သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းခံရတဲ့ သမီးဖြစ်သူ AA ခေါင်းဆောင်ဇနီးနဲ့ ဖခင်အဆက်အသွယ် မရ


 AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

(Zawgyi/Unicode)

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇော်ဖြူနဲ့ သားသမီး နှစ်ဦးကို ထိုင်းနိုင်ငံ၊ မယ်ဆိုင် လဝကရုံးမှာ ဖမ်းဆီးထားပြီး မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် သမီးဖြစ်သူနဲ့ အဆက်အသွယ်မရတာ ဆယ်စုနှစ်နဲ့ ချီနေပြီလို့ မနှင်းဇော်ဖြူရဲ့ ဖခင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောပါတယ်။

အခုလို မိသားစုတွေ တကွဲတပြားစီဖြစ်ပြီး ဖမ်းဆီးခံရတာနဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ရေး တင်းမာမှုတွေ ဖြစ်ပေါ်နေတာတွေဟာ တိုင်းပြည်မှာ ငြိမ်းချမ်းရေးမရသေးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့လည်း ဦးစံကျော်လှက ပြောပါတယ်။ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ သမီးဖြစ်သူ ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ တိုင်းပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအကြောင်း သူက အခုလို စပြောပါတယ်။

ဦးစံကျော်လှ။ ။ သိသွားတာကတော့ နေ့လည်ဘက်က နိရဉ္စရာသတင်းမှာတက်တယ် သတင်းက။ အဲဒီသတင်းပါလာမှ ထိုင်းဘက်မှာ သမီးနဲ့ ကလေးနှစ်ယောက် အဖမ်းခံထားရတယ်ဆိုတာ သိရတယ်။ အဲဒါကလွဲလို့ ဒီဘက်ကို ပို့မယ်၊ မပို့ဘူးဆိုတာကို တခုမှ မသိသေးဘူး။

မေး။ ။ ဆရာနဲ့နောက်ဆုံး ဘယ်အချိန်က အဆက်အသွယ်ရလဲဆရာ၊ သမီးနဲ့။

ဦးစံကျော်လှ။ ။တခါမှမရသေးဘူး၊ အခုထိ။

မေး။ ။သူတို့သွားတာ ကြာပြီလားဆရာ၊ ဘယ်လောက်လောက် ကြာပြီလဲ။

ဦးစံကျော်လှ။ ။အနည်းဆုံးတော့ နှစ်ပေါင်း ၁၀ လောက် ရှိမယ်ထင်တယ်၊ သမီးနဲ့ မပြောဖြစ်တာ၊ မတွေ့တာ။ တွေ့ရင်တောင်မှ မှတ်မိမလားဆိုတာ မနည်းစဉ်းစားယူရဦးမယ်။

မေး။ ။အခုလိုမျိုး သတင်းတွေထွက်လာတော့ ဆရာ့အတွက်ရော ဘာများ၊ ဆရာ့ကို မေးတာမြန်းတာတို့ ရှိလဲ။

ဦးစံကျော်လှ။ ။အခုတော့ တခုမှမရှိပါဘူး။ စိတ်လည်းမပူပါဘူး၊ ဒါကတော့။ ကံကြမ္မာအတိုင်းဘဲလေ။ ဖြစ်လာပြီဘဲ ဖြစ်ချင်တာဖြစ်။ ငါတို့က ဗုဒ္ဓဘာသာဆိုတော့ ကံကြမ္မာရဲ့ အဆုံးအဖြတ်အတိုင်းဘဲပေါ့ကွာ။ ကိုယ်လုပ်လို့ရတဲ့ကိစ္စမှ မဟုတ်တာ။

မေး။။သမီးအတွက် ဆရာဘာများလုပ်ပေးနိုင်တာရှိမလဲ။

ဦးစံကျော်လှ။ ။မြန်မာနိုင်ငံရဲ့အနေအထားမှာ ငါဘာမှ လုပ်လို့မရဘူး။ လွှတ်တော်ဥက္ကဌဆိုတာလည်း ဘာမှမဟုတ်ဘူးကွာ။

မေး။ ။ဆရာလည်း အခု (ရခိုင်ပြည်နယ်မှာ) တောက်လျှောက်ဖြစ်နေတဲ့ကိစ္စမှာ ဆရာလည်း ကြားထဲကနေပြီးတော့ နေရထိုင်ရခက်မှာဘဲနော်။ အခုလိုမျိုး ဖြစ်နေကြတော့။

ဦးစံကျော်လှ။ ။ဒါပေါ့၊ ဒါပေါ့။ အဲဒီလိုတော့ ဟိုဘက်၊ ဒီဘက် ရှောင်ရတာတော့ ခက်တာပေါ့ကွာ။

မေး။ ။ ပြည်ထောင်စုအစိုးရနဲ့ရော ဆရာ၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အခုလတ်တလောဖြစ်တာမှ မဟုတ်ဘဲနဲ့ အရင်ကရော ပြောရ၊ ဆိုရတာတွေ ရှိသလား ဆရာ။ သားမက်ကလည်း (AA ဥက္ကဌ) ဖြစ်နေတယ်။

ဦးစံကျော်လှ။ ။ပြည်ထောင်စုအစိုးရနဲ့ငါနဲ့ တခုမှ အဆက်အသွယ်မရှိဘူး။ ငါလည်းသူတို့ကို မဆက်သွယ်ဘူး၊ သူတို့ကလည်း ငါ့ကို မဆက်သွယ်ဘူး။

မေး။ ။ ဒီကိစ္စကို လုံး၀ ပြောစရာမရှိခဲ့ဘူးပေါ့နော် ဆရာ၊ အခုဖြစ်နေတဲ့ကိစ္စတွေမှာ။

ဦးစံကျော်လှ။ ။ ငါ ပြည်ထောင်စုအစိုးရကို တခါမှ ငါ့ဘက်ကလည်း တခါမှ မပြောခဲ့သလို၊ ပြည်ထောင်စုအစိုးရဘက်ကလည်း ငါ့ဘက်ကို တခါမှ မပြောခဲ့ဘူး။

မေး။။ ကျနော်တို့က သမားရိုးကျ စဉ်းစားကြည့်တာပါ။ ဆရာလည်းသိတဲ့အတိုင်း သားမက်ကလည်း AA အဖွဲ့မှာ ဥက္ကဌ ဖြစ်နေတယ်။ လုပ်ငန်းအရ မေးတာ၊ မြန်းတာ၊ ဒါမှမဟုတ်လည်း သံသယရှိတာမျိုး။ အဲဒီလိုမျိုးများ ရှိမလားလို့ သာမန်လူတယောက်အနေနဲ့ စဉ်းစားကြည့်တာပါ ဆရာ။

ဦးစံကျော်လှ။ ။ အစိုးရဘက်ကလည်း အခုထိ အဲဒီလိုအရိပ်အရောင်မျိုး ငါ့ဆီကိုပြတာ တခုမှ မရှိဘူးကွ။ ဘာတခုမှ ပြတာလည်း မရှိဘူး။ ဒီဘက်မှာရှိတဲ့ ဒီအစိုးရအဖွဲ့နဲ့ ငါနဲ့ဆိုလည်း ဘာဘဲပြောပြော အဆင်ပြေတာဘဲ။

မေး။ ။ လွှတ်တော်ထဲမှာလည်း ပုံမှန်လုပ်ငန်းတွေ လုပ်နေရတာဘဲ လွှတ်တော်ဥက္ကဌ တယောက် အနေနဲ့နော်။

ဦးစံကျော်လှ။ ။ ငါတို့ကတော့ လုပ်သင့်တာကို လုပ်တာပေါ့ကွာ၊ ကိုယ့်လူမျိုးအတွက်။ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် ငါတို့က လုပ်သင့်တာ၊ ပြောသင့်တာ၊ ဆိုသင့်တာကို ဥပဒေဘောင်ထဲကနေ ငါတို့က ပြောနေတာ။

မေး။ ။ ဆရာ ဘယ်လောက်အထိများ ဘာတွေများ လုပ်ပေးခဲ့ပါသလဲ အခု ဒီ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့။ AA နဲ့ဘဲ ဖြစ်ဖြစ်ပေါ့နော်၊ ပြည်နယ်ထဲမှာ ကိုယ့်လူမျိုးအတွက်။

ဦးစံကျော်လှ။ ။ ရှိတယ်။ AA နဲ့ပတ်သက်တဲ့ ပဋိပက္ခတွေမှာ ငါတို့ကတော့ ငြိမ်းချမ်းရေးကို မျှော်လင့်တာဘဲ။ ဖြစ်သမျှအားလုံး အကြောင်းတွေဟာ ငြိမ်းချမ်းရေးမရလို့ ဖြစ်တာဘဲ။ ဒီနေရာမှာ ငါ့သမီး၊ သူ့သမီး၊ ဘယ်သူ့သမီး၊ ဘယ်သူ့သား၊ ဒါနဲ့မဆိုင်ဘူး။ ဖြစ်တဲ့အကြောင်းအရာဟာ ငြိမ်းချမ်းရေးမရလို့ ဖြစ်တဲ့ကိစ္စတွေဘဲ။ ငြိမ်းချမ်းရေးမရတဲ့အတွက် ဒီကိစ္စတွေမှာ ဘယ်သူ ပတ်သက်ပြီးတော့ ပါဝင်လာမလဲဆိုတာကိုတော့ ပြောလို့မရဘူး။ အခုဒီမှာ သေကြတယ်၊ ခိုက်ကြတယ်၊ ပြေးကြတယ်၊ လွှားကြတယ်၊ ဒုက္ခတွေဖြစ်ကြတယ်ဆိုတာ ဒါဟာ ငြိမ်းချမ်းရေးမရလို့ ဖြစ်တာပေါ့။

မေး။ ။ လူထုလဲ နစ်နာလှပြီ၊ တော်တော်အထိနာလှပြီ။

ဦးစံကျော်လှ။ ။ ငါ့သမီးအဖမ်းခံရတယ်၊ ငါ့မြေးတွေ အဖမ်းခံရတယ်။ ဒါဟာ ငြိမ်းချမ်းရေးမရလို့ ဖြစ်တာဘဲကွာ။ ငြိမ်းချမ်းရေးရရင် ဒါတွေဟာ တခုမှဖြစ်စရာအကြောင်းမရှိဘူး။ သေချာတာက မင်းတို့၊ ငါတို့ဟာ၊ မင်းတို့၊ ငါတို့ရဲ့နိုင်ငံမှာ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားရမှာကလွဲလို့ တခုမှ မရှိဘူး။ ငြိမ်းချမ်းရေးမရဘူးဆိုရင် ဘယ်သူအဖမ်းခံရမလဲဆိုတာ ဘယ်သူမှ ပြောလို့မရဘူး။ ဘယ်သူသေမှာဆိုတာကိုလည်း ဘယ်သူမှ ပြောလို့မရဘူး။

မေး။ ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း ရပ်လိုက်၊ နောက်ဆုတ်သွားလိုက်၊ ရှေ့မတိုးလာလိုက်၊ ဒီအတိုင်းဘဲ ရပ်တန့်နေလိုက် ဖြစ်နေတော့ ဆရာအခုဒီ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ထဲမှာလည်း အေအေက ပါနေတော့ အဲဒီဆွေးနွေးပွဲကလည်း နောက်ဆုံး တစ်ခံနေတဲ့သဘော ဖြစ်တာပေါ့နော်၊ NCA လမ်းကြောင်းမှာ၊ အစိုးရသွားနေတဲ့ လမ်းကြောင်းပေါ့။ အခု အဓိက ဒီ ဆွေးနွေးပွဲမှာ ညှိနှိုင်းလို့မရဘူးဖြစ်နေတာက လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့၊ အေအေအပါအဝင်ပေါ့၊ တပ်မတော်နဲ့ ညှိနိုင်းလို့ မရဘူးဖြစ်နေတော့ အဲဒီ နှစ်ဘက်ကို၊ အေအေကိုရော၊ တပ်မတော်ကိုရော ဆရာဘာများပြောချင်ပါသလဲ ဆရာ။ ငြိမ်းချမ်းရေးရလာအောင်။ မြန်မာပြည်ထဲမှာ၊ ရခိုင်ပြည်နယ်မှာ။

ဦးစံကျော်လှ။ ။ ဒီကိစ္စက၊ ငါက AA ရယ်၊ တပ်မတော်ရယ်လို့ မဟုတ်ဘူး။ မြန်မာတနိုင်ငံလုံးကိုပြောချင်တဲ့ စကားတစ်ခွန်းရှိတယ်။ ငြိမ်းချမ်းရေးမရတဲ့ ကာလတွေမှာ ဒီလိုအဖြစ်မျိုးဟာ နောက်လည်း ဖြစ်နေမှာဘဲ။ ငြိမ်းချမ်းရေးရသွားပြီဆိုရင် ဒီလို အဖြစ်မျိုးဟာ ငါတို့က ဖြစ်ပါစေလို့ ဆုတောင်းလို့တောင်မှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒါဟာ ငါ့သမီးအတွက် တယောက်ထဲ ပြောတာမဟုတ်ဘူး။ မြန်မာတနိုင်ငံလုံးအတွက် ပြောတာ။ အရေးအကြီးဆုံးက ငြိမ်းချမ်းရေးမရခဲ့ဘူးဆိုရင် ဒီလို အကြောင်းအရာတွေက ငါ့သမီး၊ သူ့သမီး၊ ဟိုလူ့သမီး၊ ဒီလူ့သမီး၊ ဒီလို ဖြစ်ကြရမှာဘဲ။ အဲဒီတော့ ငါက ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး။ ဒါဟာ ငြိမ်းချမ်းရေးကြောင့်။ အဲဒါကြောင့် ငါက ပြောချင်တာ။ ငါတို့က ငြိမ်းချမ်းရေးကို သတ္တိရှိရှိနဲ့ စောင့်ရှောက်ဖို့လိုတယ်။ ငြိမ်းချမ်းရေးလုပ်ဖို့အတွက် မင်းတို့၊ ငါတို့တွေ အာလုံး၊ သက်ဆိုင်တဲ့သူတွေအားလုံး သတ္တိရှိဖို့လိုတယ်။ အဲဒီလို သတ္တိမရှိဘူးဆိုရင် ဒီလိုအဖြစ်မျိုးဟာ ဆက်ပြီးတော့ ဖြစ်နေမှာဘဲ။ ဟိုက ဒီလူကိုဖမ်းလိုက်၊ ဒီက ဟိုလူကိုဖမ်းလိုက်။ ဟိုလူက သံသယနဲ့ ဒီလူကိုဖြစ်လိုက်။ ဒါဟာ အကုန်လုံးဟာ ငြိမ်းချမ်းရေးအပေါ်မှာ မူတည်တယ်။ မင်းတို့၊ ငါတို့အားလုံး၊ ပါဝင်ပတ်သက်နေသူ အားလုံးဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးကို သတ္တိရှိရှိနဲ့ ငါတို့ ဆောင်ရွက်နိုင်ဖို့ လိုတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် ခက်တယ်ဆိုတာက နှစ်ဘက်ရဲ့ တောင်းဆိုမှုတွေက အလှမ်းကွာဝေးတယ်ကွ။ အဲဒါကြောင့် ဒီဘက်မှာ အစိုးရက သူတို့ဖြစ်ချင်တဲ့ဆန္ဒ၊ ဟိုဘက်က အခြားတဘက်မှာ ဟိုလူတွေဖြစ်ချင်တဲ့၊ ဟိုဘက်မှာရှိတဲ့ လူတွေရဲ့ဆန္ဒ။ အဲဒါတွေကို သဟဇာတကျကျ လျော့ပေါ့ပြီးတော့ ငါတို့နိုင်ငံသူ၊ နိုင်ငံသားအားလုံး ကောင်းစားဖို့အတွက် ငါတို့ ဘယ်လိုတည်ဆောက်မလဲ။ ဒီနေရာမှာ ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လူမျိုးတခု ကောင်းစားဖို့အတွက် အဲဒီလို ဆန္ဒမဟုတ်ဘဲနဲ့ ဒီ ငါတို့ပြည်ထောင်စုမြန်မနိုင်ငံမှာရှိတဲ့ လူတွေအားလုံး ဘုံသဘောတူညီချက်တခုနဲ့ ကောင်းစားဖို့အတွက် ငါတို့ ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာ တော်တော် အရေးကြီးတယ်။ အဲဒါကို စဉ်းစား ဆွေးနွေးဖို့အတွက် ဒီမှာပါတဲ့လူအားလုံးဟာ သဘောထားကြီးဖို့လိုတယ်။ သတ္တိရှိဖို့လိုတယ်။ ဒါဟာ အမှန်တရားဆိုရင် အမှန်တရားကို လုပ်ဆောင်ဝံ့တဲ့သတ္တိရှိဖို့ လိုတယ်။

မေး။ ။ တကယ်လို့များ ပြောခွင့်ရမယ်ဆိုရင် ဆရာ့သမီးကို ဘာများ သတင်းစကား ပါးချင်ပါသလဲ။

ဦးစံကျော်လှ။ ။ တခုမှ မပြောဘူး။ သူလုပ်ရင်သူခံ။ အဲဒါဘဲ ဘဝမှာ။ ဒါဟာ ကံကံ၏အကျိုးတရားဘဲ။ ငါ ဘာတခုမှလည်း မပြောချင်ဘူး။ သူတို့အလုပ်သူတို့ ဆက်လုပ်၊ ငါ့အလုပ်ကို ငါဆက်လုပ်သွားမယ်၊ ဒါဘဲ။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှမှာ သားသမီး ၃ ဦးရှိတာမှာ အခု ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ အေအေအဖွဲ့အကြီးအကဲရဲ့ ဇနီးဖြစ်သူ မနှင်းဇော်ဖြူဟာ အကြီးဆုံး သမီးဖြစ်ပါတယ်။

မနှင်းဇော်ဖြူနဲ့ ကလေးနှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံ၊ တာချီလိတ်မှာရှိတဲ့ မြန်မာအာဏာပိုင်တွေထံ လွဲပြောင်းပေးမယ်ဆိုတဲ့ သတင်းတွေ အစောပိုင်းမှာ ထွက်ခဲ့ပေမယ့် အခုချိန်ထိ တကယ် လွဲပေးလိုက်ပြီဆိုတဲ့သတင်းကို အတည်ပြုလို့ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်


.....................


(Zawgyi/Unicode)








ဦးစံကြောျလှ။ ။အခုတော့ တခုမှမရှိပါဘူး။ စိတျလညျးမပူပါဘူး၊ ဒါကတော့။ ကံကွမ်မာအတိုငျးဘဲလေ။ ဖွဈလာပွီဘဲ ဖွဈခငြျတာဖွဈ။ ငါတို့က ဗုဒ်ဓဘာသာဆိုတော့ ကံကွမ်မာရဲ့ အဆုံးအဖွတျအတိုငျးဘဲပေါ့ကှာ။ ကိုယျလုပျလို့ရတဲ့ကိစ်စမှ မဟုတျတာ။







မေး။ ။ ဒီကိစ်စကို လုံး၀ ပွောစရာမရှိခဲ့ဘူးပေါ့နောျ ဆရာ၊ အခုဖွဈနတေဲ့ကိစ်စတှမှော။
















XS
SM
MD
LG