သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းဆီးခံ အရပ်သား ၂၅ ယောက် AA အဖွဲ့ပြန်လွှတ်


(ဓါတ်ပုံ- ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန)
(ဓါတ်ပုံ- ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi/Unicode)

အောက်တိုဘာ ၂၆ ရက်နေ့က ရွေနဒီအမြန်ယာဉ်ပေါ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ခေါ်ယူထိန်းသိမ်းထားတဲ့ သူတွေထဲက တစ်ချို့ကို စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီး ဒီကနေ့မနက် ၆နာရီလောက်မှာ ပြန်လွှတ်လိုက်ပြီးလို့ AAအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။ ပြန်လွှတ်လာတဲ့သူတွေကတော့ AA အဖွဲ့က သူတို့ကို စစ်ဆေးမေးမြန်းတာတွေ ရှိပေမယ့် ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ VOA သတင်းထောက် ကိုသက်နိုင်က ဆက်လက်တင်ပြမှာဖြစ်ပါတယ်။

ရခိုင်လက်နက်ကိုင် AAအဖွဲ့က ရွေနဒီအမြန်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၁၁ ရက်အကြာမှာ ပြန်လွှတ်ပေးလိုက်တာပါ။ ဖမ်းဆီးထားသူတွေထဲက အရပ်သား ၂၅ ယောက်ကို ဒီကနေ့မနက် ၆နာရီလောက်မှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ AAပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“လွှတ်ပေးတဲ့ နေရာကတော့ ဘူးသီးတောင်မြို့နယ်၊ ငွေတောင်ရွာဘုန်းကြီးကျောင်းမှာ။ ငွေတောင်ရွာ အုပ်ချုပ်ရေးမှူး လက်ထဲကို ကောင်းကောင်း လွဲပြောင်းပြီးတော့ လွှတ်ပေးခဲ့တာဖြစ်တယ်။ ပြီးတော့ ခရီးစရိတ်အနေနဲ့ တစ်ယောက်ကို ငွေကျပ်တစ်သောင်းငါးထောင် ပေးလိုက်တယ်။ ပြီးလို့ရှိရင် သူတို့လာတုန်းကပါလာတဲ့ ဖုန်းတွေ၊ တစ်ခြားပစ္စည်းတွေ အားလုံးကိုလည်း ပြန်ပေးလိုက်တယ်။”

ဖမ်းဆီးခံနေရစဉ်အတွင်း သူတို့ကို ကောင်းကောင်းမွန်မွန် ထားပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့ ပြန်လည်လွှတ်မြောက်လာသူ ရသေ့တောင်မြို့နယ်က ကိုဇော်ဝင်းဦးက ပြောပါတယ်။

“ ကျနော်တို့ကို သူတို့ ဖမ်းစီးထားတာကတော့ စုစုပေါင်း ၁၁ရက်ရှိတယ်။ ပြီးတော့ သူတို့က ကျနော်တို့ကို ဂရုစိုက်တယ်။ ကျန်းမာရေးဆိုလည်း ဂရိုစိုက်ပေးတယ် နောက်ထပ် အစားအစာနဲ့ ပတ်သတ်ပြီးတော့ သူတို့က ဂရုစိုက်ပေးတယ်။ ကျနော်တို့ အကုန်လုံး အဆင်ပြေပါတယ်။ စစ်ဆေးတာလည်း သိပ်ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ဘယ်ကလဲ မင်းတို့ ဘူးသီးတောင်ကို ဘာသွားလုပ်တာလည်း အဲလောက်ပါပဲ ရှည်ရှည်ဝေးဝေးတော့ သိပ်မမေးပါဘူး။ ”

အောက်တိုဘာ ၂၆ ရက်နေ့က ရွှေနဒီအမြန်ယာဉ်ပေါ်ကလူတွေကို စတင်ဖမ်းဆီးသွားပြီး နာရီပိုင်းအကြာမှာဘဲ တပ်မတော်က လေကြောင်းကနေ လိုက်လံတိုက်ခိုက်ခဲ့တဲ့အတွက် AA အဖွဲ့ဝင်တချို့နဲ့ ရွှေနဒီပေါ် ပါလာသူတချို့ အသက်ဆုံးရှုံးခဲ့ကြောင်း AA အဖွဲ့က နောက်တနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်က လိုက်လံပစ်ခတ်စဉ် သူတို့ ကြုံတွေ့ခဲ့ရတဲ့အခြေအနေကေိုတော့ အခုပြန်လွှတ်လာသူတဦးက အခုလို ပြောပါတယ်။

“ ကျွန်တော်တို့ တွေ့ကြုံရတာကတော့ သေနတ်သံတွေနဲ့ ဖြတ်သန်းရတယ် အဲတာပဲ ”

အခင်းဖြစ်တဲ့နေ့မှာ တပ်မတော်က လေယာဉ်နဲ့ လိုက်လံတိုက်ခိုက်နေစဉ်အတွင်းမှာ ထွက်ပြေးလွှတ်မြောက်လာသူ ၁၅ ဦးရှိတယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပါတယ်။ AA အဖွဲ့ကတော့ အဲဒီအချိန်က နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ဝရုန်းသုန်းကားဖြစ်နေတာကြောင့် ပြန်လွတ်သူအရေအတွက် အတိအကျကို မသိရဘူးလို့ ဆိုပါတယ်။

အခု ပြန်လွတ်လာတဲ့ ၂၅ ယောက်ထဲတွင် ရသေ့တောင်မြို့နယ်က နှစ်ယောက်၊ စစ်တွေမြို့နယ် ကတစ်ယောက်နဲ့ ကျန်တဲ့သူတွေအများစုဟာ ဘူးသီးတောင်မြို့နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ပြန်လွတ်လာတဲ့ သူတွေကို ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့် ၃မှာ ခေါ်ယူပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

“ ဦးတို့က အိုးသယ်မကနေ သူတို့ကို ကားနဲ့ခေါ်လာတယ်။ ကားနဲ့ ခေါ်လာပြီးတော့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ကိုလာတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို အလာမှာ ရဲတပ်ဖွဲ့ကနေပြီးတော့ စစ်ဆေးစရာရှိတယ်ဆိုပြီး နယ်ခြားစောင့် ၃ကို ခေါ်လာခဲ့တယ် သူတို့ကို ရသေ့တောင်မှာ အမူဖွင့်ထားတယ်လို့တော့ပြောတယ် ဒီအမူနဲ့ပတ်သတ်ပြီး သက်သေခံပစ္စည်းတွေ ရှိတယ် လှေပေါ်မှာ ကျန်ခဲ့တဲ့ သက်သေခံပစ္စည်းတွေ အဲဒီပစ္စည်းတွေကိုစစ်ဆေးပြီးမှ အမူကို ပြန်အတိုင်းအရဆောင်ရွက်မယ့် ကိစ္စတွေရှိတာကြောင့် မြို့နယ်နယ်ရုံးကနေ နယ်ခြားစောင့် ၃ကိုခေါ်လာတယ်။ ဦးတို့လည်း အတူပါလာတယ်။ အခုသူတို့ကို တစ်ယောက်ချင်း စစ်ဆေးနေတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးထားတဲ့သူတွေထဲက နောက်ထပ် ကျန်ရှိနေတဲ့ သူတွေကတော့ အသေးစိတ်ကို အခုချိန် ပြောပြလို့ မရသေးဘူးလို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကပြောပါတယ်။

“ အဲဒီမှာနောက်ထပ်ကျန်တဲ့ သူတွေကတော့ စစ်ဘက်နဲ့ ပတ်သတ်တဲ့ သူတွေပေါ့ အဲဒီလူတွေကိုတော့ ကျွန်တော်တို့က ဆက်ပြီးတော့ ထိန်းသိမ်းထားရဦးမယ်။ သူတို့ကိုတော့ လူဦးရေအတိအကျတော့ ကျွန်တော်တို့ ပြောပြလို့မရဘူး ဒါကတော့ စစ်ဘက်နဲ့ ပတ်သတ်တဲ့ လုံခြုံရေး ကိစ္စဖြစ်နေတော့ လောလောဆယ်တော့ ဖွင့်ပြောဖို့တော့ မရှိသေဘူးဗျ။”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်လာနေတာနဲ့အမျှ အရပ်သားပြည်သူတွေကို တပ်မတော်ကရော ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကပါ ဖမ်းစီး စစ်ဆေးတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


.............................


(Unicode)















XS
SM
MD
LG