သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ခေါင်းဆောင်တွေကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲ


ရခိုင့်တပ်တော် AA ရဲ့စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (မေ၊ ၀၆၊ ၂၀၁၅)
ရခိုင့်တပ်တော် AA ရဲ့စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (မေ၊ ၀၆၊ ၂၀၁၅)

မြန်မာစစ်တပ်နဲ့ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင် AA တပ်ဖွဲ့ထိပ်သီးခေါင်းဆောင် ငါး ဦးကို ရခိုင်ပြည်နယ် စစ်တွေ ခရိုင်တရားရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတယ်လို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးကနေ တရားစွဲဆိုတာဖြစ်ပြီး ဇူလိုင်လဆန်းမှာ စစ်တွေခရိုင်တရားရုံးမှာ အမှုဖွင့် ထားတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် စုံစမ်းမေးမြန်းထားပါတယ်။

ရခိုင့်တပ်တော် AA ရဲ့စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် AA ထိပ်ပိုင်းခေါင်းဆောင် ငါး ဦးကို စစ်တွေ ခရိုင် တရားရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုထားတယ်လို့ ရှေ့နေ ဒေါ်အေးနုစိန်က ဗွီအိုအေကို ပြောပါတယ်။

“မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာက ငှက်ဖျားမိတယ်ဆိုပြီးတော့ ညီပုလေးဆိုတဲ့ ကောင်လေး တ ယောက်ကို မြောက်ဦးကို လာပို့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒီမတ်လအတွင်းက လူ ၁၃ ယောက်ကို ဖမ်းတယ်။ နေမကောင်းတဲ့ လူက တပ်မတော်ရဲ့ လက်ထဲမှာပဲ ဆုံးသွားတယ်။ ကျန် ၁၂ ယောက်ကို ဒုရဲမှူးအောင်သူရက မြောက်ဦး ရဲစခန်းမှာ အမှုဖွင့်တယ်။ အဲဒီတိုင်ချက်မှာ ဒီလူမမာကို လာပို့တဲ့ ဒီ ၁၂ ဦးကို AA တပ်မတော်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုစစ်ဦးချုပ် ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်၊ ခိုင်သုခတို့က အောင်မင်္ဂလာမှာ နေတဲ့ စံရွှေမောင်ဆီက တဆင့် အကွက်ကျကျ စေခိုင်း တဲ့အတွက် ဒီလူတွေကိုပါ အကြမ်းဖက်ဥပဒေအရ အရေးယူပေးပါဆိုပြီးတော့ အမှုဖွင့်တယ်။ ဖမ်းမိတဲ့ ၁၂ ယောက်နဲ့ ဖမ်းမမိတဲ့ ဒီ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါ ငါး ဦးကို အမှု နှစ် မှု ခွဲလိုက်တယ်။ တမှုက မူလ အမှု ၄၉၆/၂၀၁၆။ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ က ။ နောက်တမှုက ရာဇဝတ်အထွေထွေ ၅၂ က/ ရာဇဝတ် ဥပဒေကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အဲဒါက တရားခံပြေး အမှု။”

ပြီးခဲ့တဲ့ မတ်လတုန်းက မင်းပြားမြို့နယ်၊ ပန်းမြောင်းတိုက်နယ်၊ သပေါ့စာတဲစုမှာ နေထိုင်တဲ့ ဖျားနာသူတဦးကို မြောက်ဦး ဆေးရုံကို ပို့ဆောင်ခဲ့စဉ် တပ်မတော်ကနေ ဖမ်းဆီးအမှုဖွင့်ထားတဲ့ ကျောင်းတောင်ရွာသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်စဉ် AA ခေါင်းဆောင်တွေကိုပါ အမှုဖွင့်ထားကြောင်း တွေ့ရှိရတယ်လို့ ကျောင်းတောင်ဒေသခံများ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဒေါ်အေးနုစိန်က ဆိုပါတယ်။

ဒေါ်အေးနုစိန်ဟာ အမှုလိုက်ရှေ့နေ တဦး ဖြစ်သလို ရခိုင်အမျိုးသားပါတီရဲ့ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် တဦးလည်း ဖြစ်ပါတယ်။

လက်ရှိအစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ကာလမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုထားတာဟာ လက်ရှိကြိုးပမ်းနေတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နဲ့ အလှမ်းဝေးနေဦးမယ်လို့လည်း သုံးသပ်ထားပါတယ်။

“ဒီလိုလုပ်ထားတယ်ဆိုကတည်းက ငြိမ်းချမ်းရေးက အလှမ်းဝေး။ တရားခံပြေးအဖြစ်အမှု ဆွဲဆိုထားတယ်ဆိုတာ ဒါဟာ နှောင်ကြိုး တခု လို ကန့်သတ်ထားလိုက်တဲ့ သဘောမျိုး ရောက်နေတာပေါ့လေ။

AA ထိပ်ပိုင်းခေါင်းဆောင် ငါး ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုထားတဲ့ ကိစ္စအပေါ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ မသိရှိဘူးလို့ ဆိုပါတယ်။

ရခိုင်တပ်တော် AA ပြန်ကြားရေး တာဝန်ခံခိုင်သုခကတော့ အစိုးရရဲ့ သဘောထား လုပ်ဆောင်ချက်ဟာ ယုံကြည်မှုအတွက် အကောင်းဘက်ကို ဦးတည်တာမရှိဘူးလို့ ဆိုပါတယ်။

“အခုလက်ရှိရှိနေတဲ့ အစိုးရရဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပေါ်မှာ သူတို့ထားတဲ့ စိတ်နေသဘောထားကို ဖေါ်ပြနေတဲ့ အချက်တချက်ပေါ့နော်။ ယုံကြည်မှု ပျက်ပြားစေတဲ့ အပြောအဆို၊ အလုပ်အကိုင်နော် အဲတာမျိုးတွေ လုပ်နေတဲ့ဥစ္စာကတော့ ဘယ်လိုမှ အကောင်းဘက်ကို ဦးမတည်ဘူးဆိုတဲ့ ဥစ္စာတော့ မြင်တွေ့နိုင်တာပေါ့နော်။”

ဒါ့အပြင် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခရဲ့ ဆွေမျိုးအပါအဝင် လူ သုံး ဦးကို မိုင်းကွဲမှု သံသယနဲ့ တပ်မတော်ကနေ ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း သတင်းတွေ ပေါ်ထွက်နေတာပါ။

အမ်းမြို့နယ် ဓါတ်တော်ကျေးရွာက ရွာသား သုံး ဦးကို ဇူလိုင် ၆ ရက်နေ့မှာ တပ်မတော်က ဖမ်းဆီးထားပြီး လက်ရှိစစ်ဆေးနေဆဲလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“ကျနော်တို့ ဓါတ်တော်ရွာအနားမှာ လွန်ခဲ့တဲ့ လ ကပေါ့။ အုပ်ချုပ်မှုယာဉ်တန်း တခုကို မိုင်းခွဲ တိုက်ခိုက်ခံရတာလေး ရှိတယ်။ အဲဒီအပေါ်မှာ မသင်္ကာလို့ဆိုပြီးတော့မှ ကျနော်တို့ကို သတင်းပေးတဲ့ သူက ဒီလူ ဒီလူတွေနဲ့ ဆက်စပ်နိုင်တယ် ဆိုပြီးတော့မှ အဲဒီလို သတင်းပေးလို့ သူတို့ကို မသင်္ကာလို့ ခေါ်ပြီးတော့မှ မေးမြန်းတာပဲ ရှိတယ်ဗျ။ သုံး ဦးပါ..ခင်ဗျ သုံးဦး။ ဒီဟာနဲ့ ပါဝင်ပတ်သက်မှု မရှိဘူး၊ ဆက်စပ်မှု မရှိဘူးဆိုရင် သူတို့ကို ပြန်လွှတ်မှာပါ။"

ပြီးခဲ့တဲ့မေလ၁၂ရက်နေ့က အမ်းမြို့နယ် ဓါတ်တော်ကျေးရွာအနီးမှာ တပ်မတော်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသင်္ကာမှုနဲ့ စစ်ဆေးခံနေရတာပါ။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေကို မသင်္ကာမှုနဲ့ ဖမ်းဆီးအရေးယူခံရမှုတွေ များပြားလာနေပါတယ်။

AA နဲ့ ဆက်စပ်တယ်ဆိုပြီး မသင်္ကာမှုနဲ့ မြန်မာစစ်တပ်က စစ်ဆေးမှုအတွင်း သေဆုံးသူ ၁၅ ဦး ရှိလာနေပြီးလို့လည်း ရခိုင်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေကနေ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ရခိုင်ဒေသခံ ၆၀ ကျော် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၁၈၀ ကျော်နဲ့ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်ခန့် ရှိနေတယ်လို့ ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ စာရင်းကောက် ယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG