သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းထောင်ရွှေ့ပြောင်းချိန် ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦး ပစ်သတ်ခံရ


ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင် (photo: All Burma Federation of Student Unions)
ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင် (photo: All Burma Federation of Student Unions)

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ပဲခူးတိုင်း ဒုဥက္ကဌ ကိုခန့်လင်းနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးဟာ ဒိုက်ဦးအကျဉ်းထောင်ကနေ ဇွန်လ (၂၇) ရက်နေ့က ရွှေ့ပြောင်းချိန် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုနဲ့ သေဆုံးခဲ့ကြောင်း ဗကသက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းထုတ်ပြန်ထားပါတယ်။

ကိုခန့်လင်းနိုင် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တဦးက ဗွီအိုအေကို ဒီကနေ့ တနင်္ဂနွေနေ့မှာ တယ်လီဂရမ်ကနေ အခုလို အတည်ပြုတုံ့ပြန်ခဲ့ပါတယ်။

“ပဲခူးဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင်ကျဆုံးတာကို ကျနော်တို့ အတည်ပြုနိုင်ပါတယ်။ တခြားရဲဘော်တွေ ကျဆုံးတာလည်း ကြားရပါတယ်။ ဒါက ဖက်ဆစ်တပ်ကလုပ်တဲ့ ဖက်ဆစ်လုပ်ရပ်တွေထဲက တခုပါပဲ။ ကျနော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ရှေ့ဆက်ပြီး လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်သွားဖို့ ရှိပါလိမ့်မယ်။ တော်လှန်ရေးသမားကိုသတ်ရုံနဲ့ တော်လှန်ရေးကို ရပ်တန့်မရဘူး။”

ဇွန်လ (၂၇) ရက်နေ့က ဒိုက်ဦးအကျဉ်းထောင်ကနေ အင်းစိန်အကျဉ်းထောင်ကို ရွှေ့ပြောင်းချိန်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ အနေနဲ့ စစ်ကောင်စီ ပြောခွင့်ရကို ကြိုးစားဆက်သွယ်ပေမယ့် အခု သတင်းကြေညာချိန်ထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဗွီအိုအေက လက်ခံရရှိထားတဲ့ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိသားစုဝင်ဆီကို ပေးပို့ထားတဲ့ အကျဉ်းဦးစီးဌာနရဲ့ စာမှာတော့ ဇွန်လ (၂၉ ) ရက်နေ့ ရက်စွဲနဲ့ ဒိုက်ဦးအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးကျော်ဇေယျ လက်မှတ်ရေးထိုးထားတာတွေ့ရပါတယ်။ အဲဒီမှာ- ဇွန်လ (၂၇) ရက်နေ့က ဒိုက်ဦးဗဟိုအကျဉ်းထောင်ကနေ အင်းစိန်အကျဉ်းထောင်ကို အကျဉ်းသားတချို့ရွှေ့ပြောင်းချိန်မှာ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တိမ်းမှောက်ခဲ့ပြီး ထွက်ပြေးဖို့ကြိုးစားကြတဲ့ အကျဉ်းသားတွေကို လုံခြုံရေးအဖွဲ့ဝင်တွေက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဗကသခေါင်းဆောင်တဦးဖြစ်တဲ့ ကိုခန့်လင်းနိုင်ဟာ သေဆုံးချိန်မှာ အသက် (၂၀) ကျော်အရွယ်ပဲရှိသေးကြောင်း ဗကသများအဖွဲ့ချုပ်က ပြောပါတယ်။ သူ့ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ထားကြောင်း ဇူလိုင်လ (၇)ရက်နေ့ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒိုက်ဦးအကျဉ်းထောင်ကနေ ရွှေ့ပြောင်းချိန် စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၃၁ ဦးပါဝင်ကြောင်းနဲ့ မော်တော်ကားတိမ်းမှောက်ချိန်သေဆုံးသွားတဲ့သူအရေအတွက် အတိအကျမသိရသေးပေမယ့် ကိုခန့်လင်းနိုင်အပါအဝင် အနည်းဆုံး နှစ်ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီကလည်း အတည်ပြုပါတယ်။

ဒါအပြင် ဖမ်းဆီးထိန်းသိမ်းခံရစဉ် စစ်ကောင်စီရဲ့ ပစ်သတ်မှုကြောင့် သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းတွေနဲ့ ပတ်သက်လို့ မကြာခင်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာဖို့ရှိတယ်လို့လည်း အေအေပီပီ တာဝန်ရှိသူတွေက ဗွီအိုအေကိုပြောပါတယ်။ ဆိုရှယ်မီဒီယာသတင်းတွေနဲ့ဒေသတွင်း သတင်းတွေအရ ဇွန်လ (၂၇)ရက်နေ့က ထောင်ပြောင်းချိန် ကားတိမ်းမှောက်ရာကနေ ထွက်ပြေးတဲ့ အကျဉ်းသားတွေ ကို လုံခြုံရေးတပ်တွေက ပစ်ခတ်မှုကြောင့် သေဆုံးသူ (၇)ဦးထိ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG