သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ရေသန့်နဲ့ရေခဲစက်စက်ရုံတခုကနေ အမိုးနီးယားယိုစိမ့်မှုဖြစ်


အုတ်ကျင်းဘူတာရုံလမ်း မိုးသောက်ရေသန့်နဲ့ ရေခဲစက် စက်ရုံကနေ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့ (ဇန်နဝါရီ ၁၂၊ ၂၀၂၃)
အုတ်ကျင်းဘူတာရုံလမ်း မိုးသောက်ရေသန့်နဲ့ ရေခဲစက် စက်ရုံကနေ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့ (ဇန်နဝါရီ ၁၂၊ ၂၀၂၃)

ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက ရန်ကုန်၊ လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းမှာ ရှိတဲ့ ရေသန့်နဲ့ ရေခဲစက် စက်ရုံကနေ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်လို့ အနီးဝန်းကျင်က ပြည်သူတွေ သတိလစ်တာ၊ ဘေးလွတ်ရာ ထွက်ပြေးတာတွေ ဖြစ်ခဲ့ပါတယ်။ လူ ၄၀ ဝန်းကျင်လောက်ကို အရေးပေါ် ဆေးရုံပို့ခဲ့ရပေမယ့် စိုးရိမ်စရာ အခြေအနေ မရှိဘူးလို့ ကူညီခဲ့သူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းမှာ ရှိတဲ့ မိုးသောက်ရေသန့်နဲ့ ရေခဲစက်စက်ရုံကနေ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်လို့ အနီးဝန်းကျင် နေသူတွေမှာ အဲဒီအနံ့တွေကို ဇန်နဝါရီလ ၁၂ ရက်၊ ကြာသပတေး ည ၈ နာရီဝန်းကျင်လောက်က စပြီး ရခဲ့တာပါ။ ဓာတ်ငွေ့အနံ့ ရသူတချို့ မူးမေ့လဲတာ၊ အရေပြားစပ်တာတွေ ဖြစ်ခဲ့ပြီး အနံ့နဲ့ဝေးရာ ထွက်ပြေးရတာတွေလည်း ရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တဦးက ပြောပါတယ်။

"အခြေအနေက ညကတော့ သက်ကြီးပိုင်းတွေက နည်းနည်းမူးတာ မေ့တာတွေ ဖြစ်ကြတယ်။ သူ့အနံ့က စူးပြီးတော့ ပိုးသတ်ဆေး အနံ့ကြီးလိုပဲ။ အကုန်လုံးကတော့ အနံ့နဲ့လွတ်ရာကို ပြေးပြီးနေကြတာပေါ့။ အဲဒီအနံ့ ရှူမိသွားရင် နည်းနည်းမူးသလိုလို၊ အသားတွေက ယားသလိုလို အဲလိုတွေဖြစ်တယ်။ ၁၂ နာရီလောက်ထိက အပြင်မှာပဲ အကုန်လုံး ပြုံနေကြရတာပဲ။ နည်းနည်း ရှောင်ရတာပေါ့။ တချို့ကျတော့လည်း နီးစပ်ရာ သူတို့အမျိုးအိမ်မှာ သွားနေကြတယ်။"

အခုဖြစ်ပွားတဲ့ စက်ရုံက လူနေရပ်ကွက်ထဲမှာ ရှိနေပြီး မီးသတ်အဖွဲ့နဲ့ လူမှုကူညီရေး အဖွဲ့အတော်များများ ရောက်လာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခဲ့ရပါတယ်။ သေဆုံးသူနဲ့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် လူနာ ၄၀ ဝန်းကျင်လောက်ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံနဲ့ အင်းစိန်ဆေးရုံတို့ကို ပို့ဆောင်လိုက်ရပါတယ်။ ဓာတ်ငွေ့ ရှင်းလင်းရေး လုပ်ငန်းတွေလည်း ဆောင်ရွက်သွားပြီ ဖြစ်လို့ သောကြာနေ့ မနက် ၆ နာရီ ဝန်းကျင်မှာတော့ စိတ်ချရတဲ့ အနေအထားရောက်ပြီလို့ ရွှေရောင်သမိုင်း လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"စက်ရုံရဲ့အနီး ပတ်ဝန်းကျင်မှာရှိတဲ့ လူနေရပ်ကွက်ထဲက ပြည်သူတွေက ဒီ အမိုးနီးယားဓာတ်ငွေ့ကို ရှူရှိုက်မိပြီးတော့ သတိလစ်တာ၊ မူးမောတာ၊ အသက်ရှူ မွန်းကြပ်တာ၊ အသက်ရှူ မဝတာ စတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့တာပါ။ ဆေးရုံ ပို့ဆောင်တာတွေလည်း လုပ်ပေးခဲ့ရပါတယ်။ သေဆုံးမှု၊ ကြီးကြီးမားမား ထိခိုက်မှုတွေတော့ မရှိပါဘူး။ ရောဂါအခံ ရှိတဲ့သူတွေနဲ့ ထိတ်လန့်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ အနည်းငယ် စိုးရိမ်မှုဖြစ်သွားတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အားလုံးက ဒီမနက်မှာတော့ ဆေးရုံကနေ ပြန်ရောက်ပြီလို့လည်း သိရပါတယ်ဗျ။"

အမိုးနီးယားဓာတ်ငွေ့က လူရဲ့ကိုယ်ထဲကို အနံ့ရှူမိတာ၊ မျိုချမိတာနဲ့ အသားနဲ့ ထိတွေ့တာကနေ ဝင်ရောက်နိုင်ပါတယ်။ အဲဒီဓာတ်ငွေ့နဲ့ အချိန်ကြာကြာ ထိတွေ့မိမယ်ဆို မျက်စိ၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ပူစပ်တာ ခံစားရပြီး၊ ပမာဏများများနဲ့ အချိန်ကြာထိတွေ့မိခဲ့ရင် အမြင်အာရုံ ထိခိုက်နတာ၊ အဆုတ်ပျက်စီးတာနဲ့ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ ချောင်းဆိုးတာ၊ နှာခေါင်းနဲ့ လည်ချောင်း ယားယံတာမျိုးလည်း ဖြစ်နိုင်ပြီး အမိုးနီးယားဓာတ်ငွေ့ အနံ့ရပြီဆိုတာနဲ့ လုပ်ဆောင်ရမယ့် အဓိကအချက်တွေကို ဒေါက်တာသူရိန်လှိုင်ဝင်းက အခုလို သတိပေးထားပါတယ်။

"အမိုးနီးယားနဲ့ တွေ့ပြီဆိုရင် ပထမဦးဆုံး လုပ်ရမှာကတော့ အဲဒီနေရာကနေ ထွက်ဖို့ပဲ။ အနံ့မရှိတော့တဲ့ နေရာအထိသွားဖို့က ပထမဦးဆုံး အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမိုးနီးယားနဲ့ ထိတွေ့မှုက အချိန်ကြာလာတာနဲ့ အမျှ စားတဲ့ဓာတ်က ပိုပြီးတော့များလာတယ်။ အဲဒီအခါကျတော့ ပိုပြီးတော့ အသက်အန္တရာယ် ရှိလာနိုင်တယ်။ ကိုယ်က အသက်ရှူတဲ့ ကိရိယာတွေ၊ ဓာတုပစ္စည်း ကာကွယ်နိုင်တဲ့ PPE လို ပုံစံမျိုး Protective cover တွေ မဝတ်ထားဘူးဆိုရင် အနံ့ရတဲ့နေရာကို လိုက်ပြီးမရှာပါနဲ့။ ရှာလို့ မရပါဘူး။ အဲလိုရှာရင် ကိုယ့်အတွက် ပိုပြီးအန္တရာယ်ရှိတယ်။ အဲတော့ ထိတွေ့မှုကို အနည်းဆုံး လျှော့ချနိုင်ဖို့နဲ့ ထိတွေ့ထားတဲ့ နေရာတွေကို ရေ နဲ့ ဆပ်ပြာ သုံးပြီးတော့ မြန်မြန်ဆန်ဆန် ဆေးချနိုင်ဖို့က အမိုးနီးယားနဲ့ ထိတွေ့တဲ့အခါမှာ အရေးကြီးပါတယ်။"

အမိုးနီးယားအငွေ့ကို ရှူမိတယ်ဆိုရင် ဆက်ပြီးစောင့်ကြည့်နေ သင့်တယ်လို့လည်း ပြောပါတယ်။ အမိုးနီးယားဓာတ်ငွေ့ အဆိပ်သင့်တာအတွက် ဆေးဝါးမယ်မယ်ရရ မရှိပေမယ့် လူ့အသက်မဆုံးရှုံးရအောင် အသက်ကူတဲ့ နည်းလမ်းတွေကိုတော့ အသုံးပြုနိုင်ပါတယ်။ မနေ့ညက ဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာ စက်ရုံအနီးနေသူတွေနဲ့ အနံ့ရှူမိသူတွေမှာ အသက်အန္တရာယ် ဖြစ်လောက်တဲ့အထိ မရှိခဲ့ဘူးလို့ ရပ်ကွက်မှာ နေထိုင်သူတွေနဲ့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}










XS
SM
MD
LG