သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သမားအရေး တက်ကြွသူ စုစုနွေး အဖမ်းခံရ


မစုစုနွေးကို ပဲခူးထောင်အတွင်း ထိန်းသိမ်း။ သတင်းဓာတ်ပုံ (ကိုမာကီး၊ ကိုရဲရင့်နိုင်)
မစုစုနွေးကို ပဲခူးထောင်အတွင်း ထိန်းသိမ်း။ သတင်းဓာတ်ပုံ (ကိုမာကီး၊ ကိုရဲရင့်နိုင်)

တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးကို ပဲခူးတိုင်း ၊ အင်းတကော် ရဲစခန်းက ကြာသပတေးနေ့က ဖမ်းဆီးလိုက်ပြီး အခု ပဲခူးထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။ အင်းတကော်မြို့နယ်မှာရှိတဲ့ လက်နက် ခဲယမ်းမီးကျောက် တပ်က ၁၉၉၀ ခုနှစ်ကျော် ကာလတွေတုန်းက လယ်ယာမြေတွေ သိမ်းဆည်းခဲ့တာမှာ တောင်သူလယ်သမားတွေက အကူအညီတောင်းချက် အရ သွားရောက် ကူညီပေးခဲ့တဲ့ ကိစ္စရဲ့ နောက်ဆက်တွဲ အဖြစ်နဲ့ မစုစုနွေးကို ဖမ်းဝရမ်းပြပြီး ဖမ်းဆီးသွားခဲ့တာလို့ ခင်ပွန်းဖြစ်သူ ကိုမာကီးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တောင်သူလယ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူ လည်းဖြစ်၊ မြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မစုစုနွေးဟာ - အင်းတကော်မြို့နယ်အတွင်း တောင်သူလယ်သမားတွေထံက စစ်တပ်က မြေတွေ သိမ်းသွားတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံပြီး ရန်ကုန်မြို့ကို ပြန်အလာ လမ်းခုလပ်မှာ ရဲတက်ဖွဲ့က ဖမ်းဝရမ်းပြပြီး မစုစုနွေးကို ဖမ်းဆီးလိုက်တာလို့ မစုစုနွေးရဲ့ ခင်ပွန်းလည်းဖြစ်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ကိုမာကီးက ပြောပါတယ်။

"မနေ့က မစုစုနွေးက ညောင်လေးပင်မှာ ရှိတဲ့ လယ်ယာမြေ အမှုတွဲတချို့နဲ့ ပတ်သက်ပြီးတော့ သူသွားပြီးတော့ ဆောင်ရွက်ပေးတာရှိတယ်။ အဲ့တာ ဟိုး လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကတည်းက ညောင်လေးပင်မှာ ရှိတဲ့ လယ်သမားတွေကို အကူအညီတောင်းတဲ့အတွက် မစုစုနွေးက လယ်ပြသနာ တချို့ကို ဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ဘာတွေနဲ့ တွေ့ခဲ့တယ်။ တော်တော်လေး ပြေပြေလည်လည် ဖြစ်တယ် လို့ပြောတယ်။ အဲ့ဒီ့မှာ တညအိပ်ပြီးတော့ ဒီနေ့ နေ့လည်ပြန်လာတဲ့အခါမှာ ပဲခူးအင်းတကော် ရဲစခန်းရှေ့လည်း ရောက်လည်းရောက်ရော ရဲအင်အား သုံးဆယ် လေးဆယ်လောက်ကနေပြီးတော့ လမ်းပိတ်ပြီးတော့ မစုစုနွေး စီးလာတဲ့ ခရီးသည်တင်ကားကို ရဲစခန်းထဲကို အတင်းမောင်းခိုင်းပြီး မစုစုနွေးကို အတင်းဆင်းခိုင်းပြီးတော့ ဖမ်းတာ။ ဖမ်းပြီးတော့ တရားရုံးတင်တယ်ပေါ့နော်။ တရားရုံးတင်တဲ့အခါမှာ ပုဒ်မ ၄၄၇ ကျော်နင်းမှုဆိုတာ တပ်တယ်။ ပြီးတော့ မစုစုနွေးကို အာမခံယူခိုင်းတာကို မစုစုနွေးက အာမခံမယူဘူးဆိုတဲ့အတွက် ပဲခူးရဲစခန်းမှာ ပဲခူးထောင်မှာ။

ပဲခူးရဲစခန်းမှာ ဖမ်းဆီး။
ပဲခူးရဲစခန်းမှာ ဖမ်းဆီး။

မေး။ ။ ဆိုတော့ မစုစုနွေးကို ဖမ်းတော့ သူတယောက်တည်းလားခင်ဗျ။ တခြားသူနဲ့ ပါသွားတဲ့သူတွေရော။

" သူနဲ့ပါသွားတာ။ သူအပါအဝင်ဆို ခြောက်ယောက် သွားကြတာခင်ဗျ။ ငါးယောက်ကိုတော့ မဖမ်းဘူး။ သူ့တယောက်တည်းကို ဖမ်းတယ်။ ဖမ်းတဲ့အခါမှာလည်း ဝရမ်းပြပြီး ဖမ်းတယ်ပေါ့နော်။ ဝရမ်းမှာ သူတို့ ဘာလုပ်ထားလဲ ဆိုရင် သူတို့က ရှောင်တိမ်းနေတဲ့ တရားခံပြေးဆိုတဲ့ ပုံစံနဲ့ သူတို့က ဝရမ်းကို လုပ်ထားတယ်။ တကယ်တမ်းကျတော့ မစုစုနွေး ကိုခေါ်တာကို မလာတဲ့အတွက် တရားခံပြေး ပုံစုံမျိုး လုပ်ထားတာ။ မစုစုနွေးက ပြေးတာလည်း မရှိဘူး။ ရှောင် တာလည်း မရှိဘူး။ အချိန်မရွေး သူ့ကို လာဖမ်းဖို့ သူအမြဲတမ်း ရဲတွေက ဖုန်းဆက်ပြီးခေါ်တိုင်း အမြဲတမ်းပြောတယ်။ သူ့ကို အချိန်မရွေး လာဖမ်းလို့ရတယ်။ သူ အိမ်မှာ အမြဲတမ်းရှိတယ်။ ဘယ်မှလည်း ရှောင်ပြေးမှာ မဟုတ်ဘူး ဆိုတာကို ပြောတဲ့ကြားထဲက တရားခံပြေးဆိုတဲ့ ပုံစံမျိုးနဲ့ ဝရမ်းထုတ်ထားပြီးတော့ အဲ့ဒီ့ဝရမ်းပြပြီးတော့ ဖမ်းတယ်ပေါ့နော်။ "

မေး။ ။ အဲ့တော့ ကိုမာကီးတို့ဘက်က ဘာဆက်လုပ်မလဲ။ ဒီအမှုကို အခုအတိုင်းဆိုရင်တော့ အမှုရင်ဆိုင်ရတော့မယ့် သဘောဖြစ်နေတာပေါ့။

" တရားရုံးကို ရောက်သွားပြီဆိုတော့ တရားဥပဒေဘောင်ထဲက အတိုင်း လောလောဆယ်မှာ စပြီးတော့ စဉ်းစားတယ်ပေါ့နော်။ မစုစုနွေး ကလည်း မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ အနေနဲ့ လုပ်တယ်။ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂအနေနဲ့ သူ ရုံးခန်းလည်း ဖွင့်ထားတယ်။ မစုစုနွေးရဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ အနေနဲ့ သူတို့မှာလည်း ဥပဒေအရ ရှေ့နေတွေရှိတဲ့အခါကျတော့ အဲ့ဒီ့ရှေ့နေတွေ လောလောဆည်မှာ ဥပဒေအရ ရင်ဆိုင်ဖို့ လိုက်ပါဆောင်ရွက်ပေးသွားမယ်။"

မေး။ ။ အခုကိုမာကီးပြောပုံအရဆိုရင် သူနဲ့တောင် ကိုမာကီးတွေ့ခွင့်မရခဲ့ဘူးဆိုတဲ့သဘော အဲ့လိုလား။

" ဟုတ်ကဲ့။ တွေ့ခွင့်မရခဲ့ပါဘူး။ ကျနော်တို့ရောက်တဲ့ အချိန်မှာ ခြောက်နာရီကျော်လောက်ဖြစ် သွားတဲ့ အခါကျတော့ ထောင်လဲ ပိတ်ပြီပေါ့နော်။ ဧည့်တွေ့လို့လည်း မရတော့တဲ့ အခြေအနေဖြစ်သွားတယ်။ အဲ့ဒီ့မှာ ရှိနေတဲ့ ကျနော်တို့ရဲ့ရဲဘော်ရဲဘက်တွေ ကျနော်တို့ ထောင်တွေမှာ အတူတူနေခဲ့တဲ့သူတွေ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အင်အားစုတွေ လာပြီးတော့ ဝိုင်းဝန်းကူညီပေးကြပါတယ်။ သူတို့ရဲ့အပြောအရဆိုရင် မစုစုနွေးကို စဖမ်းချိန်ကတည်းက သူတို့တွေ ရောက်ရှိ လာတော့ အဲ့ဒီ့ရဲတပ်ဖွဲ့ဝင်တွေ အကုန်လုံးက တော်တော်လေး ကို ရိုင်းရိုင်းစိုင်းစိုင်း ရင့်ရင့်သီးသီးဆက်ဆံတယ်လို့ သူတို့မြင်ကြရတယ်ပေါ့နော်။"

စစ်တပ်က သူတို့လယ်မြေတွေကို သိမ်းပိုက်လိုက်တဲ့ အတွက် တောင်သူ လယ်သမားတွေ အရေးကို အစဉ်တစိုက် တက်တက်ကြွကြွ ဦးဆောင် လှုပ်ရှားနေတဲ့ မစုစုနွေးထံမှာ လယ်သမားတွေက အကူအညီ လာတောင်းတဲ့အတွက် သွားရောက် ကူညီပေးခဲ့ရာက သူမကို ဖမ်းဆီးဖို့အထိ ဖြစ်လာတဲ့ နောက်ကြောင်း အခြေအနေတွေကိုလည်း ကိုမာကီးက အခုလို ရှင်းပြပါတယ်။

"ပြသနာရဲ့အစကတော့ ၁၉၉ဝာ ကျော်ခုနှစ်တွေမှာ ပဲခူး အင်းတကော် လက်နက်ခဲယမ်းမီးကျောက် တပ်ကနေပြီးတော့ လယ်ယာမြေဧက ၈၀၀၀ကျော်ကို သိမ်းဆည်းလိုက်တဲ့ကိစ္စနဲ့ ပြသနာစတာပါ။ လယ်ယာမြေတွေကို လက်နက်ခဲယမ်းမီးကျောက်တပ် အတွက်ဆိုပြီး စစ်တပ်က သိမ်းလိုက်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာပေါ့ ၂၀၁၄ ဒီဇင်ဘာမှာ လယ်သမားတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို စစ်တပ်က ဝင်ပြီးတော့ ဖျက်ဆီးမယ်ဆိုတဲ့အခါမှာ အဲ့က လယ်သမားတွေက မစုစုနွေးကို လာပြီးတော့ အကူအညီတောင်းကြတယ်။ သူတို့ဘက်က လာပြီး ရပ်တည်ပေးပါဆိုတဲ့အခါမှာ မစုစုနွေးက သွားပြီးတော့ ရပ်တည်ပေးတယ်။ စစ်တပ်နဲ့ သွားပြီး ညှိနှိုင်းပေးတယ်။ ညှိနှိုင်းပေးတာ ပြေလည်မှုတော့ မရခဲ့ပါဘူး။

ဒါပေမဲ့ စစ်တပ်က အရာရှိနှစ်ယောက်နေပြီးတော့ မစုစုနွေး အဲ့ဒီ့တည်းခိုနေတဲ့ ရွာထဲက အိမ်မှာပဲ လာပြီးတော့ သတိပေးစကားပြောတယ်ပေါ့နော်။ သူတို့ရဲ့ တပ်ပိုင်မြေထဲကို မကျူးကျော်ပါနဲ့ မဝင်ပါနဲ့ပေါ့။ နောက်တခါ အဲ့သလို ဝင်ရောက်ခဲ့မယ်ဆိုခဲ့ရင် သူတို့အနေနဲ့ ရဲစခန်းနဲ့တိုင်ကြားအမှုဖွင့်ပြီးတော့ အရေးယူရပါလိမ့်မယ်ဆိုပြီးတော့ ပြောလိုက်တယ်။ "

မစုစုနွေးရဲ့ အမှုနဲ့ပတ်သက်လို့ လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ ရုံးချိန်းရှိတယ်လို့ သိရပါတယ်။

မစုစုနွေးဟာ တောင်သူလယ်သမားအခွင့်အရေးအပါအဝင် တခြား လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေမှာ ဦးဆောင် ပါဝင် လှုပ်ရှားခဲ့တဲ့အတွက် အရင်ကလည်း အကြိမ်ကြိမ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ တဦးဖြစ်သလို သူမရဲ့ လူ့အခွင့်အရေး ဆိုင်ရာ တက်ကြွ လှုပ်ရှားမှုတွေအတွက် နိုင်ငံတကာက ချီးမြင့်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဆုတွေကိုလည်း လက်ခံ ရရှိခဲ့သူ တဦး ဖြစ်ပါတယ်။

XS
SM
MD
LG