သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငသိုင်းချောင်းက စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်က တိုက် 


Photo released by AA Info Desk: Arakan Army Attacking Myanmar Junta Outposts at Irrawaddy Division
Photo released by AA Info Desk: Arakan Army Attacking Myanmar Junta Outposts at Irrawaddy Division

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့အနီး စစ်ကောင်စီ အမြောက်တပ် ၃၄၄ နဲ့ အာရက္ခတပ်တော် AA အကြား အပြန်အလှန်ပစ်ခတ်နေပြီး အနီးတဝိုက် ကျေးရွာတွေမှာ နေထိုင်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ လက်နက်သံတွေ ကြားနေရပြီး တိုက်ပွဲတွေ ပိုပြီး ကျယ်ပြန့်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဧရာဝတီတိုင်းအတွင်းက စစ်ရေးအခြေအနေ သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ဧရာဝတီတိုင်းအတွင်းမှာ တိုက်ပွဲတွေ စဖြစ်နေပြီး ငါးသိုင်းချောင်းမြို့နားအထိ ရောက်လာနေတဲ့အကြောင်း ဒေသခံတွေက ပြောကြပါတယ်။ ငါးသိုင်းချောင်း၊ မြောက်စမ်းရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ် ၃၄၄ အနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ပစ်ခတ်သံတွေ ကြားနေရနေတယ်လို့ ငါးသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။

"အခုက ဘယ်လိုမှန်းတောင် မသိဘူး။ ဘယ်လိုမှန်းတောင် မသိဘူးဆိုတာ ၂၄ လောက်ကို အမြောက်တပ်ကို သိမ်းမယ်ပေါ့။ အမြောက်တပ်ဆိုတာ ကုန်းမြင့် ဟိုဘက်နားမှာ။ အမြောက်တပ်ကို သိမ်းမယ်ဆိုရင်တော့ ကျော်မယ်ပေါ့။ မြို့ဘက် နီးသွားတာပေါ့နော်။ အဲဒါမျိုး တကယ်လို့ဖြစ်ခဲ့ရင် ဒီဘက်ကျော်နိုင်တယ်ပေါ့။"

အာရက္ခတပ်တော် AA ဘက်က အမြောက်တပ်ကို ဦးတည်တိုက်ခိုက်နေတဲ့အကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ အင်အားဖြည့်တင်းနေပြီး ရေနံသာဂိတ်ကနေ အထိုင်ချပြီး လက်နက်ကြီးနဲ့ ပစ်ခတ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၈၊ မနေ့ကအထိ ပစ်ခတ်သံတွေ ကြားနေရပြီး၊ ဒီကနေ့ နေ့လည်အထိတော့ ငြိမ်နေတယ်လို့ ပြောပါတယ်။

"ကွင်းကျောင်းရဲ့ ဟိုးဘက်က ရွာတွေအထပ်ထပ် တောလမ်းနေရာ တောင်ခြေနားပေါ့။ ညတုန်းက အသံကြားရတယ်၊ ပစ်တာခတ်တာတွေ။ ဒီနေ့ကတော့ အကြားနည်းတယ်။ မနေ့ကတုန်းက ကြားရတယ်။"

စစ်ရေးအခြေအနေကြောင့် အနီးတဝိုက် ကျေးရွာတွေမှာ နေထိုင်သူတွေ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ငါးသိုင်းချောင်းမြို့ထဲမှာတော့ အခုလက်ရှိအချိန်အထိ ပစ်ခတ်သံတွေ ကြားရတာကလွဲရင် မြို့တွင်းအခြေအနေ တည်ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုရက်ပိုင်းထဲ ဖြစ်ပွားနေတဲ့ ငါးသိုင်းချောင်းမြို့နားက အမြောက်တပ် ၃၄၄ အနီး ပစ်ခတ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီ ၂ဖက်လုံးက တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG