လူနှစ်ဦးသေဆုံးတဲ့အထိ ဆူပူအကြမ်းဖက်တာတွေဖြစ်ခဲ့တာကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရတဲ့ မန္တလေးမြို့မှာ ဒီကနေ့ ညနေ ၆ နာရီကစတင်ပြီး တားမြစ်မိန့်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ တလကျော်ကြာမြင့်ခဲ့တဲ့ ညမထွက်ရ ကန့်သတ်အမိန့်ကို သတ်မှတ်ချိန် အဆင့်ဆင့် လျှော့ပေးခဲ့ရာက ဒီကနေ့ အပြီးတိုင်ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
ဖေ့စ်ဘုတ်တွေမှာ ပျံ့နှံခဲ့တဲ့ သတင်းပေါ်အခြေခံပြီး ဇူလိုင်လ ၁ ရက်နဲ့ ၂ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကြောင့် မန္တလေးမြို့မှာ ဇူလိုင်လ ၃ ရက်နေ့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မြို့နယ် ၆ မြို့နယ်မှာ ထုတ်ပြန်ခဲ့သလို ဇူလိုင်လ ၄ ရက်နေ့မှာတော့ နောက်ထပ် တမြို့နယ် ထပ်မံထည့်သွင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မြို့နယ် ၇ မြို့နယ်လုံးမှာ ဒီတားမြစ်မိန့်ကို ရုပ်သိမ်းလိုက်ပြီလို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့၊ ဒုရဲမှူးကြီး ဇော်မင်းဦးက အခုလိုပြောပါတယ်။
“ဒီနေ့ ၁၁ ရက်နေ့၊ ညနေ ၆ နာရီကစပြီးတော့ အရင်ထုတ်ပြန်ထားတဲ့ ည ဆယ်နာရီကနေ မနက် သုံးနာရီအထိ ညမထွက်ရ-ဆိုတာကို ရုပ်သိမ်းလိုက်တာပေါ့၊ ၇ မြို့နယ်လုံးခင်ဗျ။ တည်တည်ငြိမ်ငြိမ်ဖြစ်လို့ပဲ ကျနော်တို့ ပြန်ရုပ်သိမ်းပေးတာပါ။”
ဒီအမိန့်ကို မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးက လက်မှတ် ရေးထိုး ထုတ်ပြန်တာ ဖြစ်ပြီး မြို့နယ် ၇ မြို့နယ်ကတော့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီးမြို့နယ်တွေ ဖြစ်ပါတယ်။
မန္တလေးမြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမျိုးနိုင်က မန္တလေးမြို့အခြေအနေဟာ အရင်ကအတိုင်း ပြန်ပြီး တည်ငြိမ် လာနေကြေင်း ပြောပါတယ်။ ဒီလို တည်ငြိမ်လာတာဟာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ကော်မတီရဲ့ ဆောင်ရွက်နိုင်မှုတွေက တစိတ်တပိုင်း ပါဝင်တယ်လို့ ပြောပါတယ်။
“မန္တလေးမြို့က နဂိုရ်အတိုင်းလေးတော့ ပြန်ပြီး ဖြစ်လာနေတယ်ပေါ့လေ။ ၁၄၄ မထုတ်ခင်ကအတိုင်းပါပဲ။ အခြေအနေက တော်တော်လေးလည်း ကောင်းလာပြီ။ နောက် ပြည်သူလူထုကလည်း - မန္တလေးသူ မန္တလေးသားတွေကလည်း တောင်းဆိုနေတဲ့အချိန်ပေါ့၊ အခုအတိုင်းကတော့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတို့ ဘာတို့က တော်တော်များများ ဘာသာမတူတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့တယ်။ နောက်ပြီးတော့ ငြိမ်းချမ်းမှုနဲ့ပတ်သက်တဲ့ ဆောင်ရွက်မှု အတိုင်းအတာတွေကလည်း တော်တော်များများ၊ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ အဲဒါကြောင့်မို့လည်း ဒီလို အနေအထားမျိုး ပြန်ဖြစ်တယ်လို့ပဲ ကျနော်မြင်ပါတယ်။”
လတ်တလော ညမထွက်ရ အမိန့်ရုပ်သိမ်းချိန်မှာတော့ ပြည်သူတွေအနေနဲ့ လုံခြုံရေးကို သတိထားဖို့ လိုအုံးမယ်လို့လည်း သူက တိုက်တွန်း ပြောဆိုပါတယ်။
“ဒီပြဿနာက ဒီလောက် မကြီးထွားသင့်ဘဲ ကြီးထွားအောင် ဖန်တီးတဲ့သူကြောင့်မို့လို့ မန္တလေးက ဒီလို ၁၄၄ ထုတ်ရတဲ့အထိ ဖြစ်သွားတာ။ အဲဒီတော့ ၁၄၄- ကာဖျူးရုပ်လိုက်ပေမယ့်လည်း- ညမထွက်ရ အမိန့် ရုပ်ပေမယ့်လည်း လုံခြုံရေးပိုင်းမှာတော့ ကျနော်တို့အပေါ်မှာ အတန်အသင့် အရင်ထက်ပိုပြီး သတိထားဖို့ ပိုကောင်းလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနုတ်အသိမ်းဆိုတာ များသောအားဖြင့် သတိထားရတဲ့ အနေအထားလေးပါ။ အဲဒီတခု သွားတွေ့တာပေါ့။”
မန္တလေးမြို့မှာ ဇူလိုင်လ ၃ ရက်နေ့ ပုဒ်မ ၁၄၄ စတင်ထုတ်ပြန်ချိန်က ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို သတ်မှတ်ခဲ့ပါတယ်။ ဇူလိုင်လ ၂၁ ရက်မှာ ည ၉ နာရီကနေ မနက် ၃ နာရီ၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ ည ၁၀ နာရီကနေ မနက် ၃ နာရီအထိ ကန့်သတ်ချိန်ကို အဆင့်ဆင့် လျှော့ချခဲ့တာလည်း ဖြစ်ပါတယ်။ တားမြစ်မိန့် ထုတ်ပြန်ထားတဲ့ တလကျော်ကြာ ကာလအတွင်းမှာတော့ လူ ၁,၂၀၀ လောက်ကို အရေးယူခဲ့ပြီး ၁၉၀ လောက်ကို ပညာပေး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ပြောပါတယ်။
မန္တလေးမြို့မှာ ဒီလို ဆူပူအကြမ်းဖက်မှုတွေ စတင်ဖြစ်စေခဲ့တဲ့ မုဒိမ်းမှုဖြစ်ကြောင်း လီဆယ်တိုင်ကြားမှုနဲ့ ပတ်သက်သူ လူ လေးယောက်ကို ပျဉ်းမနားမြို့နယ် တရားရုံးမှာ ဒီလ ၅ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။