလ ၈ရက်နေ့ ပလက်ဝမြို့နယ် အတွင်း တိုက်ခိုက်မှုမှာ စက်မှုလက်မှု သိပ္ပံကျောင်းသား တဦးသေဆုံးခဲ့ရသလို အမျိုးသမီး ၃ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အစိုးရနဲ့ တပ်မတော်ဖက်ကတော့ AA အဖွဲ့က အရပ်သားစက်လှေကို ပစ်ခတ်လို့ ထိခိုက်သေဆုံးတာလို့ သတင်းထုတ်ပြန်ပေမဲ့ AA အဖွဲ့က စစ်တပ်ရိက္ခာတင်လှေကို တိုက်ခိုက်စဉ် လမ်းကြုံလိုက်လာသူတွေ ထိခိုက်တာလို့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG