သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ABSDF လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံရ


ABSDF တပ်ဖွဲ့ဝင်တဦး
ABSDF တပ်ဖွဲ့ဝင်တဦး

KNU တပ်မဟာ(၅) ဖာပွန်ခရိုင်တွင်းရှိ ABSDF စခန်းကို ပြီးခဲ့တဲ့လတုန်းက အခြားလက်နက်ကိုင်အဖွဲ့ တဖွဲ့ဝင်ရောက်ပြီး လက်နက်အလက် ၃၀ ကျော်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းယူသွားခဲ့ပါတယ်။ ဒီ ပြဿနာနဲ့ပတ်သက်လို့ ဒေသတွင်း သြဇာကြီးတဲ့ KNU တပ်မဟာ ၅ တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းပြီး လက်နက်တွေ ပြန်ရဖို့ ကြိုးစားနေတယ်လို့ ABSDF တာဝန်ရှိသူတွေက ပြောပါတယ်။ လက်နက်သိမ်းယူတဲ့အဖွဲ့ဟာ AB တပ်ရင်းမှုးဟောင်း ကိုခင်ကျော်ဦးဆောင်တဲ့အဖွဲ့ဖြစ်ပေမယ့်၊ သူ့ဟာ အဖွဲ့အစည်းရဲ့အပြစ်ပေးထားခံရသူဖြစ်တာမို့ ခွဲထွက်အဖွဲ့လို့ ပြောဆိုသတ်မှတ်လို့မရဘူးလို့ ABSDF အတွင်းရေးမှူး(၁) ကိုမြင့်ဦးက ဗွီအိုအေ ကို ပြောပါတယ်။ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးဟာ မြန်မာအစိုးရနဲ့ အပြန်အလှန်အပစ်အခတ်ရပ်စဲရေးသဘောတူထားသလို၊ NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာလည်း ပါဝင်လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ အခုလို လက်နက်တွေ သိမ်းယူခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ABSDF စစ်ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်၊ ဗဟိုကေ်ာမတီအတွင်းရေးမှုးလည်းဖြစ်သူ ကိုမြင့်ဦးကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုမြင့်ဦး။ ။ စက်တင်ဘာ ၁၈ ရက်မှာ ကျနော်တို့ ၁၁ ကြိမ်မြောက်ညီလာခံကျင်းပနေတဲ့အချိန်မှာ တပ်မဟာ(၅) ဖာပွန်ခရိုင်တွင်းရှိတဲ့ တပ်ရင်း၃ မှာ KNU အဖွဲ့ကလာပြီးတော့ လက်နက်ခဲယမ်းတွေတချို့လာရောက်ယူဆောင်သွားတယ်ဆိုတာ ကျနော်တို့ သိရတယ်။ အဲဒီကာလမှာ တပ်ရင်းမှူးရော တချို့ တပ်ရင်းအရာရှိတွေရော တချို့ ရဲဘော်တွေရောက ညီလာခံကိုရောက်နေတယ်။ တချို့လည်း ခရီးသွားနေတဲ့အတွက် တပ်မှာက ရဲဘော်တွေမရှိတဲ့ကာလဖြစ်တယ် အဲဒီကာလမှာ လာရောက်ယူဆောင်သွားတယ်လို့ ကျနော်တို့ သိရပါတယ်။

ကိုသားညွန့်ဦး။ ။အဲဒီအဖြစ်အပျက်မှာ အထိအခိုက်တွေတိုက်ပွဲတွေ တင်းမာတဲ့အခြေအနေမျိုးကြုံရသလား။

ကိုမြင့်ဦး။ ။ ဖြစ်စဉ်မှာတော့ တိုက်ခိုက်မှုတို့ ထိခိုက်သွေးထွက် တာတွေတော့မရှိပါဘူး။အချိန်အလင့်အငိုက်မှာ လာရောက်ပြီးတော့ သိမ်းယူသွားတာပဲဖြစ်ပါတယ်။

ကိုသားညွန့်ဦး။ ။လက်နက်တွေပါသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများဖြေရှင်းပေးနေသလဲ ကျနော်တို့ကြားတာကတော့ KNU ကပြန်ထိန်းထားတယ်လို့ ကြားတယ် ဟုတ်ပါသလား။

ကိုမြင့်ဦး။ ။ ကျနော်တို့ သွေးထွက်သံယိုမဖြစ်လိုဘူး နောက်ကျနော်တို့လက်နက်တွေကို ကျနော်တို့ဆီကို ပြန်လွှဲပြောင်းပေးဖို့ကိစ္စအတွက် ဗဟိုကိုရော တပ်မဟာကိုရော သက်ဆိုင်ရာ ဆက်စပ်နေတဲ့ ခေါင်းဆောင်တွေကိုရော ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့ အဲဒီတော့ KNU ကဘယ်လိုအကြောင်းပြန်ထားပါသလဲ။

ကိုမြင့်ဦး။ ။ ဗဟိုကိုတော့ အကြောင်းကြားတာမဟုတ်ပဲနဲ့ တပ်ရင်း၃ တပ်ရင်းမှူး၊ တာဝန်ရှိခေါင်းဆောင်တွေနဲ့ တပ်မဟာ ၅ ခေါင်းဆောင်တွေနဲ့ ဒီသိမ်းဆည်းသွားတဲ့ လက်နက်တွေကို သူတို့ ယာယီသိမ်းထားပေးမယ်၊ ပြီးရင် ကျနော်တို့ ဗဟိုခေါင်းဆောင်များနဲ့ KNU တာဝန်ရှိသူတွေရယ်၊ တပ်မဟာ ၅ ခေါင်းဆောင်တွေ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ကျနေ်ာတို့ စာရတယ်ပေါ့နော်။

ကိုသားညွန့်ဦး။ ။လက်ရှိအားဖြင့် အသိမ်းခံရတဲ့ လက်နက်တွေက ဘယ်သူ့ဆီမှာလဲခင်ဗျ။

ကိုမြင့်ဦး။ ။ လောလောဆည်မှာတော့ စာအရဆိုရင် KNU တပ်မဟာ ၅ လို့ ယူဆလို့ရပါမယ်။

ကိုသားညွန့်ဦး။ ။တကယ်တမ်းက တပ်ရင်း ၃ ရော ၊ ကိုခင်ကျော်အဖွဲ့တွေရော KNU တပ်မဟာ ၅ရဲ့ ဒေသထဲမှာရှိပါတယ်ခင်ဗျ။ ပြောမယ်ဆိုရင်တော့ KNU တပ်မဟာ၅ ရဲ သြဇာခံဒေသ လွှမ်းမိုးဒေသမှာ ရှိနေတဲ့အခါကျတော့ ဒီပြဿနာမှာ နောက်ကွယ်က KNU တပ်မဟာ ၅တို့ ပတ်သက်တာတို့ရော ရှိပါသလား။

ကိုမြင့်ဦး။ ။ ကိုခင်ကျော်ကို ကျနော်တို့အဖွဲ့အစည်းကနေ အချက်၅ ချက်နဲ့ ထုတ်ပယ်ထားတာဖြစ်တယ်။ နံပတ်၁ က ကျနော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတပ်ဖွဲ့ဆိုပြီးတော့ Union Peace Development တပ်ဖွဲ့ ဆိုပြီးတော UPDF အမည်နဲ့ တခြားအဖွဲ့ အစည်းတည်ထောင်ဖို့ ကြိုးပမ်းတယ်။ နောက်တခုက UPDF အဖွဲ့အစည်းအဖြစ် အစိုးရနဲ့ သီးသန့်တခြားအပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကြိုးပမ်းအားထုတ်တယ်ပေါ့နော်။ နောက်တချက်ကတော့ အဖွဲ့အစည်းမှာ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်နဲ့ စည်းကမ်းချက်များကို လိုက်နာမှုမရှိဘူး။ နောက်တချက်ကတော့အဖွဲ့အစည်းထဲ ပြိုကွဲစေရန်ကြိုးပမ်းအားထုတ်မှုပေါ့၊ နောက်ဆုံးတချက်ကတော့ အပေါ်က အချက်၄ ချက်နဲ့ ပတ်သက်ပြီး တွေ့ဆုံဖြေရှင်းဖို့ အကြိမ်ကြိမ် သူ့ကိုအကြောင်းကြားတယ်၊ ဒါပေမယ့် သူကလာရောက်ဖြေရှင်းမှုမရှိဘူး ဒါကြောင့်ကျနော်တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ အပြစ်ရှိလို့ ထုတ်ပယ်ထားတဲ့ လူတယောက်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီကာလမှာ ကျနော်တို့ KNU တပ်မဟာ၁ ၊ တပ်မဟာ ၅ ၊ တပ်မဟာ ၃ တွေမှာ ကျနော်တို့ ကိုယ်တိုင် သွားရောက်ချီးမြင့်ခဲ့ပါတယ် သူတို့ကိုယ်လည်းအကြောင်းကြားခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကျနော်တို့ KNU ဗဟိုကိုလည်း အကြောင်းကြားခဲ့ပါတယ်။ အဲဒီလို ကာလမျိုးမှာတော့ သူတို့တုံ့ပြန်ချက်ပေါ့ KNU ဗဟိုရော ၊ တပ်မဟာ ၅ ရော တုံ့ပြန်ချက်က ကိုခင်ကျော်ကို လူပုဂ္ဂိုလ် အရ လက်ခံထားတာပဲ ဆိုပြီးတော့ ကျနော်တို့ကိုပြောပါတယ်။ အဖွဲ့အစည်းက လက်ခံတာမဟုတ်ဘူးကို ကျနော်တို့ကို အကြောင်းပြန်ခဲ့ပါတယ်။ အဲဒီတော့ ဒီလိုအခြေအနေမျိုးကို လုပ်ဆောင်နိုင်တယ်ဆိုရင်တော့ တစုံတရာတော့ သူ့ကို လူပုဂ္ဂိုလ် အရလက်ခံထားတဲ့အပေါ်မှာပဲလား၊ ဒါမှမဟုတ်ရင် ဘယ်လိုအကြောင်းကြောင့် သူတို့လက်ခံတာလဲဆိုတာကတော့ ကျနော်တို့ကတော့ ပြောဖို့ဆိုဖို့တော့ သိပ်နားမလည်ဘူး။ ကျနော်တို့အတွက်ခက်ခဲပါတယ် ဒါကြောင့် ကိုခင်ကျော်က ABSDF ကခွဲထွက်မဟုတ်ပါဘူး။ ABSDF က အပြစ်ရှိလို့ ထုတ်ပယ်ထားတဲ့ လူဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။

ကိုသားညွန့်ဦး။ ။သူတို့အင်အားကရော ဘယ်လောက်လောက်ရှိသလဲခင်ဗျ

ကိုမြင့်ဦး။ ။ အရှေ့တောင်ပိုင်းစစ်ဌာနချုပ်ကနေတဆင့် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး လုပ်ဖို့အတွက် သူ့မှာ လူအင်အားသုံးရမယ်ဆိုပြီးတော့ အဲလိုအင်အားတော့ပြောတယ်။

ကိုသားညွန့်ဦး။ ။ အခုဒီဖြစ်စဉ်မှာပြောမယ်ဆိုရင် သက်ဆိုင်ရာမဟာမိတ်အဖွဲ့စည်းတွေလည်းရှိတယ် အထူးသဖြင့် KNU ပေါ့နောက်တခုက အစိုးရစစ်တပ်ရှိတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဒီလက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာရှိတဲ့ ဆိုင်ရာအဖွဲ့အစည်းတွေကို တင်ပြသွားဖို့ရော ရှိပါသလား ABSDF အနေနဲ့။

ကိုမြင့်ဦး။ ။ဒီတပ်မဟာ ၅ နဲ့နီးတာဖြစ်တော့ ကရင့်အမျိုးသားအစည်းအရုံးကို ကျနော်တို့ စာပို့ထားပြီးတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျနော်တို့ သူ့ကိုတောင်းဆိုထားပါတယ်။

ABSDF စစ်ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်၊ ဗဟိုကေ်ာမတီအတွင်းရေးမှုးလည်းဖြစ်သူ ကိုမြင့်ဦးကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG