သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲ ပြည်နယ်တောင်ပိုင်းအထိကျယ်ပြန့်လာ


ရခိုင်ပြည်နယ် (MIMU)
ရခိုင်ပြည်နယ် (MIMU)


[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား နေ့တိုင်းနီးပါးတိုက်ပွဲပြင်းထန်နေတယ်လို့ AA ဘက်က ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲတွေဟာ ရခိုင်တောင်ပိုင်းအထိ ကျယ်ပြန့်လာနေတာကြောင့် ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ ပိုမြင့်တက်လာနေတယ်လို့ ရခိုင်အရေးလေ့လာနေသူတွေကပြောပါတယ်။ ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးရ တိုက်ပွဲတွေအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစတဲ့မြို့နယ်တွေရှိရာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ပြေးရှောင်နေကြရပါတယ်။ တိုက်ပွဲ မဖြစ်တဲ့နေရာမှာရှိတဲ့ ကျေးရွာတွေဘက်ကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ သေဆုံးဒဏ်ရာရတာတွေ ရှိနေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“ရခိုင်ဒေသမှာ တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ဆက်ဖြစ်နေတာရှိတယ်။ ရန်သူဘက်ကတော့ လက်နက်ကြီးတွေနဲ့ ရွာတွေကို နေ့တိုင်းနီးပါးပစ်ခတ်တိုက်ခိုက်နေတာတွေရှိတယ်။ အဲလို မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေ တာမို့လို့ ကျွဲနွားတိရစ္ဆာန်တွေ၊ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိတယ်။”

ဖေဖော်ဝါရီလလောက်ကစပြီး မောင်တောမြောက်ပိုင်းကနေ စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား တကျော့ပြန်တိုက်ပွဲတွေဟာ လက်ရှိမှာတော့ ရခိုင်တောင်ပိုင်းအထိ ကျယ့်ပြန် လာနေပါတယ်။ အင်္ဂါနေ့ကဆိုရင်လည်း ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ်က ရွာပကာ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရခိုင်လက်နက် ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခကက ဗွီအိုအေကို ပြောပါတယ်။

“ မနေ့က နိုဝင်ဘာလ ၁ ရက်၊ မနက် ၈ နာရီကနေ ၈ နာရီ ၂၀ အထိ တောင်ကုတ်မြို့နယ် ရွာပကာ ကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၁,၄၀၀ အကွာမှာ ပြည်သူတွေကို လှည့်လည်ပြီးတော့ နေ့စဉ်နေ့တိုင်း ဒုက္ခပေးနေတဲ့ မြန်မာစစ်တပ်ကို ကျနော်တို့ဘက်ကနေ ကြားဖြတ် တိုက်ခိုက်ခဲ့တာရှိတယ်ဗျာ၊ အဲဒီမှာ မြန်မာစစ်တပ်ဘက်က သုံးဦးထက်မနည်း ကျဆုံးပြီးတော့ နောက်ထပ်လည်း သေဆုံးဒဏ်ရာရတာတွေရှိနိုင်သေးတယ်ဗျာ။”

ရခိုင်ပြည်နယ်တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ဖော်ပြောခြင်း ခုထိမရှိသေးပါဘူး။ ဒါပေမယ့် လက်နက်ကြီးတွေနဲ့ လူနေကျေးရွာတွေကို ပစ်ခတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ မြန်မာစစ်တပ်ဘက်က ငြင်းဆန်လေ့ရှိပါတယ်။ ရခိုင်ပြည်နယ်ထဲ စစ်ကောင်စီလက်ထက် တကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်ရဲ့လုံခြုံရေးကို တိုးမြှင့်ထားသလို မြို့နယ်တိုင်းလိုလိုမှာ ဒေသခံတွေရဲ့ ခရီးသွားလာခွင့်တွေနဲ့ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်စစ်ဆေးနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ဒေသခံတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အခုလို တောင်းပိုင်းအထိ တိုက်ပွဲတွေ ကျယ်ပြန့်လာတာကြောင့် ဒေသခံတွေရဲ့ စိုးရိမ်မှုတွေဟာလည်း ပိုမြင့်တက်လာနေတယ်လို့ ရခိုင်အရေးစောင့်ကြည့်နေသူ ကိုထွန်းကြည်ကပြောပါတယ်။

“ အခု ဧည့်စာရင်းကို အကြောင်းပြပြီးတော့ မြို့ပေါ်တွေမှာ စကစ ဘက်က ဝင်ဖမ်းနေတာတွေရှိတယ်။ တက်ကြွလှုပ်ရှားသူအများစု နိုင်ငံရေးသမားတွေလည်း အကုန်လုံးနီးပါးတိမ်း ရှောင်နေရတာရှိတယ်။ ဒေသခံတွေ စိုးရိမ်နေရတယ်ဆိုတာကတော့ အရင်ကတည်းက တိုက်ပွဲဖြစ်လာပြီး နောက်ပိုင်းမှာ တောက်လျှောက် လူတွေကို လိုက်ဖမ်းနေတဲ့အတွက် စိုးရိမ်မှုက လူတိုင်း မှာရှိနေတယ်။ စစ်ကောင်စီဘက်ကလည်း ဒီတကျော့ပြန်တိုက်ပွဲဖြစ်လာပြီးနောက်ပိုင်းမှာ ပိုပြီးတော့ လုပ်လာတယ်။”

AA နဲ့ စစ်တပ်ကြားတိုက်ပွဲတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်တွေကျရောက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေရှ့်ဘက်က မြန်မာသံအမတ်ကိုခေါ်ယူ သတိပေးမှုတွေ ရှိပါတယ်။ စစ်တပ်ဘက်ကတော့ ဒီကျည်တွေဟာ AA နဲ့ ARSA အကြမ်းဖက် အဖွဲ့တွေ ပစ်ခတ်ခဲ့တဲ့ကျည်တွေဆိုပြီး တုံ့ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဘင်္ဂလားဒေ့ရှ် မြန်မာနယ်ခြား တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးမှာတော့ မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဘက်က နောက်နောင် နယ်ခြားကျော်ပစ်ခတ်မှုတွေ၊ ကျည်တွေ ကျရောက်တာမျိုး မဖြစ်ပွားအောင် အာမခံခဲ့တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

===============
[[Unicode]]










XS
SM
MD
LG