သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား စာရင်း AAPP ထုတ်ပြန်


အင်းစိန်အကျဉ်းထောင်
အင်းစိန်အကျဉ်းထောင်

မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ လက်ရှိ နိုင်ငံရေးအကျဉ်းသားက ၁၇၀ ကျော်ရှိနေတဲ့အပြင် အမူရင်ဆိုင်နေရဆဲက ၃၀၀ လောက်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီက ပြောဆိုလိုက်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုတဲ့ ကျောင်းသားတွေသာမက အလုပ်သမားအရေး၊ လယ်သမားအရေး တက်ကြွလှုပ်ရှား သူတွေလည်း အဖမ်းဆီးခံနေရပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေဟာ တနေ့တခြား သိပ်ကို ဆိုးဝါး လာနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုများလာသလို အရပ်သားအစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုတွေဟာ ဟန်ပြအနေအထားမျိုးမှာသာ ရှိနေပြီး လူ့အခွင့်အရေးအခြေအနေတွေလည်း ဆိုးဝါးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုပါတယ်။ လက်ရှိနိုင်ငံရေးအကျဉ်းသား ၁၇၀ ကျော်နဲ့ အမှုရင်ဆိုင်နေရသူ ၃၀၀ ခန့်ရှိကြောင်း AAPP ရဲ့တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“အခု ကျနော်တို့ စစ်ထားတာ ထောင်ကျပြီးသားက ၁၇၂ ယောက်ရှိပါတယ်။ အမှုရင်ဆိုင်နေရတာက ၃၀၀ နီးပါး ရှိပါတယ်။ အဲ့ဒီ့ အမှုရင်ဆိုင်နေရတယ် ဆိုတာက ပြီးခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကြောင့် အဖမ်းခံရတာ ၁၀၄ ယောက်ရှိပါတယ်။ အဲ့ဒီ့မတိုင်ခင်မှာ ဖမ်းထားတဲ့ လယ်သမားရေး လှုပ်ရှားသူတွေ၊ အလုပ်သမားနဲ့ပတ်သက်တာတွေ နောက် လယ်သမားတွေလည်း ပါနေပါတယ်။ အဲ့တော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေက ကျျနော်တို့ အမြင်အရဆိုရင်တော့ တော်တော်လေး စိုးရိမ်စရာရှိပါတယ်။ အစိုးရအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို ဟန်ပြအနေနဲ့လုပ်နေတာမျိုးပဲ ရှိတယ်။ တကယ်ကို လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာအောင် လုပ်နေတဲ့အနေအထားမျိုးတွေ မတွေ့ရသေးပါဘူး။ အထူးသဖြင့်တော့ ဥပမာ ပြီးခဲ့တဲ့လွှတ်တော်တွေထဲမှာ ဆွေးနွေးခဲ့ကြတဲ့ နှိပ်စက်ညှင်းပန်းခြင်းဆိုင်ရာ နိုင်ငံတကာ ကွန်ဗဲန်းရှင်းတွေမှာ လက်မှတ်ထိုးမယ်လို့ ပြောထားတဲ့ကိစ္စလည်း အခု လက်မှတ်ထိုးတာမျိုးကို မတွေ့ရသေးဘူး။ အဲလိုပဲ အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်နေတဲ့ နှိပ်စက်ညှင်းပန်းမှုတွေနဲ့ မတရားသဖြင့် ဖမ်းဆီးမှုတွေကလည်း အခုအချိန်အထိ ပိုပြီးတော့ ဆိုးဝါးလာတဲ့အနေအထားမျိုးတွေကို တွေ့နေရပါတယ်။ ….ဆိုတော့ ဟန်ပြ ပြုပြင်ပြောင်းလဲမှုတွေတော့ ရှိပါတယ်။ တကယ်စစ်မှန်တဲ့ တိုးတက်မှုတွေကိုတော့ ကျနော်တို့ မတွေ့ရသေးဘူး။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအနှံ့အပြားမှာရှိနေတဲ့ လယ်ယာမြေ ကိစ္စ ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှု အကြီးအကျယ်ဆုံး ပြဿနာပဲ။ ဆိုတော့ လယ်သမားတွေ လယ်ယာမြေသိမ်းခံရမှုတွေရှိတယ်။ အခုကျောင်းသားတွေ မတရားသဖြင့် ရိုက်ပုတ်ညှင်းဆဲခံရတာမျိုးတွေရှိတယ်။ ဒါတွေဟာ အခုနောက်ပိုင်းမှာ အဆိုးရွားဆုံးတောင် ဖြစ်လာနေတဲ့ အနေအထားမျိုးတွေ ဖြစ်နေပါတယ်။”

AAPP က ထုတ်ပြန်ထားတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ သြဂုတ်လတုန်းက ရန်ကုန်မှာလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲအပေါ်မှာ မူတည်ပြီး နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ်မှာ အခြေခံပြီး ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။ လစဉ် နိုင်ငံရေးအကျဉ်းသားတွေ တိုးများလာ တာတွေကို စာရင်းပြုစုပြီး ထုတ်ပြန်ရတာဟာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီး သတိပြုမိလာအောင် လုပ်ဆောင်တာဖြစ်ကြောင်း AAPP က ပြောပါတယ်။ မြန်မာအစိုးရကတော့ နိုင်ငံရေးအကျဉ်းသားမရှိကြေင်းနဲ့ တည်ဆဲဥပဒေကို ချိုးဖောက်လို့ အရေးယူထားရတဲ့ အကျဉ်းသားများသာ ရှိတယ်လို့ ပြောလေ့ရှိတာပါ။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ လက်ကျန် နိုင်ငံရေးအကျဉ်းသားအနည်းငယ်ရှိပေမယ့် အစိုးရကတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။ ဒါ့အပြင် အခုထိ နိုင်ငံရေးအကျဉ်းသားဆိုတာကို လက်ခံခြင်းမရှိသေးဘူးလို့လည်း ကိုဘိုကြည်က ဆက်ပြောသွားပါတယ်။

“အခုအချိန်အထိ အစိုးရက နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ တရားဝင် အသိအမှတ်မပြုသေးဘူး။ နောက်တခုက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း အစိုးရဘက်က ဖော်ဆောင်ဖို့ ပျက်ကွက်နေတာရှိတယ်။ အဲ့လိုပဲ အစိုးရတင်မဟုတ်ဘူး။ လွှတ်တော်ကလည်း နို်င်ငံရေး အကျဉ်းသားကိစ္စနဲ့ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် ဆွေးနွေးမယ့်အနေအထားကို မတွေ့ရသေးပါဘူး။ ဆိုတော့ လွှတ်တော်အမတ်တွေရော လွှတ်တော် မှာရော တာဝန်ရှိပါတယ်။ လွှတ်တော်ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုဟာမျိုးကို နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ ခေါ်ဆိုချက်ကို အဓိပ္ပာယ်ဖွင့်ဆိုချက် ဖွင့်ဆိုဖို့ လိုပါတယ်။ ဥပဒေတခုတင်ဖို့ လိုပါတယ်။ အဲ့လို ဥပဒေတခုပြုတယ်ဆိုရင် အစိုးရဘက်က ဒါကို မဖြစ်မနေ လိုက်နာရမယ့် ကိစ္စပါ၊ အဲ့တော့ လွှတ်တော်ဘက်က ပျက်ကွက်နေတဲ့အခါကျတော့ အစိုးရဘက်က လွှတ်တော်ကိုပုံချပြီးတော့ ငြင်းပယ်နေတာမျိုးတွေ ရှိပါတယ်။”

တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချနေမှုတွေကလည်း လျော့ပါးသွားခြင်းမရှိတဲ့အပြင် ဆက်လက် တိုးပွားနေဆဲဖြစ်ကြောင်းနဲ့ နိုင်ငံသားတိုင်းရဲ့ အခြေခံအခွင့်အရေးအရ ဆန္ဒထုတ်ဖော်နေသူနေသူတွေကိုလည်း ပုဒ်မ (၁၈) ၊ ပုဒ်မ (၁၉) တို့အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅/ခ) စတဲ့ ပုဒ်မတွေနဲ့ အရေးယူ အမြင့်ဆုံးပြစ်ဒဏ်ပေးနေတာတွေလည်း ရှိတဲ့အကြောင်း AAPP က ဆိုပါတယ်။

လယ်သိမ်းခံရတဲ့တောင်သူတွေကိုတော့ ပုဒ်မ ၄၄၇ ၊ ၄၂၇ စတဲ့ အကျိုးဖျက်ဆီးမှု၊ ပိုင်နက်ကျူးလွန်မှုတွေနဲ့ တရားစွဲဆို ထောင်ချဖမ်းဆီးနေတာတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ပြန်ရကြောင်း ဧပြီလ ၄ ရက်နေ့မှာပဲ AAPP က သဘောထားကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG