သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာနဲ့ချီတဲ့ပုသိမ် NLD အဖွဲ့ဝင်တွေ နုတ်ထွက်ဖို့ပြင်


ပုသိမ်မြို့နယ်က ရာနဲ့ချီတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ ပါတီဝင်အဖြစ်ကနေ နုတ် ထွက်ဖို့ ပြင်ဆင်နေကြပါတယ်။ ပါတီအနေနဲ့ ဗဟိုဦးစီးစနစ် ဆက်ပြီး ကျင့်သုံးရမယ်ဆိုတဲ့ မူကြောင့် နုတ်ထွက်ကြမှာဖြစ်တယ်လို့ ပုသိမ်မြို့ NLD ပါတီဝင်တယောက်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ပါတီဘက်ကတော့ လူတိုင်းမှာ ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ပိုင်ခွင့် ရှိပါတယ် လို့ ပြောပါတယ်။ ပြည်လုံးကျွတ်ညီလာခံ ကျင်းပရေးကော်မရှင်ကို တာဝန်ယူမယ့်သူ ရွေးချယ်ရာ ကနေ စတင်ခဲ့တဲ့ ဒီ မကျေနပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘန်ကောက်၊ ဗွီအိုအေရုံးခွဲကနေ ဆက်သွယ်စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။

လာမယ့်စနေနေ့ အောက်တိုဘာ ၂၇ ရက်နေ့ကျရင် NLD ပါတီဝင်တွေ စုပေါင်း နုတ်ထွက်ကြ မှာဖြစ်တယ်လို့ နုတ်ထွက်မဲ့သူတယောက်ဖြစ်တဲ့ ပုသိမ်မြို့နယ်၊ NLD ပါတီဝင် ဒေါက်တာ သန်းထိုက်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“သေချာပြောနိုင်တာကတော့ အခု ကျနော်တို့ဆီမှာ လာပြီး တားမရလို့ နုတ်ထွက်မယ့်သူတွေ တရာ ဝန်းကျင်လောက် ရှိနေပြီ။”

ခုလို ပါတီဝင်တွေ နုတ်ထွက်ကြတဲ့အထိ မကျေမနပ်ဖြစ်ကြတာကတော့ NLD ပါတီ ပြည်လုံးကျွတ် ညီလာခံကျင်းပရေးကော်မရှင်တွေ ဖွဲ့စည်းရာက စခဲ့တာဖြစ်ပါတယ်။ ကော်မရှင်ထဲမှာ ပါဝင် ဖို့ ရွေးချယ်ခံရသူအများစုဟာ ပုသိမ်မြို့နယ်က တင်ပြတဲ့ သူစာရင်းထဲက မဟုတ်လို့ဖြစ်တယ်လို့ ပုသိမ်မြို့နယ်ပါတီဝင် ဦးအေးဝင်းက အခုလို ပြောပြပါတယ်။

“ပါတီနဲ့ ထိထိစပ်စပ် မရှိတဲ့သူတွေ များတယ်ဗျ။ တော်တော်များတယ်လို့ ပြောရမှာပဲ။ ပါတီနဲ့ ထိစပ်မှုမရှိတဲ့သူ တော်တော်များတယ်။ ပုသိမ်မှာ ဘယ်သူဟာ ပါတီနဲ့ထိစပ်မှုရှိတယ်၊ မရှိဘူးဆိုတာ ကျနော် အသိဆုံးပေါ့ဗျာ။ အခုကျမှ ထွက်လာတာပါ။ တနည်းအားဖြင့် ပြောရရင်တော့ ခရာမှုတ်မှ ကွင်းထဲကို ဒရောသောပါးဆင်းတဲ့သူတွေက အနတဂ္ဂမပဲ။”

ဒီလို အများစု မကျေနပ်တဲ့ကိစ္စကို ပါတီခေါင်းဆောင်တွေကိုယ်တိုင် လာပြီးရှင်းခဲ့ပေမဲ့ သူတို့ ပြောချင် တာတွေ စကားမပေါက်ခဲ့ဘူးလို့ ဆိုပါတယ်။

“စာနဲ့ရောသွားပြီး တင်ပြတာရှိတယ်။ လူကိုယ်တိုင်တက်ပြီး စကားပြောတာတွေလည်း ရှိပါတယ်။ ပြီးတော့ ဦးတင်ဦးကိုယ်တိုင်လည်း ဆင်းလာတယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်လည်း ဆင်းလာပါတယ်။ ပုသိမ်ကို လာပြီး အဲဒီကိစ္စတွေကို သူက ဘာပြောလဲဆိုတော့ - ဘာလို့ ဒီ မရှိတဲ့နေရာကို လုရတာလဲဆိုတဲ့သဘောမျိုး ပြောတယ်ဗျ။ အမှန်က နေရာလုတာမဟုတ်ဘူးဗျ။ အမှန်တရားအတွက် ကျနော်တို့ပုသိမ် အနေနဲ့ ကြိုးစားတာပါ။ နေရာလုတာ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံး ပြည်သူနဲ့ထိစပ်တဲ့အမှန်တရားပေါ့။ အဲဒါကို ကျနော်တို့က ကြိုးစားတာပါ။”

- စောစောကပြောသလို အန်ကယ်လ် ဦးတင်ဦးတို့လည်း ဆင်းလာတယ်ဆိုတော့ သူတို့ကရော ဘယ်လိုမျိုး ဖြေရှင်းပေးမယ်လို့ ပြောပါသလဲ။

“အခုကတော့ ပွဲပြီးသလောက်ဖြစ်သွားပါပြီ။ ပွဲပြီးသလောက် ဖြစ်သွားပြီ။ သူတို့လည်း လက်ရှိ ကာလ ကတော့ ဗဟိုဦးစီးစံနစ် ကျင့်သုံးရမယ် ဆိုတဲ့ မူပေါ်မှာပဲ သူတို့ ခိုင်ခိုင်မာမာရပ်တယ်။ ပြီးတော့ အောက်ခြေက ဘယ်လိုပဲ တင်ပြ တင်ပြ၊ သူတို့ကတော့ သူတို့မူအတိုင်းပဲ ဆက် သွားမှာပါ။ ဗဟိုဦးစီးစံနစ်-ဆိုတဲ့ သဘောရှိတာကိုး။ ကျနော်တို့ ဒီမိုကရေစီ အင်အားစု ဆိုတာက - ဆိုလိုတာ ကတော့ ဗဟိုဦးစီးစံနစ် ဆိုတာကိုလည်း မကြိုက်ဘူး၊ အာဏာရှင်စံနစ်ကိုလည်း မကြိုက်ဘူး။ သို့သော်လည်း မျှတဖို့တော့ လိုတာပေါ့။ လက်ရှိကာလမှာ ဒီမိုကရေစီ အပြည့်အဝ မရသေးပေမဲ့ မျှမျှတတတော့ ဖြစ်သင့်တာပေါ့။ အခုဟာက အဲဒီလောက် မျှတတဲ့ အနေအထားကို မဖြစ်လာတော့ အခုလို ပေါက်ကွဲကုန်တဲ့ သဘော ရှိပါတယ်။”

ပုသိမ်မြို့နယ် NLD ပါတီဝင် ဦးအေးဝင်းဖြစ်ပါတယ်။ သူကတော့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ စနေ့နေ့ကျရင် တခြားပါတီဝင်တွေ နုတ်ထွက်ကြဖို့ စီစဉ်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အခုလို တုံ့ပြန်ပါတယ်။

“လွန်ခဲ့တဲ့နာရီဝက်က ပုသိမ်နဲ့ဆက်သွယ်ပြီးတော့ မေးကြည့်တယ်၊ နုတ်ထွက်စာ တစောင်မှ မရှိသေးဘူး၊ သတင်းတွေမှာဖြစ်တဲ့ အတိုင်းလည်း အဲဒီလောက် များမယ်လို့ မထင်ဘူး၊ ဒါပေမဲ့လို့ ဒါကတော့ ပါတီဝင်တွေရဲ့ သဘောပဲပေါ့။ အဖွဲ့စိတ်ဓာတ်နဲ့ မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ NLD မှာ မရှိတာ ဘာမှ ဝမ်းနည်းစရာ မရှိဘူးလို့ပဲထင်ပါတယ်။”

ပါတီဝင်တွေရဲ့ မကျေနပ်ချက်နဲ့ ပတ်သက်လို့ ပါတီခေါင်းဆောင်တွေ ကိုယ်တိုင်သွားပြီး ရှင်ပေးဖို့ ကြိုးစားပေမယ့် မပြေလည်တဲ့အပေါ်မှာ ကိုယ်ဆန္ဒနဲ့ကိုယ် လုပ်နိုင်ပါတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားပြီးတော့ သူတို့နဲ့တွေ့တယ်၊ ဆွေးနွေးတယ်။ တွေ့တဲ့ အချိန်၊ ဆွေးနွေးတဲ့အချိန်ရှိတဲ့ ပြုလုပ်မယ့် ကတိတွေကလည်း နောင်ကျတော့ မလုပ်ဘူး။ အဲတော့- ဒီဟာကတော့ ဦးတင်ဦးက ဒါကို ထပ်ကြိုးစားတယ်၊ ကြိုးစားတော့လည်း မရဘူး။ မရဘူးဆိုရင်တော့ ကိုယ့်ဆန္ဒနဲ့ကိုယ်ပဲပေါ့။ အန်ကယ်လ်တို့က အထူးတော့ ပြောစရာမရှိပါဘူး။ လူတိုင်းက ကိုယ့် choice (ရွေးချယ်မှု) နဲ့ကိုယ်ပါ။”

ပါတီတွင်းဖြစ်နေတဲ့ ကိစ္စတွေကို ဗဟိုခွင့်ပြုချက်မရဘဲ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ ဒေါက်တာ သန်းထိုက်အပါအဝင် အဖွဲ့ဝင်သုံးယောက်ကို ပါတီညီလာခံကျင်းပပြီးတဲ့အထိ အဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲတယ်လို့ ဗဟိုက ဆုံးဖြတ်ထားတာပါ။ အဲဒါကို သူတို့ကိုယ်တိုင်က ပါတီအဖွဲ့ဝင် အဖြစ် က နုတ်ထွက်ဖို့ စီစဉ်တာကို ကျန်တဲ့သူတွေကပါ ပူးပေါင်းပါဝင်ကြမှာဖြစ်တယ်လို့ ပြောကြပါတယ်ရှင်။
XS
SM
MD
LG