[[Zawgyi/Unicode]]
ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင် ၁၈ ဦးကို နိုဝင်ဘာလ ၁၇ ရက်နေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ ပြန်လွတ်လာသူတဦးတယောက်မှ ခုချိန်ထိ ဆက်သွယ်လာတာ မရှိသေးတာကြောင့် တကယ် လွတ် မလွတ် အတည်မပြုနိုင်သေးဘူလို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ရခိုင်မှာ AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံပြည်သူတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ နေ့စဉ်ဆိုသလို ဆက် ရှိနေတယ်လို့လည်း ရခိုင် ခေါင်းဆောင်တချို့က ပြောပါတယ်။ ရခိုင်ဘက်ကအခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က အမျိုးသားအောင်ပွဲနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျင်းသား ၆,၀၀၀ နီးပါး ပြန်လွတ်ပေးတာမှာ နိုင်ငံရေး အကျဉ်းသားတချို့နဲ့ အကျဉ်းကျခံထားရတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်တချို့ကိုပါ ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန် ကြေညာထားပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင် ၁၈ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ ဖော်ပြထားပေမဲ့ ပြန်လွှတ်လာသူတွေထဲက တဦးတယောက်မှ ဒီကနေ့အထိ AA အဖွဲ့ထံ ဆက်သွယ်လာတာမရှိသေးတာကြောင့် အမှန်တကယ်လွတ်လာတာ ဟုတ်မဟုတ် အတည်မပြုနိုင်သေးဘဲ စုံစမ်း စိစစ်နေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။
“စစ်ကောင်စီဘက်က ထုတ်ပြန်ချက်ကို ကျနော်တို့လည်း တွေ့ပါတယ်။ လွတ်လာရင်တော့ ကောင်းတာပေါ့။ ဒီကိစ္စ အမှန်တကယ် လွတ်လာတာ ဟုတ်မဟုတ် ဆိုတာကို ကျနော်တို့ စိစစ်နေပါတယ်။ အခုအချိန်ထိတော့ လွတ်လာတယ်လို့ ပြောတဲ့ သူတွေထဲက တစုံတယောက်မှ ULA ဌာနချုပ်ကို ဆက်သွယ်လာတာ မရှိသေးဘူးခင်ဗျာ။”
စစ်ကောင်စီအနေနဲ့ ဖမ်းဆီးထားတဲ့ AA တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးတယ်ဆိုရင် ဒါက အပြုသဘောဆောင်တဲ့လုပ်ရပ် ဖြစ်ပေမဲ့ တချိန်တည်းမှာ ဒေသခံပြည်သူတွေကို AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာတွေကလည်း နေ့တိုင်းနီးပါး ရှိနေတာကြောင့် ဒီလို အခြေအနေမျိုးမှာ နှစ်ဘက် က်ဆံရေး ပြန်လည်တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ရခိုင်အရေးသုံးသပ်သူ ဦးဖေသန်းကပြောပါတယ်။
“ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလိုလွှတ်ပေးတာက အပြုသဘောတော့ ဆောင်တယ်။ ဒါပေမယ့် အဲလောက် လွှတ်ပေးရုံလောက်နဲ့ ULA/AA နဲ့ စစ်ကောင်စီကြားမှာ ပြန်ပြီးတော့ ငြိမ်းချမ်းရေး တခုခု၊ သဘောတူညီချက်တခုခု ရလာနိုင်ဖို့ဆိုတာကတော့ အလှမ်းဝေးသေးတယ်လို့ ကျနော် ပြောချင်တယ်။ ဘာလို့လဲဆိုတော့ လွှတ်ပေးလိုက်တဲ့လူ ၁၈ ယောက်ဆိုပေမဲ့ နေ့စဉ်နေ့တိုင်း ULA ရဲ့ အမာခံပါ၊ ထောက်ခံပါတယ် ဆိုပြီး ပြည်သူတွေကို ဖမ်းတာ တော်တော် များနေပြီ။ တဘက်က လွှတ်ပေးပြီးတော့ တဘက်က ဖမ်းတယ်ဆိုတာကတော့ AA နဲ့ စစ်ကောင်စီကြား ဆက်ဆံရေးမှာ ပြန်ပြီးတော့ အဖုအထစ်ဖြစ်သွားတာပေါ့။”
လက်ရှိရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေသလို ဆိုးရွားတဲ့အခြေအနေတခုကို ရင်ဆိုင်နေရတာကြောင့် စစ်ကောင်စီနဲ့ AA အဖွဲ့ကြား ဘယ်လို တိုးတက်မှုမျိုးကိုမဆို သတိထား စောင့်ကြည့်သွားမယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“အခုလက်ရှိကတော့ ရခိုင်ပြည်နယ်မှာလည်း ဆိုးဆိုးရွားရွား အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အနေအထား ဖြစ်တယ်။ အဓိကတော့ ကျနော်တို့ဟာ ပြည်သူတွေရဲ့ တာဝန်တွေကို ထမ်းဆောင်နေတာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ဒုက္ခတွေကို ပိုပြီးတော့ အာရုံစိုက်ပြီး လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒါကြောင့်မလို့ အခုဖြစ်ပေါ် တိုးတက်မှုနဲ့ ဖြစ်ဖြစ်၊ ဘယ်လို ဖြစ်ပေါ်တိုးတက်မှုမျိုးကိုမဆို ကျနော်တို့ အဖွဲ့ အစည်းအနေနဲ့ သတိထားပြီးတော့ စောင့်ကြည့် သွားမှာဖြစ်ပါတယ်။”
လတ်တလော အခြေအနေမှာတော့ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်အတွင်း စစ်အင်အား ဖြည့်တင်းတာတွေ၊ ဒေသခံပြည်သူတွေရဲ့ ခရီးသွားလာရေး၊ ကုန်ပစ္စည်း စားနပ်ရိက္ခာနဲ့ ဆေးဝါး သယ်ယူခွင့်တွေကို ကန့်သတ်နေတာကြောင့် ဒေသခံတွေကြား အခက်အခဲတွေ တနေ့တခြား ပိုဆိုးလာနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
===============
[[Unicode]]