ရခိုင်ပြည်နယ် အမ်းမြို့က အုပ်ချုပ်ရေးဌာနအားလုံးနဲ့ လေဆိပ်ကို သိမ်းလိုက်ပြီး၊ စစ်ဌာနချုပ်ကိုပါ ဆက်သိမ်းမယ်လို့ အာရက္ခတပ်တော် AA က ပြောပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကြီးရှိတဲ့ ဒီအမ်းမြို့မှာ ဒီစစ်ဌာနချုပ်စခန်းကလွဲလို့ တခြားစစ်စခန်းတွေနဲ့ ဌာနဆိုင်ရာအားလုံးကို သိမ်းထားပြီးပြီလို့၊ AA အာရက္ခတပ်တော် ပြောခွင့်ရ ခိုင်သုခက VOA ကို ဒီနေ့ အတည်ပြုပြောပါတယ်။
"အမ်းမှာတော့ နေရာအားလုံးတော့ ကျနော်တို့ သိမ်းထားပြီ။ နပခဌာနချုပ်ကွင်းတခုပဲ ကျန်တော့တယ်။ ကျန်တဲ့ဟာတွေကတော့ မြို့ပါ အခြားဌာနဆိုင်ရာတွေအားလုံး၊ ဘေးက ကာကင်းစခန်းတွေအားလုံးကို သိမ်းပြီးထားပြီ။ လေဆိပ်လည်း သိမ်းပြီးသွားပြီ။ ဆိုတော့ နောက်ဆုံးကျန်ခဲ့တာက တော့ နပခဌာနချုပ်။ အဲဒါကိုလည်း ကျနော်တို့ ဆက်ပြီတော့ အလုံးဆုံးသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက် ဆက်ပြီးတော့ ထိုးစစ်ဆင်နေတာ ရှိပါတယ်။"
အခုတပတ်ထဲမှာပဲ နပခကလွဲလို့ အမ်းက စခန်းအားလုံးကို သိမ်းနိုင်ခဲ့တာလို့ ခိုင်သုခက ပြောပြပါတယ်။ စစ်ကောင်စီဘက်ကတော့ AA အဝိုင်းခံထားရတဲ့ နပခစခန်းကြီး ကျမသွားရေး စစ်ကူတွေ အမြန်အဆန် ပို့နေတယ်လို့ စစ်ရေး စောင့်ကြည့်နေသူတွေကလည်း ပြောပါတယ်။ မကွေးဘက် အမ်း-ပဒါန်းလမ်း ကနေပါ စစ်ကူတွေ ဆက်ပို့နေချိန်၊ မကွေးအခြေစိုက် တပ်မ (၈၈) က တပ်တွေ စစ်ကူတက်လာတာကိုလည်း AA ဘက်က ကြားဖြတ်ရှင်းလင်းနိုင်ခဲ့ပြီး၊ စစ်ကူ ဆက်မရောက်အောင်လည်း တိုက်ခိုက်သွားမယ်လို့ ခိုင်သုခက ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက် ရက်စွဲနဲ့ AA ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း အခုလို အမ်းမှာ သိမ်းပိုက်တိုက်ခိုက်နေတာတွေကို ထည့်ပြောထားပြီး၊ မောင်းတောဘက်မှာလည်း နောက်ဆုံးကျန်တဲ့ နယ်ခြားစောင့် ရဲတပ်စခန်း နခခ (၅) ကို မကြာမီ သိမ်းနိုင်တော့မယ့် အခြေအနေ ရောက်နေပြီလို့ ပြောထားပါတယ်။
Forum