သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ABSDF ခေါင်းဆောင်တချို့ကို စရဖ ဖမ်းဆီး


ABSDF ရဲ့ ငွေရတုအခမ်းအနားမြင်ကွင်း
ABSDF ရဲ့ ငွေရတုအခမ်းအနားမြင်ကွင်း

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ခေါင်းဆောင် ၂ ဦးကို မတရား အသင်းနဲ့ဆက်သွယ်မှုပုဒ်မနဲ့ ကချင်ပြည်နယ်မိုးညှင်းမြို့မှာ မနေ့ကဖမ်းဆီးခဲ့ပါတယ်။ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) အဖွဲ့က မိုးညှင်းရဲစခန်း ကို ခေါ်ဆောင်သွားပြီး ပုဒ်မ ၁၇/၁ နဲ့စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ ဒေသခံ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့က ဗွီအိုအေ ကိုပြောပါတယ်။ ABSDF အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး အစိုးရနဲ့သဘောတူလက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်တာကြောင့် အခုလို အဖွဲ့ဝင်တွေအဖမ်းခံရတာကို နားမလည် နိုင်ဘူးလို့လည်းဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မျက်မြင်သက်သေတဦးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ရဲ့ဒုဥက္ကဋ္ဌ ကိုအောင်ဆွေဦး၊ ဗိုလ်အဆင့်ရှိတဲ့ မောင်ဦးနဲ့ အရပ်သားတဦးဖြစ်တဲ့ ကိုကိန်းမြင့်တို့သုံးဦးကို မတရားအသင်းနဲ့ ဆက်နွယ်မှုနဲ့ ကချင်ပြည်နယ်မိုးညှင်း ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ မနေ့ကညနေပိုင်းမှာ မြောက်ပိုင်းတိုင်း စစ်ဘက်ရေးရာလုံခြုံရေးမှူး (စရဖ)ကဖမ်းဆီးခဲ့တာလို့ ရဲစခန်းမှာ ကိုယ်တိုင်သွားတွေ့ဆုံခဲ့သူတဦးဖြစ်တဲ့ ကိုကျော်မိုးသန်းက ပြောပါတယ်။ ကိုကျော်မိုးသန်းဟာ မိုးညှင်းမြို့နယ် ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ရဲ့ ခရိုင်တာဝန်ခံလည်းဖြစ်ပါတယ်။ အဖမ်းခံခဲ့ကြရတဲ့ ABSDF အဖွဲ့ခေါင်းဆောင်၂ ဦး မိုးညှင်းမြို့ကို ရောက်တာက သူတို့အဖွဲ့ဝင်တဦးရဲ့နာရေးကိုလာတာလို့ဆိုပါတယ်။

“သူတို့လာတာက ABSDF ရဲ့ရဲဘော်ပေါ့နော် - ဗိုလ်ကြီးအဆင့်ပေါ့နော်-- သူကတော့ ကျန်းမာရေးမကောင်းလို့ ဆေးဝါးလာကုရင်း မိုးညှင်းမှာပဲဆုံးသွားတယ်။ ၂၇ ရက်နေ့က ဆုံးသွားတာ။ ကိုအောင်ဆွေဦးရယ်- ABSDF မြောက်ပိုင်း၊ ဗိုလ်အဆင့်ရှိတဲ့ မောင်ဦးပေါ့နော်-သူတို့ ဆင်းလာကြတာပေါ့။”

မေး။ ။ တခြား ဘယ်သူတွေပါသေးလဲ။

ဖြေ။ ။ တခြားက လမ်းကြုံလိုက်ခဲ့တာပေါ့ဗျာ-မန္တလေးမှာနေတယ်။

ABSDF မြောက်ပိုင်းက ကိုအောင်ဆွေဦးတို့ကို စစ်ထောက်လှမ်းရေးအဖွဲ့က လာပြီး ခေါ်ဆောင်သွားကြောင်းကို လည်း ကိုကျော်မိုးသန်းကဆက်ရှင်းပြပါတယ်။

“၂၉ ရက်နေ့မှာ သင်္ဂြိုဟ်တာပေါ့နော်၊ သင်္ဂြိုဟ်ပြီးတဲ့အချိန်မှာ ကိုအောင်ဆွေဦးတို့တည်းနေတဲ့ ညီမအိမ်မှာပဲ လာပြီးမှ လာခေါ်တယ်ပေါ့ဗျာ။ တပ်ကတော့ …မြစ်ကြီးနား မြောက်ပိုင်းတိုင်း က စရဖမှူးလို့ ပြောတယ်။ …ဗိုလ်ကြီးအဆင့်ပေါ့နော်-သူက မြစ်ကြီးနားကနေ ဆင်းလာပြီးမှ မိုးညှင်းမှာရှိတဲ့ စရဖတွေ၊ ရဲတွေနဲ့လာခေါ်တယ်လို့တော့ ပြောတယ်။ သူတို့ ရဲစခန်းရောက်သွားတဲ့အချိန်မှာ ကျနော်တို့ ရောက်သွားတယ်ပေါ့နော်။”

မေး။ ။ သူတို့က လာခေါ်တယ်ဆိုတာက တပ်နဲ့ လက်နက်နဲ့ လာဝိုင်းပြီး ဖမ်းတာလား။

ဖြေ။ ။ ဖမ်းတာတော့ မဟုတ်ဘူးဗျ။ တပ်တွေ၊ လက်နက်တွေ၊ ရဲတွေတော့ ပါတယ်ဗျ။ တခြားမှာ ရဲအရာရှိတွေ…..

ABSDF ဒုက္ကဋ္ဌ ကိုအောင်ဆွေဦးအပါအဝင် သုံးဦးကို KIA ကချင်လွတ်မြောက်ရေးတပ်ရဲ့နယ်မြေအတွင်း နေထိုင်မှုနဲ့ဆက်စပ်ပြီး မိုးညှင်းရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မိုးညှင်းမြို့နယ်ငြိမ်းချမ်းရေး အထောက်အကူပြု အဖွဲ့ရဲ့ခရိုင်တာဝန်ခံ ကိုကျော်မိုးသန်းကဆက်ပြောပါတယ်။

“....သွားလာရေးခွင့်ပြုချက် လက်မှတ်တွေ ဘာတွေ စစ်ဆေးပေးပါ-ဆိုပြီးတော့ ကျနော်တို့ ပြောတယ်။ နယ်မြေခြားသွား-ပေါ့နော်။ သူတို့အားလုံးကို စစ်ဆေးပြီးတော့မှ သူတို့အားလုံးကို မေးပြီးမှ ရဲစခန်းမှာ အမှုဖွင့်လိုက်တာပါ။ ဖွင့်တဲ့သူကတော့ ခလရ ၁၅ ဗိုလ်ကြီး သီဟစိုး…ပေါ့နော်…”

မေး။ ။ အခုအဖမ်းခံထားရတာ ဘယ်သူတွေလဲခင်ဗျ။ ဘယ်နှစ်ယောက်လဲ။

ဖြေ။ ။ သုံးယောက်ပါခင်ဗျ။ ကိုအောင်ဆွေဦးရယ်၊ ဗိုလ်အဆင့်ရှိတဲ့မောင်ဦးရယ်။ နောက် ကိုကိန်းမြင့်ရယ် ပေါ့နော်။ သုံးယောက်။

မေး။ ။ သူတို့ကို ဘာအမှုနဲ့ ဖမ်းထားတာလဲခင်ဗျ။

ဖြေ။ ။ ၁၇/၁ နဲ့ပါ ခင်ဗျ။ မတရားအသင်းနဲ့ ဆက်သွယ်မှုပေါ့နော်။

မေး။ ။ ဘယ်မတရားအသင်းနဲ့ ဆက်သွယ်တာလဲ၊ ဘာကြောင့် သူတို့ကို ဖမ်းတာလဲခင်ဗျ။

ဖြေ။ ။ ပုဒ်မ ၁၇/၁ က မတရားအသင်းနဲ့ဆက်သွယ်မှု၊ သူတို့ကို စွဲလိုက်တဲ့အမှုကတော့ KIA ရဲ့နယ်မြေမှာ နေထိုင်မှုကြောင့် ၁၇/၁ နဲ့ စွဲတယ်ပေါ့ဗျာ။

မေး။ ။ အဲဒီသုံးဦးစလုံးက KIA မှာ နေနေကြတဲ့သူတွေချည့်ပဲလား။

ဖြေ။ ။ မဟုတ်ပါဘူးခင်ဗျ။ ကိန်းမြင့်က မန္တလေးမှာနေတာပါ။ ကျန်တဲ့နှစ်ဦးကတော့ ABSDF မြောက်ပိုင်းဆိုတော့ …ပြည်နယ်ထဲမှာ နေတာပေါ့နော်။

ABSDF အဖွဲ့ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အစိုးရနဲ့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်တွေကို ဘာကြောင့်ဖမ်းရသလဲဆိုတာ ဒေသခံငြိမ်းချမ်းရေး အထောက်ကူပြုအဖွဲ့ကနားမလည်နိုင်ဘူးလို့လည်း ကိုကျော်မိုးသန်းကဆိုပါတယ်။

“ကျနော်တို့နားလည်တာကတော့ ABSDF က NCA မှာလက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်လို့ ၁၇/၁ မရှိတော့ဘူးလို့ သိထားတာပေါ့နော်။ ၁၇/၁ မရှိဘဲ ၁၇/၁ နဲ့စွဲတယ်ဆိုတော့ ဒါ ဘယ်လိုမျိုးလဲပေါ့။ ကျနော်တို့က ဒါကို နားမလည်တတ်ဘူး ဖြစ်နေတယ်ပေါ့နော်။”

မေး။ ။ …ဆိုတော့ ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့အနေနဲ့ ကိုကျော်မိုးသန်းတို့က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာဆက်လုပ်မလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ကတော့ လက်လှမ်းမီသမျှ အခု ရန်ကုန်မှာရှိတဲ့လူတွေကို အကြောင်းကြားပြီးတော့မှ ကျနော်တို့ ဘာလုပ်သင့်တယ်ဆိုတာကို တိုင်ပင်ပြီးတော့မှ ဆက်လုပ်မယ်ပေါ့ဗျာ-နော။

တကယ်တော့ အစိုးရနဲ့အပစ် အခပ်ရပ်စဲရေးသဘောတူထားတဲ့ ABSDF အဖွဲ့ဝင်တွေကို မြန်မာစစ်တပ်က ဖမ်းဆီးတာ အခုတကြိမ်က ပထမဆုံးမဟုတ်ပါဘူး။ ၂၀၁၆ခုနှစ်ဒီဇင်ဘာလတုန်းကလည်း တကြိမ် ABSDF အဖွဲ့ရဲ့ ဦးဆောင်ဗဟိုကော်မီတီဝင် ရဲဘော်မင်းဌေးကို ကချင်ပြည် နယ်လိုင်ဇာဒေသကိုအသွား ကားဂိတ် တခုမှာ အခုလိုပဲမတရားအသင်းနဲ့ ဆက်နွယ်မှုပုဒ်မ ၁၇/၁ နဲ့တရားစွဲဆိုပြီး ၈ လ ကျော်ကြာ ဖမ်းဆီးခဲ့ပါ သေးတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCAကို ABSDF အဖွဲ့က တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ခုနဲ့အတူ ၂၀၁၅ ခု၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG