သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“စစ်အာဏာသိမ်းမှုအောက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မဖြစ်နိုင်” ABSDF ဥက္ကဌ


ABSDF peace meeting in Yangon. August 10, 2013
ABSDF peace meeting in Yangon. August 10, 2013

နွေဦးတော်လှန်ရေးကာလမှာ ၈၈မျိုးဆက်အဖွဲ့အစည်းတခုဖြစ်တဲ့ ABSDF ကျောင်းသားတပ်မတော်ဟာလည်း တပ်ရင်းတပ်ဖွဲ့တွေပြန်လည်စုစည်းပြီး အတူ တိုက်ပွဲဝင်နေပါတယ်။ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းထားတဲ့အောက်မှာငြိမ်းချမ်းရေးလုပ်ငန်းတွေစဉ်တွေ ဆက်သွားဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ABSDF ဥက္ကဌကိုသံခဲကို ထိုင်းမြန်မာနယ်စပ်တနေရာမှာ တွေ့ဆုံမေးမြန်းခဲ့တဲ့ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။

၂၀၂၁ ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသအသီးသီးနဲ့တိုင်းရင်းသားနယ်မြေတွေကိုရောက်ရှိလာတဲ့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲလိုသူတွေ၊ CDM ဝန်ထမ်းတွေစသည်ဖြင့်ရောက်လာသူတွေကို ကူညီမယ်၊ လက်တွဲလုပ်ဆောင်မယ်လို့အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်နဲ့အတူ နွေဦးတော်လှန်ရေးမှာပါဝင်နေတာဖြစ်တယ်လို့ ဥက္ကဌကိုသံခဲကပြောပါတယ်။ ၁၉၈၈ တော်လှန်ရေးမှာတပ်ရင်းတပ်ဖွဲ့ပေါင်းများစွာနဲ့ မြန်မာပြည်အနှံ လက်နှက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့တဲ့ ABSDF ဟာ ၂၀၂၁ ခုနှစ်မှာ တကျော့ပြန်အင်အားပြန်လည်တည်ဆောက်ပြီးတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
“ရောက်ရှိလာတဲ့အင်အားသစ်တွေအပေါ်မှာကျနော်တို့သင်တန်းတွေပေးရတယ်၊ တတ်နိုင်တဲ့အကူအညီတွေပေးရပါတယ်။ ဒါကြောင့်မို့ပြောချင်တာကတော့၊ ဒီနေ့ အခြေအနေမှာတော့ ASBDF ဟာ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ လူထုတိုက်ပွဲတွေနဲ့အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်တဲ့အခြေနေရှိပါတယ်။ အင်အားသစ်တွေလည်းတိုးပွားလာတယ်။ ကျနော်တို့စစ်ကြောင်းအသစ်တွေလည်းတိုးပွားလာပါတယ်။ ဒါ ကျနော်တို့ ABSDF ၃၅ နှစ်တာအတွင်းမှာ ဖြစ်ထွန်းမှုလို့ပြောရင်လည်းဖြစ်ပါတယ်။လူထုတိုက်ပွဲနဲ့လက်နက်ကိုင်တော်လှန်ရေးပေါင်းစပ်နေတဲ့အခန်းကဏ္ဍမှာ ABSDF ကလည်း တခန်းကဏ္ဍကနေပါဝင်နေတာဖြစ်ပါတယ်။ ကျနော်တို့အခုနပြောတဲ့ စစ်ကိုင်း၊ မကွေး၊ နောက်တခုက ကချင်စသည်ဖြင့် ဒီဒေသတွေမှာလည်းလုပ်နိုင်သလို ဒီဘက်ဒေသတွေမှာလည်းသူ့ ခရိုင်အလိုက် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ ပေါင်းစပ်တိုက်ပွဲဝင်မှုတွေရှိနေပါတယ်။ ကိန်းဂဏန်းအရလည်းအများကြီးတိုးပွားလာတယ် ပြောရမယ်။ တပ်ရင်းတပ်ဖွဲ့ တပ်ရင်းတပ်ဖွဲ့တွေအများကြီးတိုးပွားလာတာကိုလည်းကျနော်ပြောချင်ပါတယ်။”
၁၉၈၈ ခုနှစ်ကနေစတင်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတပ်မတော် ABSDF ဟာ ၂၀၁၅ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ NCA အပစ်အခတ်ရပ်ဆဲရေးစာချုပ်လက်မှတ်ထိုးခဲ့ပြီး၊ တိုင်းပြည်ပြဿနာကိုနိုင်ငံရေးနည်းနဲ့အဖြေရှာဖို့ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ NCA သဘောတူညီချက်ဟာအလုပ်မဖြစ်တော့ဘဲ၊ ဆက်လက်လုပ်ဆောင်လို့ရ တဲ့အခြေအနေမရှိတော့ဘူးလို့ ဥက္ကဌကိုသံခဲကပြောပါတယ်။
“ NCA ဆိုတဲ့ဖြေရှင်းမှုပုံစံဟာဘယ်လိုလဲဆိုရင်၊ နိုင်ငံရေးသဘောတူညီချက်ကိုရှာတဲ့အခါမှာ၊ လွှတ်တော်ပါရမယ်၊ ရွေးကောက်ခံကိုယ်စားလှယ်တွေပါရမယ်၊ အစိုးရပါရမယ်၊ တပ်မတော်ပါရမယ်၊ အဲဒိအပြင် အခု NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေလည်းပါမယ်။ ဒါတွေအားလုံးစုဆုံပြီးတော့ နိုင်ငံရေးသဘောတူညီ ချက်ကိုရှာမယ်လို့ သဘောတူခဲ့တာဖြစ်တယ်။ ဒါပေမယ့်ဒီကနေ့အခြေနေမှာ လွှတ်တော်ဆိုတဲ့အခန်းကဏ္ဍလည်းမရှိဘူး၊ နိုင်ငံရေးပါတီဆိုတဲ့အခန်းကဏ္ဍလည်းရှိဘူး၊ အစိုးရဆိုတဲ့အခန်းကဏ္ဍလည်းမရှိဘူး၊ တပ်မတော်တခုတည်းကသာလျှင် အုပ်ချုပ်ရေးရော၊ တရားစီရင်ရေးရော၊ ဥဒေပြုရေးရော အာဏာသိမ်းပြီးနောက်မှာ ချုပ်ကိုင်ထားတာဖြစ်တယ်၊ ဒိအပြင် လက်နှက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဟာနွေဦးတော်လှန်ရေးနဲ့ အတူပူးပေါင်းပါဝင်ပြီးတော့ အလုပ်လုပ်ခဲ့ကြတာ ဖြစ်တယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးဆိုတဲ့ စာချုပ်ကြီးကရှိပေမယ့်၊ အဲဒိအထဲမှာရှိနေတဲ့ယန္တယားတွေအားလုံး ကတော့ ဘယ်လိုမှအလုပ်လုပ်နိုင်တဲ့အခြေအနေမရှိဘူး၊ ပြောချင်တဲ့အဓိပ္ပါယ်ကတော့ အစိုးရယန္တယားမရှိဘူး၊ လွှတ်တော် ယန္တယားမရှိဘူး၊ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍ မရှိဘဲနဲ့ တပ်မတော်တခုထဲနဲ့ပြောဆိုနေတဲ့ ဒီ NCA ဆိုတဲ့ယန္တယားကို အသက်သွင်းမှုကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ကျနော်ထင်တယ်။ ဒါကြောင့်မို့လည်း NCA ဆိုတာဘယ်လိုမှဆက်သွား လို့ရတဲ့အခြေအနေမရှိဘူး။"
လက်ရှိအခြေအနေမှာ အလှုငွေပေါ်မှာအခြေခံရပ်တည်နေရပြီး၊ ငွေကြေးအကန့်အသတ်ကြောင့် တိုးချဲ့လုပ်ဆောင်လို တာတွေရှိပေမယ့် ထိန်းညှိလုပ်ဆောင်နေရတယ်လို့ဆိုပါတယ်။ နိုင်ငံတကာအလှုရှင်တချို့ထောက်ပံ့တာမျိုးရှိပေမယ့် များများစားစား လက်ခံရရှိတာမျိုးမရှိဘူးလို့ဆိုပါတယ်။
“အထူးသဖြင့်ကတော့ ပြောချင်တာကတော့ ကျနော်တို့ဒီကနေ့နွေဦးတော်လှန်ရေးရဲ့ အဓိကမောင်းနှင်အားတွေရှိ ပါတယ်။ ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိနိုင်တယ်၊ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေရှိနိုင်တယ်။ အလားတူဘဲ တရားဝင်မှုအနေနဲ့ စစ်ကောင်စီကိုအပြိုင်တိုက်ပွဲဝင်နေရတဲ့ NUG လိုအဖွဲ့အစည်းတွေရှိပါတယ်။ ဒီနိုင်ငံတကာကသွားတဲ့အလှုငွေတွေက ဒီခေါင်းစဉ်အောက်မှာ အများဆုံးသွားနေတယ်လို့ဘဲယူဆရမှာဖြစ်ပါတယ်။ ဒါကလည်းတော်လှန်ရေးအတွက်အရေးကြီးတဲ့ လိုအပ်ချက်လို့ ယူဆပါတယ်။ ကျနော်တို့တွေအနေနဲ့လည်းကျနော်တို့ အတိုင်းအတာအလျောက် ဆက်စပ်နေတဲ့အဖွဲ့အစည်းတွေ နိုင်ငံတကာရောက်အင်အားစုတွေရဲ့ အခုနပြောတဲ့ကူညီ လှုဒန်းမှုတွေတစုံတရာရှိပေမယ့် ကျနော်တို့ အများကြီးရရှိသေးတာမရှိပါဘူး။”
၁၉၈၈ တော်လှန်ရေးမှာ တပါတီအာဏာရှင်စနစ်ကိုအဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မျက်နှာဖုံးခွါချနိုင်ခဲ့ပါတယ်။ အခုဆက်နွှဲနေတဲ့ ၂၀၂၁ တော်လှန်ရေးမှာလူထုဟာ ဒီမိုကရေစီပြည့်ဝပြီးတန်တူးရေးရှိတဲ့ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုနေတာဖြစ်တဲ့အတွက် ဒါကိုအကောင်အထည်ဖော်နိုင်မှဘဲ တိုင်းပြည်ပြဿနာဖြေရှင်းပြီးဖြစ်မယ်လို့ယုံကြည် ကြောင်းဥက္ကဌကိုသံခဲ့ကပြောဆိုပါတယ်။
“ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအောက်ကိုပြန်သွားမယ့် မည်သည့်သဘောတူညီချက်ကိုမှ ကျနော်တို့ပြည်သူလူထုအနေနဲ့လက်ခံနိုင်တော့မယ့်အခြေနေမရှိပါဘူး၊ ဒီမိုကရေစီ၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ (ပြည်ထောင်စု) Federal ပုံစံစနစ်တခုကို အာမခံတဲ့ သဘောတူညီချက်တခုကိုရှာနိုင်တဲ့ အဖြေတခုကိုထုတ်နိုင်မှသာလျှင်တိုင်းပြည် အကျပ်အတည်းဟာဖြေရှင်းနိုင်လိမ့်မယ်လို့ကျနော်ယူဆပါတယ်။”
ABSDF ကျောင်းသားတပ်မတော်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအတွက် လူထုအုံကြွတော်လှန်မှုမှာ ဦးဆောင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဗကသ ကိုခြေခံပြီးပေါ်ပေါလာတဲ့အဖွဲ့အစည်းတရပ်ဖြစ်ပါတယ်။ အခုအခါ ၂၀၂၁ နွေဦးတော်လှန်ရေးမှာမျိုးဆက်သစ်လူငယ်ကျောင်းသားတွေနဲ့အတူဆက်လက်လုပ်ဆောင်နေပါတယ်။
XS
SM
MD
LG