သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်လုံးကျွတ် ကျောင်းသားညီလာခံ ကျင်းပရေး ဗကသ အဖွဲ့ချုပ် ကြိုးပမ်းမည်


ဇူလိုင်လ ၂ရက်နေ့ကနေ ၄ရက်နေ့အထိ ပဲခူးမြို့တွင် ကျင်းပခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲချုပ် တက္ကသိုလ် သမဂ္ဂများနှီးနှော ဖလှယ်ပွဲ။ ဓါတ်ပုံ - (ABFSU-CWC)
ဇူလိုင်လ ၂ရက်နေ့ကနေ ၄ရက်နေ့အထိ ပဲခူးမြို့တွင် ကျင်းပခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲချုပ် တက္ကသိုလ် သမဂ္ဂများနှီးနှော ဖလှယ်ပွဲ။ ဓါတ်ပုံ - (ABFSU-CWC)

ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ စီစဉ်ကျင်းပတဲ့ တက္ကသိုလ် သမဂ္ဂများ နှီးနှောဖလှယ်ပွဲကို ပဲခူးမြိုမှာ ၃ရက်တာ ကျင်းပခဲ့ ပြီးတဲ့နောက် မှာတော့ ကျောင်းသား သမဂ္ဂတွေ စုစည်းပြီး ပြည်လုံးကျွတ် ကျောင်းသား ညီလာခံ ကျင်းပရေး အပါအဝင် အချက် ၃ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ မအေးမာက သတင်း ပေးပို့ထားပါတယ်။

ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဇူလိုင်လ ၂ရက်နေ့ကနေ ၄ရက်နေ့ထိ တက္ကသိုလ် သမဂ္ဂများ နှီးနှောဖလှယ်ပွဲကို ပဲခူးမြို့မှာ ကျင်းပခဲ့တာပါ။

ဒေသပေါင်းစုံက ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ အင်အားရာဂဏန်း ရှိတဲ့ ကျောင်းသားတွေရဲ့ နှီးနှောပွဲ နောက်ဆုံးနေမှာတော့ ပြည်လုံးကျွတ် ကျောင်းသား ညီလာခံ ကျင်းပနိုင်ရေး အပါအဝင် အချက် ၃ချက်ကို ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဗကသများ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောပါတယ်။

“ဒီနေ့ နောက်ဆုံးနေ့ ကျွန်တော်တို့ ဒီ ညီလာခံ သွားမယ့် ပုံစံတွေ၊ နောက် တက္ကသိုလ် သမဂ္ဂ တစ်ခုချင်းစီရဲ့ constitution တွေ ကို ဆွေးနွေးပြီးတော့ အခြေခံ မူဘောင်တွေကို ဆွဲနေတယ်။ ပြီးတော့ ဒီ တက်လာတဲ့ ကျောင်းသား သမဂ္ဂတွေ ထဲက လူမျိုးစု တိုင်းရင်းသား သမဂ္ဂ ကျောင်းသားတွေ အဆို တင်တာက၊ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား ညီလာခံဆိုတာကို တနိုင်ငံလုံး တိုင်းအတာနဲ့ လွှမ်းခြုံတာမျိုး မဟုတ်ရင် သူတို့ လက်မခံဘူးပေါ့။ အဲဒီတော့ ကြေငြာချက် ထုတ်ချင်တယ်ပေါ့။ ဒီအဖွဲ့မှာ ပါလာတဲ့၊ အစည်းအဝေးမှာ ပါလာတဲ့ အဖွဲ့တွေ အားလုံး ကြေငြာချက် ထုတ်ချင်တယ်ပေါ့။ ဒီကြေငြာချက်မှာလည်း နိုင်ငံလုံး ဆိုင်ရာ လွှမ်းခြုံခြင်း မရှိပဲ နိုင်ငံလုံးဆိုင်ရာ ဆိုတဲ့ ခေါင်းစဉ်တပ်တဲ့ အပေါ်မှာ သူတို့ ကန့်ကွက်တယ်။ ပြီးတော့ တိုင်းရင်းသားတွေ အသိအမှတ် မပြုတာကို ကန့်ကွက်တယ်။ ပြီးတော့ ဒီဟာ ကျွန်တော်တို့ ဗကသအဖွဲ့ချုပ်နဲ့ လက်တွဲပြီးတော့၊ ပြည်လုံး ကျွတ် ကျောင်းသား ညီလာခံ ကျင်းပဖို့အတွက် သူတို့ လက်တွဲ ပြီးတော့ ဆောင်ရွက်သွားမယ် ဆိုတာ အာလုံး အချက် သုံးချက်ပါတဲ့ ကြေငြာချက် ထုတ်လိုက်တယ်။ ”

နိုင်ငံလုံးဆိုင်ရာ ကျောင်သား ညီလာခံကတော့ တကသကျောင်သားတွေ နဲ့ မြေလတ်ကျောင်းသား သမဂ္ဂတွေက စီစဉ်ဆောင်ရွက် နေတာဖြစ်ပြီး မကြာသေးခင် တုန်းကတော့ အဲဒီအဖွဲ့က ကျောင်းသားတွေကို အစိုးရက ခေါ်ယူ တွေဆုံ ခဲ့တာတွေလည်း ရှိခဲ့တာကြောင့် ကျောင်းသားတွေအပေါ် ခွဲခြားဆက်ဆံတယ် ဆိုပြီး၊ အစိုးရအပေါ် ဝေဖန်မူတွေလည်း ရှိနေတာပါ။ လက်ရှိ ဗကသများ အဖွဲ့ချုပ်က ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲ ကိုတော့ အစိုးရဘက်က ကန့်သတ် ပိတ်ပင်တာ၊ အားပေးတာတွေ မရှိခဲ့ပါဘူး။

တက္ကသိုလ် သမဂ္ဂများ၊ နှီးနှော ဖလှယ်ပွဲ ကျင်းပနေတဲ့ နေရာကိုတော့ ပြည်ထဲရေး ဝန်ကြီးဌာနက စောင့်ကြည့် အကဲခတ်တာ သတင်းယူတာတွေတော့ ရှိနေတဲ့ အတွက် အရင်အစိုးရ လက်ထက်အတိုင်း သိပ်မကွာခြားဘူးလို့ ကိုမင်းသွေးသစ်က ဆိုပါတယ်။

“အရင်တုန်းက အခြေအနေနဲ့တော့ သိပ်မထူးဘူးလို့ ကျွန်တော်တို့က ယူဆ ပါတယ်။ အရင်တုန်းကတော့ အစိုးရရယ်၊ ပြည်ထဲရေးရယ်၊ စစ်တပ်ရယ်က တစ်စုံတည်း ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကို စစ်တပ်က စောင့်ကြည့် လိုက်၊ ပြည်ထဲရေးက စောင့်ကြည့်လိုက်နဲ့ တရားစွဲမယ်။ နောက် အစိုးရက ဖိအားပေးမယ် အကန့်အသတ်တွေ လုပ်လာမယ် ဒါမျိုး ကြုံရတယ်။ အခုတော့ နည်းနည်း တစ်စုံ တစ်ရာ ပြောင်းလဲလာတာက အစိုးရဘက်က ဒီလို အရင်လို ကန့်သတ်ပိတ်ပင်တာမျိုး မရှိဘူး။ ဒါပေမယ့် ပြည်ထဲရေးနဲ့ စအဖကတော့ နဂို သဘောထားအတိုင်း ရှိနေတုန်းပဲလို့ ကျွန်တော်တို့ ယူဆတယ်။ ဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အာဏာ အကန့်အသတ်ရှိနေတာကြောင့်လို့ ကျွန်တော်တို့က မြင်ပါတယ်။ အရင်တုန်းကနဲ့တော့ အလုံးစုံ မတူပါဘူး။ ဒါပေမယ့် ဒီ တပ်ဖက်နဲ့ဆိုင်တဲ့ ဘက်တွေတော့ အကုန်လုံးကတော့ နဂို သဘောထား အတိုင်း အတူတူပါပဲ။ ”

ဗကသများ အဖွဲ့ချုုပ် အနေနဲ့ လာမယ့် နိုဝင်ဘာလမှာတော့ ခရိုင်ပေါင်းစုံက သမဂ္ဂတွေနဲ့ တွေဆုံးပွဲကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး၊ အဲဒီဆွေးနွေးပွဲ ကနေ ပြည်လုံးကျွတ် ကျောင်းသား ညီလာခံကြီးကို ခေါ်ယူကျင်းပနိုင်မယ့် ရက်ကို ကြေငြာသွားမယ်လို့ ဆိုပါတယ်။

ဗကများ အဖွဲချုပ်ဟာ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး အတွက် ကန့်ကွက် သပိတ်မှောက်ပြီး၊ ခရီးရှည်ချီတက် ခဲ့တာကြောင့် ပြီးခဲ့တဲ့အစိုးရ လက်ထက်ရိုက်နှက် ဖြိုးခွင်းတာခံရပြီး တနှစ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင်တာကို ခံခဲ့ရတာပါ။ အစိုးရသစ် လက်ထက်မှာတော့ သူတိုကို စွဲဆိုထားတဲ့ အမူတွေကို ပြန်ရုပ်သိမ်းပေး ခဲ့ပြီး ကျောင်းသားတွေနဲ့ ဝန်းရံ ပြည်သူတွေကို ပြန်လွတ်ပေးခဲ့ ပါတယ်။

လက်ရှိမှာတော့ ကျောင်းသားတွေက ပြည်လုံးကျွတ် ကျောင်းသားညီလာခံကြီးကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေကြပြီး လူမျိုးစု ကျောင်းသားတွေကလည်း ဒီညီလာခံ ကျင်းပနိုင်ရေးအတွက် ဗကသများအဖွဲချုပ်နဲ့အတူ ပူးပေါင်း ဆောင်ရွက် ကြဖို့ သဘောတူညီ ခဲ့ကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG