သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း X Ray စစ်ဆင်ရေး မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရ


ထိုင်းနိုင်ငံ၊ X-Ray စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (ဓာတ်ပုံ-JACBA )
ထိုင်းနိုင်ငံ၊ X-Ray စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (ဓာတ်ပုံ-JACBA )

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်၊ မယ်လမတ်၊ ဖွတ်ဖရမြို့နယ်တွေမှာ မေလ ၁၆ ရက်နေ့ မနက်ပိုင်း ၆ နာရီကစပြီး ထိုင်းအစိုးရရဲ့ X-Ray စစ်ဆင်ရေးအရ ရက်ကွက်တွေ၊ တိုက်ခန်းတွေမှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ လမ်းမတွေပေါ်မှာ သွား လာနေကြသူတွေကို ထိုင်း လဝက နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပူးပေါင်းစစ်ဆေးခဲ့ပါတယ်။ ဒီစစ်ဆေးမှုအတွင်း တရားမဝင်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား လူဦးရေ ၅ သိန်း ထက်မနည်း အလုပ်လုပ်နေကြပြီး တရားမဝင် နေထိုင်သူတွေလည်း အများအပြား ရှိနေ တာပါ။ မေလ ၁၆ ရက်နေ့မှာ တာ့ခရိုင်ထဲက ၃ မြို့နယ်မှာ ထိုင်းအစိုးရက စစ်ဆင်ရေးနဲ့ ဖမ်းဆီးခဲ့ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို ပြောပါတယ်။


“မဲဆောက်မြို့မှာ တရားမဝင် အလုပ်သမား ၁၀၀ အဖမ်းခံရတယ်။ မဲဆောက်မြို့တောင်ဘက် ဖွတ်ဖရမြို့နယ်မှာ တရားမဝင် ၆၀ လောက် အဖမ်းခံရ တယ်။ တပြိုင်တည်း မဲဆောက်မြို့နယ်မြောက်ဘက် မဲလမတ်မြို့မှာ ၄၀ လောက် အဖမ်းခံရ တယ်။ အားလုံး ၂၀၀ လောက် အဖမ်းခံရတယ်။ အဲဒါကတော့ တည်ဆဲဥပဒေအဖြစ် ရှိနေတဲ့ X-Ray စစ်ဆင်ရေးအရ တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးစစ်ဆေးတဲ့ ဥပဒေအရ ဖမ်းဆီးခံရတာဖြစ်တယ်။ အဖမ်းခံရ တာကတော့ တာ့ခရိုင် လဝက ဗျူရိုက ဒါရိုက်တာ မန်ရထနာဦးဆောင်ပြီး မှုခင်းရဲတပ်ဖွဲ့၊ မြို့ပိုင်အစောင့်တပ်ဖွဲ့၊ နယ်ခြားစောင့် ထိုင်းတပ်မတော် လုံခြုံရေး တပ်ဖွဲ့နဲ့ အလုပ်သမားဌာနဆိုင်ရာတွေက ပူးပေါင်းပြီး ဖမ်းဆီးတာဖြစ်တယ်။ ဒီစီမံချက်က X-Ray စစ်ဆင်ရေးက လွန်ခဲ့တဲ့ တနှစ်ကျော် လောက်က စပြီး အခုထိ တည်ဆဲဖြစ်တယ်။”

ဖမ်းဆီးခံရသူတွေကတော့ ထိုင်းဥပဒေအရ ၄၅ ရက်အထိ အပြစ်ဒဏ် ကျခံရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ထိုင်းဥပဒေအရဆိုရင် ဒီလိုဖမ်းမိရင် တလခွဲ ဖမ်းချုပ်ခံရတာဖြစ်တယ်။ သို့သော် တလခွဲအထိတော့ နေရတာမျိုး မရှိပါဘူး။”

ပြစ်ဒဏ်တချို့ကျခံပြီးသွားရင်တော့ တနေ့ကို ဒဏ်ငွေ ဘတ် ၅၀၀ ပေးပြီး ပြန်လည်လွတ်မြောက်တာတွေလည်းရှိကြောင်း ဆိုပါတယ်။ ဒီအတွက် တရားမဝင် နေထိုင်သူတွေဟာ ဖမ်းဆီးခံရလိုက်၊ ပြန်လွတ်လာတဲ့အခါ အလုပ်ပြန်လာလုပ်လိုက်နဲ့ပဲ ဘဝရပ်တည်ရေးအတွက် ထိုင်းနိုင်ငံအတွင်းမှာ အဖမ်းအဆီးဘယ်လောက်များများ အလုပ်လာလုပ်နေကြဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမား ၃ သန်းထက်မနည်းရှိပြီး တရားဝင် နေထိုင်သူတွေကတော့ ၁ သန်းလောက်ပဲ ရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG