ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး ၀ါဒီတွေဟာ နိုင်ငံတကာ စစ်ဘက် စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ကို ထိန်းသိမ်းလိုက်ပါတယ်။ ဗီယန်နာ အခြေစိုက် ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE အဖွဲ့ဝင် ၁၃ ဦးထက်မနည်း ပါလာတဲ့ ဘတ်စ် ကားတစင်းကို Slovyansk မြို့နားမှာ ခွဲထွက်ရေးဝါဒီတွေက ဖမ်းထားလိုက်တာပါ။
သူတို့နဲ့အတူ ယူကရိန်းစစ်ဘက် တာဝန်ရှိသူတဦး လိုက်ပါလာတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အဲဒီမြို့ရဲ့ မြို့တော်ဝန် အဖြစ် ကိုယ့်ကိုယ်ကို ကြေညာထားတဲ့ Vyacheslav Ponomarev က ပြောပါတယ်။
ဂျာမနီနိုင်ငံ ဦးဆောင်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ OSCE အဖွဲ့က Twitter စာမျက်နှာ မှာ ရေးပါတယ်။
ဒီလုပ်ရပ်ဟာ ဆိုးရွားပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jen Psaki က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။