သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးကျည်ကြောင့် ရခိုင်မှာ ဒေသခံတချို့ ထိခိုက်သေဆုံး


ရခိုင်ပြည်နယ်တွင်းက စစ်ဘေးရှောင်ပြည်သူတချို့ (ယခင်မှတ်တမ်းဓာတ်ပုံ)
ရခိုင်ပြည်နယ်တွင်းက စစ်ဘေးရှောင်ပြည်သူတချို့ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ရေးတင်းမာမှုတွေပြန်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ မကြာခဏဆိုသလို ကျေးရွာတွေ အတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး အရပ်သားတွေ ထိခိုက်သေဆုံးနေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျောက်တော်မြို့အနီးမှာအခြေစိုက်တဲ့ မြန်မာစစ်တပ်က တိုက်ပွဲမဖြစ်တဲ့အချိန်တွေမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပေမယ့် စစ်တပ်ဘက်က တုံ့ပြန်တာတော့ မရှိသေးပါဘူး။ လက်နက်ကြီးကျည်တွေကြောင့် ရခိုင်ပြည်နယ်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံးနေတဲ့အကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့ ပီချောင်းဝမှာထိပ်မှာရှိတဲ့ ပီစိကျေးရွာကနေ အိမ်တခုပေါ်ကို မနေ့က ည ၁၁ နာရီလောက်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီးတော့ မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သေဆုံးသူတွေရဲ့ ဆွေမျိုးတဦးဖြစ်တဲ့ ဦးထွန်းတင်က ပြောပါတယ်။

“တိုက်ပွဲမဖြစ်ဘဲ အဲလိုပစ်တာ၊ တပ်မကပစ်တာ ကျနော့်အိမ်လည်း တလုံးကျတယ်၊ နောက်တအိမ်မှာတလုံးကျတယ်၊ ကျနော်အိမ်ကတော့ ဗုံးခိုကျင်းမှာ ဝပ်နေတာ လူတော့ မသေဘူး။ အိမ်ကတော့ အကုန်ပြိုသွားတယ်။ သေသွားတဲ့သူတွေက တလုံးပစ်ပြီးနောက် အိမ်အောက်ကိုဆင်းတဲ့အခါ နောက်ထပ်တလုံး တည့်တည့် လာကျပြီးသေသွားတာ။”-ဖြစ်တဲ့အကြောင်း ရခိုင်စကားနဲ့ ပြောသွားတာပါ။

လက်နက်ကြီးကျည်ကျခဲ့တဲ့ ပီစိကျေးရွာဟာ ကျောက်တော်မြို့ရဲ့မြောက်ဘက် ၂ မိုင်အကွာ ပီချောင်းဝမှာ တည်ရှိပါတယ်။ မနေ့က တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မဟုတ်ဘဲ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာစစ်တပ်ဘက်က လက်နက်တွေနဲ့ ကျေးရွာတွေကို ပစ်ခတ်နေတာကြောင့် ရုပ်သားရွာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေပျက်စီးခဲ့သလို ဒဏ်ရာ သိပ်မပြင်းထန်ပေမဲ့ အရပ်သားတချို့ ထိခိုက် ဒဏ်ရာရခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းကစပြီး မြန်မာစစ်တပ်ဘက်က တိုက်ပွဲမရှိပေမဲ့ မကြာခဏဆိုသလို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ ကျောက်တော် ဒေသခံတဦးကပြောပါတယ်။

“ကျနော်တို့ ကျောက်တော်ဘက်မှာတော့ တော်တော်ကို ဆိုးနေတယ်ဗျာ။ ဒီ ၉ လပိုင်း ၁၉ ရက်နေ့ အဲဒီလောက်ကပဲ လက်နက်ကြီးတွေပစ်နေတာ။ အများအားဖြင့်တော့ စခက ၉ တပ်မ အဲဒီနေရာက ပစ်တယ်။ အဲဒီအနားမှာ ကုလားတန်မြစ် ကမ်းစပ်ရှိတာပေါ့ အဲဒီကမ်းစပ်မှာ နေဗီ ကမ်းထိုးယာဉ်ဆိုတာရှိတယ်။ အဲဒီနေရာက အမြဲတမ်း ညရော နေ့ရော အကုန်လုံးဗျာ အချိန်မရှိဘူး၊ သူတို့ပစ်ချင်ရင် ထပစ်တယ်။ ပြီးတော့ သူတို့ လက်နက်ကြီးတည်ထားတဲ့ တောင်ပေါ်၊ ၉၉ တောင်ပေါ် အဲဒီနေရာတွေက ပစ်တာပေါ့။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ဒီကနေ့အထိ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးတွေအပါအဝင် ဒေသခံကျေးရွာသား ၁၅ ဦး ထက်မနည်း သေဆုံးခဲ့သလို ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ ရခိုင်ဒေသအခြေစိုက် သတင်းဌာနတွေရဲ့စာရင်းတွေမှာ ဖေါ်ပြပါတယ်။

ဒီကိန်းဂဏန်းနဲ့ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့မရရှိသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန် တာလည်း မရှိသေးပါဘူး။

မြန်မာစစ်တပ်ဘက်က သူတို့တပ်တွေက လက်နက်ကြီးတွေနဲ့ လူနေကျေးရွာတွေကို ပစ်ခတ်နေတယ်ဆိုတဲ့ စွစွဲချက်တွေကို ငြင်းပယ်လေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုကျခဲ့တဲ့ ကျည်တွေဟာ ရခိုင် လက်နက်ကိုင်အဖွဲ့ AA နဲ့ ARSA အကြမ်းဖက် အဖွဲ့တွေ ပစ်ခတ်ခဲ့တဲ့ ကျည်တွေဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဘင်္ဂလားဒေ့ရှ် မြန်မာနယ်ခြား တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးမှာတော့ မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဘက်က နောက်နောင် နယ်ခြားကျော်ပစ်ခတ်မှုတွေ၊ ကျည်တွေကျရောက်တာမျိုး မဖြစ်အောင် အာမခံခဲ့တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ်သတင်းတွေမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]













XS
SM
MD
LG