သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် စစ်ဘေးဒုက္ခသည်များ အကူအညီလိုအပ်နေ


ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးတိမ်းရှောင် ဒုက္ခသည်
ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးတိမ်းရှောင် ဒုက္ခသည်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်က နမ်းဖက်ကာနဲ့ မိုင်းယူလေးကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင် ဒုက္ခသည် ၈၀၀ နီးပါးဟာ စားသောက်နေထိုင်ရေး အခက်တွေ့နေပြီးတော့ အကူအညီတွေလိုအပ်နေကြပါတယ်။ မြန်မာ့ တပ်မတော်နဲ့ TNLA ခေါ် တအာင်း ပလောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အဲဒီဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးနေကြရတာပါ။ တိုက်ပွဲတွေရက်ကြာလာတာနဲ့အမျှ ဒုက္ခသည်တွေအနေနဲ့ သူတို့နေရပ်တွေမှာ စွန့်ပစ်ထားရတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို ပြန်လုပ်ရနိုင်ဖွယ်မရှိတာကြောင့် စားဝတ်နေရေးပိုင်း ပိုပြီး အခက်တွေ့လာကြမှာပါ။ ဒါကြောင့် တိုက်ပွဲ တွေအမြန်ဆုံး အဆုံးသတ်ဖို့ လိုလားနေကြပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်း ပေးပို့ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နယ် နမ်းဖက်ကာနဲ့ မိုင်ယူလေးကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ပလောင်စစ်ပြေးဒုက္ခ(၈၀၀)ခန့်ဟာ စားဝတ်နေရေးအပိုင်းမှာအခက်တွေ့နေပြီး အကူညီလိုအပ်နေတယ်လို့ကူညီရေးအဖွဲ့ဖြစ်တဲ့ တအာင်းကျောင်းသား လူငယ်အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး(၁) မလွေးလှာရိမ်းကပြောပါတယ်။

“နမ်းဖက်ကာ အခြေအနေကတော့ သူတို့ ဘုန်းကြီးကျောင်းမှာပဲ ကျဉ်းကျဉ်းလေးနဲ့ နေနေရတာပေါ့နော်။ သူတို့ စားဖို့က အဲဒီမှာ စားတယ်။ အိပ်တာကတော့ သူများအိမ်မှာ မိသားစုတချို့ ၃၊ ၄ ယောက်အိပ်တယ်။ အသုံးအဆောင်ပစ္စည်းကတော့ သူတို့ အိပ်ယာခင်းတွေ ဘာမှ မယူလာဘူးလေ။ တချို့ ကျတော့ သူတို့စားဝတ်နေရေးအတွက် အဆင်မပြေဘူး ။ စီးပွားရေး နည်းနည်းပါးပါးလုပ်တဲ့လူတွေ ဆန်တွေဘာတွေ လှူထားတာတော့ရှိတယ်။ တခြားအဖွဲ့အစည်းတွေတော့ ကျမတို့မတွေ့သေးဘူးရှင့် ။ တကယ်လို့ ရက်ရှည်သွားပြီဆိုရင် သူတို့ စားသောက်ရေးကိစ္စ အခက်အခဲတွေတော့ ပိုရှိလာမယ်။”

နမ်းဖက်ကာနဲ့ မိုင်ယူလေးကျေးရွာမှာ ခိုလှုံနေတဲ့စစ်ပြေး(၈၀၀)ခန့်အတွက် တအာင်းကျောင်းသား လူငယ်အဖွဲနဲ့ ဒေသခံ တရုတ်စာပေယဉ်ကျေးမှုအဖွဲ့တွေကနေ မတ်လ(၁၁)ရက်နေ့မှာအကူညီပေးနေတာဖြစ်ပြီး တခြားအဖွဲ့အစည်းတွေ ကနေ အကူညီရောက်လာတာမျိုးမရှိဘူးလို့လဲ မလွေးလှာရိမ်းကပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ ဒုက္ခသည်ဦးရေ(၆၀၀)ကျော်ရှိနေပြီး မိုင်ယူလေးကျေးရွာမှာတော့ ဦးရေ(၂၀၀) ခန့်ရှိနေတယ်လို့ သူကဆိုပါတယ်။

ဒီစစ်ပြေးဒုက္ခသည် တွေဟာ ပြီးခဲ့တဲ့မတ်လ(၉)ရက်နေ့ကတည်းက တအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မ တော်တို့အကြားဆက်တိုက်ဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်ကနေထွက်ပြေးတိမ်းရှောင်လာတဲ့ ကွတ်ခိုင်မြို့နယ် ထဲက ကျရမ်းနဲ့ငေါ်ငါး ကျေးရွာသား တွေဖြစ်ကြပါတယ်။

ဒုက္ခသည်တွေအနေနဲ့ လက်ရှိမှာအိမ်မပြန်ရဲကြသေးသလို တိုက်ပွဲတွေရက်ရှည်ကြာလာရင် ဒေသအတွင်း တောင်ယာ နဲ့လက်ဖက်လုပ်ငန်းတွေကို စွန့်ပစ်ထားရတာကြောင့် ဒီနှစ်မှာအခက်ခဲရှိလာမယ်လို့ စစ်ပြေးဒုက္ခသည်တဦးက အခု လိုပြောပါတယ်။

“အိမ်ပြန်ဖို့ အခြေအနေဆိုရင်တော့ မငြိမ်းချမ်းသေးရင်တော့ ဘယ်သူ့မှ မပြန်ရဲကြသေးပါဘူးခင်ဗျ။ ကျနော်တို့ ဒီတောင်ပေါ်မှာဆိုတော့ တောင်ယာတွေလုပ်တယ် လက်ဖက်ခူးကြတယ် ။ ဒီနှစ်လိုမျိုးဆိုရင်တော့ အခက်အခဲကတော့ တော်တော်ရှိမယ်။ အဆင်မပြေနိုင်ဘူးလို့ ပြောလို့ရတယ်ခင်ဗျာ ဒီလိုမျိုးဆက်ဖြစ်နေမယ်ဆိုရင်တော့။ ကျနော်တို့ ပြည်သူတွေကတော့ ငြိမ်းချမ်းစေချင်ပါတယ်။ ကျနော်တို့ ဆန္ဒအသီးသီးကို ပြောလိုပါတယ် ခင်ဗျ”

ဒေသခံတွေအနေနဲ့ တိုက်ပွဲကိုမလိုချင်ဘဲ ငြိမ်းချမ်းရေးကိုလိုလားနေကြတယ်လို့လဲဆိုပါတယ်။လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ ကွတ်ခိုင် မန်တုံ နမ့်ဆမ်မြို့နယ်ဘက်မှာ မြန်မာ့တပ်မတော်ကနေ စစ်အင်အားတိုးချဲ့လာသလို တအာင်းပလောင်တပ်ဖွဲ့နဲ့လဲ ရက်ဆက်ဆိုသလိုတိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒီလပိုင်းအတွင်းမြန်မာ့တပ်မတော်ကနေအလွန်အကျွံအင်အားသုံးထိုးစစ်ဆင်လာလို့ စစ်ပြေးဒုက္ခသည်အရေးကိစ္စတွေ ဖြစ်ပွါးလာတယ်လို့ TNLAတအာင်ပလောင်တပ်ဖွဲ့ရဲ့ပြန်ကြားရေးအရာရှိတာ့အိုက်ကျော်ကပြောပါတယ်။

“မြန်မာ့တပ်မတော်က ပုံမှန်ထက် အင်အားသုံးပြီးတော့မှ ထိုးစစ်ဆင်လာတယ်။ အခုတိုက်ပွဲဖြစ်နေတာက နမ့်ခမ်းဘက်ရော၊ ကွတ်ခိုင်ဘက်ရော စစ်ပြေးဒုက္ခသည်တွေ တအားများလာတယ်။ တိုင်းပြည်အကူးအပြောင်းကာလမှာ တပ်မတော်ဘက်က မလိုလားအပ်တဲ့ ထိုးစစ်တွေလည်းဆင်တယ်။ ဒီကြားမှာ မလိုလားအပ်တဲ့ ပြည်သူတွေ ဒုက္ခရောက်တယ်။”

ဒီမတ်လဆန်း ကစလို့တအာင်းပလောင်တပ်ဖွဲ့နဲ့မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွါးခဲ့တာအကြိမ်(၂၀)ကျော်ရှိခဲ့ပြီး တိုက်ပွဲတချို့မှာမြန်မာ့တပ်မတော်ဘက်က လေကြောင်းအကူနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ TNLAတအာင်ပလောင် တပ်ဖွဲ့ရဲ့ပြန်ကြားရေးအရာရှိတာ့အိုက်ကျော်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အပြတ်အသတ်အနိုင်ရခဲ့ပြီး အစိုးရသစ် တရပ်ဖွဲ့နိုင်ရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အပစ်ခတ်ရပ်စဲရေးကို အပြည့်အဝဖေါ်ဆောင်နိုင်မယ်လို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကနေမျှော်လင့်နေကြပါတယ်။

ဒါပေမဲ့လက်ရှိအခြေအနေအထိတော့ မြန်မာ့တပ်မတော်နဲ့ တအာင်ပလောင်တပ်ဖွဲ့ ရခိုင်တပ်မတော်AAတပ်ဖွဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့တော့ တိုက်ပွဲဖြစ်ပွါးနေဆဲလဲဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို တပ်မတော်ကနေရှင်းလင်းသွားမယ်လို့ ကာကွယ် ရေးဝန်ကြီးဌာနကနေ ဖေဖေါ်ဝါရီ(၂၄)ရက်စွဲနဲ့ နိုင်ငံပိုင်သတင်းစာမှာရေးသားဖေါ်ပြထားပါတယ်။

XS
SM
MD
LG