သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

2021 Sean MacBride ငြိမ်းချမ်းရေးဆု AAPP လက်ခံရရှိ


AAPP web page (AAPP)
AAPP web page (AAPP)

[[Zawgyi/Unicode]]

၂၀၂၁ ခုနှစ်အတွက် Sean MacBride ငြိမ်းချမ်းရေးဆုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ချီးမြှင့်လိုက်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အေအေပီပီရဲ့ ဥက္ကဋ္ဌကိုဘိုကြည်တို့က ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ အင်တာနက်ကတဆင့် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ခုလို ဆုချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး အေအေပီပီ ရဲ့ အတွင်းရေးမှူး ကိုတိတ်က ဗွီအိုအေကို ခုလို ပြောပါတယ်။

“ဒီဆုကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး နှစ်စဉ်ပေးနေတဲ့ဆုဖြစ်ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ကို ကိုယ်စားပြုပြီးတော့ ပေးတဲ့ဆုဖြစ်ပါတယ်။ အဓိက က ဗမာပြည်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့အတွက် ကြိုးစားမှုတွေနဲ့ပတ်သက်ပြီးတော့ အသိအမှတ်ပြုတဲ့ ကိစ္စတခုပေါ့လေ။ အဲဒီမှာ အေအေပီပီကတော့ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ တောက်လျှောက်လက်လှမ်းမီသမျှ ထုတ်ပြန်နေတဲ့အပေါ်မှာ ဒီအချက်အလက်တွေကိုလည်း နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာအစိုးရတွေကနေပြီးတော့ code လုပ်တယ်ဆိုတဲ့အခါကျတော့ ဒီအပေါ်မှာပေးတဲ့ ဆုဖြစ်ပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေတဲ့ လူတွေနဲ့ပတ်သက်ပြီးတော့ အားလုံးကိုအသိအမှတ်ပြုပြီးပေးတဲ့ဆုလို့ ပြောလို့ရပါတယ်ဗျ။”

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသူတယောက်က အေအေပီပီရဲ့ ကိုယ်စား ဆုကို ဘာလင်မြို့ မှာ တက်ရောက်ယူခဲ့ပါတယ်။

ဒီ ဆုကို ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးဗျူရိုအဖွဲ့ (IPB) က ချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီ အဖွဲ့အစည်းဟာ စစ်ပွဲမဲ့ ကမ္ဘာဖြစ်ပေါ်ရေးဆိုတဲ့အမြင်အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဆု အမည်တပ်ထားတဲ့ Sean MacBride ဟာ အိုင်ယာလန် လွတ်လပ်ရေးတွက် တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်ပြီး IPB အဖွဲ့မှာ ၁၉၆၈ ကနေ ၁၉၈၅ အထိ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ သူဟာ လီနင် ငြိမ်းချမ်းရေးဆုနဲ့ ၁၉၇၄ နိုဘယ်ဆုတွေကိုလည်း ရရှိထားသူပါ။

AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကိုတော့ ၂၀၀၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ အလွန် နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်ပြီး အရပ်သားအစိုးရတက်လာတဲ့အချိန်မှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ကျန်းမာရေးကိစ္စအပြင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့ တတ်ကြွသူတွေအဖမ်းခံရမှု အသတ်ခံရမှုတွေကို မှတ်တမ်းပြုစု ထုတ်ပြန်နေပါတယ်။
#AAPPBurma #SeanMacBridePeacePrize #VOABurmese #အေအေပီပီ #ကိုဘိုကြည် #ကိုတိတ် #ဗွီအိုအေ

============

[[Unicode]]










============

XS
SM
MD
LG