သြစတြေးလျနိုင်ငံက ABC သတင်းဌာနရဲ့ မှတ်တမ်းတင် ရုပ်သံမှတ်တမ်း ရိုက်ကူးရေး အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးခံခဲ့ရပြီး နှင်ထုတ်ခံလိုက်ရတယ်လို့ သြစတြေးလျနိုင်ငံက လာတဲ့ သတင်းတွေက ဖော်ပြပါတယ်။
မှတ်တမ်းတင် ရုပ်သံ ရိုက်ကူးသူ ဟျုချ် ပိုက်ပါနဲ့ နောက်တယောက်တို့ဟာ မြန်မာနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာသက်တမ်း ရှိပေမဲ့ ဒီတပတ်ထဲမှာပဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး နေရပ်ပြန်ပို့တာ ခံခဲ့ရတဲ့အကြောင်း သူ့ရဲ့ ABC သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုအခါ ဘန်ကောက်မြို့ကို ရောက်နေပြီဖြစ်တဲ့ သူနဲ့အဖွဲ့ဟာ အရှေ့တောင်အာရှက လွတ်လပ်တဲ့ သတင်းမီဒီယာတွေအတွက် မှတ်တမ်းရုပ်သံ ရိုက်ကူးနေတုန်း နိုင်ငံကနေ နှင်ထုတ်ခံခဲ့ရတာလို့လည်း သတင်းက ဆိုပါတယ်။
စစ်အစိုးရရဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်ပ သတင်းမီဒီယာတွေက သတင်းယူမှာကို အာဏာပိုင်တွေက စိုးရိမ်မကင်း ဖြစ်မှုတွေ ရှိနေချိန်မှာပဲ ဒီလို နှင်ထုတ်ခံခဲ့ရတာလို့ ပြောပါတယ်။
ရွေးကောက်ပွဲ မတိုင်မီ အစောပိုင်းမှာတုန်းကလည်း ဂျပန်သတင်းဌာန တခုဖြစ်တဲ့ APF က သတင်းထောက် တဦးဟာ မြန်မာနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ရာက ဖမ်းဆီးပြီး ပြန်ပို့တာ ခံခဲ့ရပါတယ်။
နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲကို ပြည်ပက အကဲခတ် စောင့်ကြည့်သူတွေနဲ့ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် အကဲခတ်ခွင့်ကိုတော့ မြန်မာ အာဏာပိုင်တွေက ခွင့်မပေးခဲ့ပါဘူး။