သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ဝ၁၄ မြန်မာရုပ်ရှင် အကယ်ဒမီဆုပေးပွဲ


၂၀၁၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (ဒီဇင်ဘာ ၂၉၊ ၂၀၁၄)
၂၀၁၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (ဒီဇင်ဘာ ၂၉၊ ၂၀၁၄)

၂ဝ၁၃ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆု အခမ်းအနားကို ဒီကနေ့ရန်ကုန်မြို့မှာ ကျင်းပခဲ့တာပါ။ ရုပ်ရှင်ပရိသတ်တွေ ခန့်မှန်းထားတဲ့ မင်းသား၊ မင်းသမီးနဲ့ ဒါရိုက်တာတွေ ထူးချွန်ဆုဆွတ်ခူးနိုင်ခဲ့တဲ့နှစ်လို့ပြောရမှာပါ။ အရင် ပြန်ကြားရေးဝန်ကြီးဌာနကကျင်းပပေးတဲ့ အကယ်ဒမီပေးပွဲကို ဒီနှစ်မှာ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးက သီးခြား လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဒီပွဲကို စောင့်ကြည့် သတင်းရ ယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ကြားခဲ့ရတဲ့ အသံတွေကတော့ ဒီနှစ် အကယ်ဒမီဆုပေးပွဲမှာ ရုပ်ရှင်အစည်အရုံးက အသစ်ရေးစပ်ပြီး မြန်မာ့ရုပ်ရှင်ရဲ့ရတု အဆက်အစပ်ကို ဖော်ကျူးထားတဲ့ သီချင်းသံပါ။

၂ဝ၁၄ ခုနှစ် ဒီဇင်လဘာလမှာ ကျင်းပခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲအခမ်းအနားဟာ အရင်နှစ်တွေနဲ့ မတူဘဲ ခမ်းခမ်းနားနားကျင်းပခဲ့တာပါ။ ဒီနှစ်ဟာ အနိုင်ရ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ကကျင်းပခဲ့တဲ့ အကယ်ဒမီပွဲကို မြန်မာရုပ်ရှင်အစည်းအရုံးရဲ့ အစီအစဉ်နဲ့လွတ်လွတ်လပ်လပ် ကျင်းပနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနှစ် အကယ်ဒမီပေးပွဲမှာ “နင်စေရင်” ဇာတ်ကားက လွှမ်းမိုးခဲ့ပြီး တစ်ခါမှ အကယ်ဒမီဆုမရရှိခဲ့တဲ့ ဒါရိုက်တာဝိုင်းကလည်း ဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

“တခါတုန်းက “ဇော်က-ကနေသည်” ကားမှာ --- အကယ်ဒမီရတုန်းက စကားလေးတခွန်းကိုပဲ ကျနော် ပြန်ပြောချင်ပါတယ်။ ဝိုင်း- အကယ်ဒမီ ရပါပြီ။ (လက်ခုပ်သံများ…) ဒုတိယတကားတုန်းကတော့ ကျနော့်ရဲ့လက်ဦးဆရာဖြစ်တဲ့ဦးကျော်ဟိန်း- အကယ်ဒမီမှာ ပြောတဲ့စကားပါ။ လူသား အားလုံးကို ကျေးဇူးတင်ပါတယ်။…”

ဒါရိုက်တာဝိုင်း ပြောသွားတဲ့ စကားသံအချို့ပါ။

အကယ်ဒမီပေးပွဲမှာ အရေးပါတဲ့ အမျိုးသားဇာတ်ဆောင်ဆုကိုနင်စေရင် ဇာတ်ကားနဲ့ပြေတီဦးက ရရှိခဲ့သလို အမျိုးသမီးဇာတ်ဆောင်ဆုကို နင်စေရင် ဇာတ်ကားနဲ့ပဲ ဝတ်မှုန်ရွှေရည်က ရရှိခဲ့တာပါ။ ပြေတီဦးအတွက်တော့ ဒီနေ့ဟာ သူ့အတွက် သုံးကြိမ်မြောက် အကယ်ဒမီဆုလည်းဖြစ်ပါတယ်။

“ဒီလိုနေရာမျိုးကို ကျနော်တက်လှမ်းနိုင်ဖို့အတွက် ကျနော် ဖြတ်သန်းခဲ့ရတဲ့လမ်းကြောင်းဟာ မချောမွေ့ခဲ့ပါဘူး၊ ကျနော် နှစ်ပေါင်းများစွာ အချိန်တွေ အများကြီးပေးခဲ့ရတယ်။ ဒုက္ခ၊ သုက္ခတွေအများကြီးကြုံခဲ့ရတယ်။ စိတ်ဓာတ်ကျခဲ့ရတဲ့အချိန်တွေ၊ မျက်ရည်ကျလောက်တဲ့အထိကို ကျနော် အားငယ်ခဲ့ရတဲ့အချိန်တွေ ကျနော့်ဘဝမှာ အများကြီးပါပဲ။ အဲလိုအချိန်တွေအများကြီးကို ဖြတ်ကျော်ပြီးတော့ ဒီလိုနေ့မျိုးလေးတခုကို ရောက်လာအောင် ဖြတ်သန်းခဲ့တဲ့လမ်းကြောင်းတလျှောက်မှာ ကျနော် ကျေးဇူးတင်ရမယ့်သူတွေက အများကြီးပါ။ သူတို့တွေအားလုံးကို ဒီနေ့တော့ ကျနော် ကျေးဇူးတင်စကား ပြောပါရစေ။….”

ပြေတီဦး ပြောဆိုသွားတဲ့ စကားသံအချို့ပါ။

အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ ဝါရင့်မင်းသမီးကြီးတွေ အကယ်ဒမီစာရင်းပေါက်နေတဲ့ကြားက ဝါရင့် သရုပ်ဆောင်မဟုတ်တဲ့ ဝတ်မှုန်ရွှေရည်က ဆွတ်ခူးခဲ့တာပါ။ ပထမဆုံး အကယ်ဒမီဆုဖြစ်သလို မမျှော်လင့်ဘဲရရှိခဲ့တဲ့ ဆုတစ်ဆု၊ ပရိသတ်ကပေးတဲ့ဆု-ဖြစ်တယ်လို့လည်း ဝတ်မှုန်ရွှေရည်က ပြောခဲ့ပါတယ်။

“ဟုတ်ကဲ့၊ အရမ်းပျော်နေပါတယ်။ အဲလိုပဲ ကစ်ပရိသတ်တွေလည်း ပျော်နေမယ်လို့ ယုံကြည်ပါတယ်။ အခု ဒီဆုကိုရတာက ကစ် ပရိသတ်တွေပေးတဲ့ မေတ္တာနဲ့ ဆုတောင်းပေးကြလို့ ဒီဆုကိုရတာလို့ ယုံကြည်ပါတယ်ရှင့်။ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်ရှင်။ ဆက်ပြီးတော့ ကြိုးစားပါအုံးမယ်လို့- ဆက်ပြီးတော့ အားပေးပါအုံးလို့ ပြောချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ကစ် ဒီနေ့ အရမ်းပျော်ပါတယ်။”

ဒီကနေ့မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနား နဲ့ပတ်သက်ပြီး အသွင်ဆန်း အမြင်ဆန်းတွေကိုမြင်တွေ့ခဲ့ရသလို မြန်မာရုပ်ရှင် အစည်းအရုံးရဲ့ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုရမယ်လို့ ဗိုလ်တစ်ထောင်မြို့နယ်မှာနေထိုင်တဲ့ ရုပ်ရှင်ပရိသတ် စန္ဒာက ပြောပါတယ်။

“ပြန်ကြားရေးအောက်ကနေ သွားပြီးတော့ ကျင်းပခဲ့တဲ့ဒီပွဲနဲ့ ဒီနေ့ပေါ့နော် ရုပ်ရှင်အစည်းအရုံးကနေပြီးတော့ ဦးစီးဦးဆောင်လုပ်တဲ့ပွဲကတော့ တော်တော်ကြီး သိသိသာသာကြီးကို ခွဲထွက်သွားတယ်ပေါ့နော်၊ နောက် အဓိက အပြင်အဆင်၊ ထည့်သွင်းထားတဲ့အစီအစဉ်တွေကအစပေါ့နော် ပြောင်းလဲသွားတယ်။ အရင်တုန်းကနဲ့မတူတော့ဘူးပေါ့နော်၊ အဲဒါကိုတော့ လက်ခံပါတယ်။”

၂ဝ၁၃ ခုနှစ် အကယ်ဒမီဆပေးပွဲအခမ်းအနားမှာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အခြား အတတ်ပညာဆုတွေကိုတော့ တေးဂီတနဲ့ပတ်သက်ပြီး ကြယ်စင်မော်ကွန်း ဇာတ်ကားနဲ့ စန္ဒရားတင်ဝင်းလှိုင်၊ အမျိုးသားဇတ်ပို့ဆုကိုတော့ နင်စေရင်-ဇာတ်ကားနဲ့ မင်းဦး၊ အမျိုးသမီးဇာတ်ပို့ဆုကိုတော့ စုန်းပြူးဇာတ်ကားနဲ့ ခိုင်သင်းကြည်တို့က ဆွတ်ခူးတာလည်းဖြစ်ပါတယ်။

ဒီနှစ် ၂ဝ၁၃ ခုနှစ် အကယ်ဒမီဆုပေးပွဲမှာတော့ အကောင်းဆုံး ဇာတ်ကားဆုကိုတော့ ပေးအပ်တာ မရှိခဲ့ပါဘူး။ အကယ်ဒမီ ထူးချွန်ဆုပေးပွဲအခမ်းအနားကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ပြီး သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့မြို့တော်ဝန်တို့ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်ခင်ဗျား။

XS
SM
MD
LG