သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရနဲ့ ABSDF ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူ


ရန်ကုန်ငြိမ်းချမ်းရေးစင်တာမှာ ABSDF နဲ့ အစိုးရအကြား ပြည်နယ်အဆင့် အပစ်ရပ်စဲ သဘောတူလက်မှတ်ထိုးပွဲ အခမ်းအနား (၅ သြဂုတ် ၂၀၁၃) - ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း
ရန်ကုန်ငြိမ်းချမ်းရေးစင်တာမှာ ABSDF နဲ့ အစိုးရအကြား ပြည်နယ်အဆင့် အပစ်ရပ်စဲ သဘောတူလက်မှတ်ထိုးပွဲ အခမ်းအနား (၅ သြဂုတ် ၂၀၁၃) - ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း
ဒီကနေ့ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ဟာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ကြပါတယ်။ ဒီပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်း က အပြည့်အစုံကို သတင်းပေးပို့ခဲ့ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီရဲ့ ဒုတိယဥက္ကဌ တစ်ဦးဖြစ်တဲ့ အမှတ် ၃ သမ္မတရုံး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ဒီကော်မတီနဲ့ ABSDF တို့ရဲ့ ဒီကနေ့ အခြေအနေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မှုအထိ ရောက်ရှိလာခဲ့ရတဲ့ နှစ်ဘက်ဖြတ်သန်းခဲ့ရမှု အခြေအနေတွေနဲ့ နောက်တဆင့်ဖြစ်တဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ရက်ပိုင်းအတွင်း ကျင်းပသွားမယ်ဆိုတဲ့အကြောင်းတွေကို အခုလို ရှင်းပြပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ဒီ process ကြီးကို စခဲ့တာ နှစ်နှစ်ခန့် ရှိပါပြီ။ ကျနော်တို့ အလွတ်သဘော ဆွေးနွေးပွဲ ၃ ကြိမ်၊ ကျနော်တို့ technical team နဲ့ ဆွေးနွေးပွဲ ၂ ကြိမ်၊ စုစုပေါင်း ၅ ကြိမ် ကျနော်တို့ ဆွေးနွေးခဲ့ရပါတယ်။ အဲ့ဒီလို ဆွေးနွေးတဲ့အခါမှာ ပထမဦးဆုံး စပြီး ဆွေးနွေးတဲ့အခါမှာ ကျနော်တို့နဲ့ အချက်ပေါင်း ၆၇ ချက် ကျနော်တို့ အဲ့ဒါကို စတင် ဆွေးနွေးပါတယ်။ အဲ့ဒီ ဆွေးနွေးကြတဲ့ အချက်တွေကို သဘောတူညီမှုရအောင် တဆင့်ပြီးတဆင့် ကျနော်တို့ လျှော့ချခဲ့ပါတယ်။ အခုတော့ အားလုံးပေါင်း ၁၂ ချက်လောက် ကျန်တာပေါ့ဗျာ။ ကျနော်တို့ အပစ်အခတ် ရပ်စဲမယ်။ နောက်ပြီးတော့ လက်ရှိ ရောက်ရှိနေတဲ့ နေရာတွေမှာ ဆက်လက်ပြီး နေထိုင်သွားမယ်။ လက်နက်မပါဘဲနဲ့ သွားလာခွင့်ပြုမယ်။ နောက် ဆက်ဆံရေးရုံးကို ကျနော်တို့ မြဝတီမှာ ဖွင့်မယ်။ နောက် ကျနော်တို့ ပြည်ထောင်စုအဆင့် အစည်းအဝေးကို သြဂုတ်လ ၁၀ ရက်နေ့ ၁၀ နာရီမှာ ဒီမှာပဲ ပြန်လုပ်မယ်လို့ ကျနော်တို့ ဒီလို ဆုံးဖြတ်ခဲ့ပါတယ်။ ဒီပွဲဟာ တကယ်တော့ ၈ လေးလုံး အရေးအခင်းကာလမှာ တောထဲကို မိမိယုံကြည်ချက်ကြောင့် တောထဲကို ရောက်သွားတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။ တောထဲမှာလည်း ဒုက္ခ၊ သုတ္ခမျိုးစုံကို ခံစားပြီးခါမှ ဒီအခြေအနေကို စောင့်ဆိုင်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။”

ဒီပွဲမှာ လေ့လာသူအဖြစ် တက်ရောက်သူတစ်ဦးဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့ အခြေစိုက် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ Center for Peace and Conflict Study ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ မစ် အမ်မာ လက်စလေ (Emma Leslie) က သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“ဒီနေ့ဟာ အလွန် ထူးခြားတဲ့ သမိုင်းဝင်နေ့တနေ့ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ABSDF ဟာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် တခုတည်းနဲ့ ရုန်းကန်လှုပ်ရှားခဲ့တာ မဟုတ်ဘဲနဲ့ သူတို့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေထဲမှာ နှစ်ပေါင်းများစွာ ရပ်တည်နေထိုင်ခဲ့တာဖြစ်တာကြောင့် ဒါဟာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းတွေမှာ ABSDF ဟာ စေ့စပ်ညှိနှိုင်းပေးနိုင်တဲ့နေရာကနေ ပါဝင်လုပ်ကိုင်နေနိုင်သူတွေ ဖြစ်နေကြလို့ ဒီနေ့ဟာ သမိုင်းဝင်နေ့ပါလို့ ပြောရတာဖြစ်တဲ့အကြောင်း” - မစ် အမ်မာ လက်စလေ က ပြောသွားခဲ့တာပါ။

ရန်ကုန်မြို့ကို ရောက်ရှိနေကြတဲ့ ABSDF ခေါင်းဆောင်တွေဟာ သြဂုတ် ၆၊ ၇၊ ၈ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာ ကျင်းပမယ့် ၈ လေးလုံး ပြည်သူ့အရေးတော်ပုံ ငွေရတုသဘင် အခမ်းအနားတွေမှာ ပါဝင်တက်ရောက်မှာဖြစ်ပြီးတော့ သြဂုတ်လ ၁၀ ရက်နေ့မှာတော့ မြန်မာငြိမ်းချမ်းရေးစင်တာမှာပဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ဆက်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG