သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို BIMSTEC အစည်းဝေးပွဲ မဖိတ်ဖို့ အန္ဒိယရောက် လှုပ်ရှားသူတွေ တိုက်တွန်း


နီပေါလ်နိုင်ငံမှာ ၂၀၁၈ခုနှစ်က ကျင်းပခဲ့တဲ့ BIMSTEC ထိပ်သီးစည်းဝေးပွဲကို တက်ရောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး
နီပေါလ်နိုင်ငံမှာ ၂၀၁၈ခုနှစ်က ကျင်းပခဲ့တဲ့ BIMSTEC ထိပ်သီးစည်းဝေးပွဲကို တက်ရောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး

သီရိလင်္ကာနိုင်ငံမှာ ဒီနှစ်ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး BIMSTEC အဖွဲ့ရဲ့ ငါးကြိမ်မြောက် ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို မဖိတ်ဖို့အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေတဲ့ India for Myanmar ကတောင်းဆိုလိုက်ပါတယ်။ BIMSTEC ( ဘင်းစတက်) အဖွဲ့ဝင်တွေက ဒီမိုကရေစီနိုင်ငံတွေဖြစ်လို့ အာဏာသိမ်း မြန်မာစစ်တပ်ကို ဆက်ပြီးအသိအမှတ် ပြုနေတာဟာ အဖွဲ့ရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်လို့ India for Myanmar ကပြောလိုက်တာပါ။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန် က ပြောပြမှာပါ။

သီရိလင်္ကာနိုင်ငံမှာ မတ်လ ၃၀ ရက်နေ့ ကျင်းပမဲ့ BIMSTEC အစည်းအဝေးမှာ မြန်စစ်ကောင်စီကို လက်ခံမဖိတ်ကြားဖို့ အိန္ဒိယအခြေစိုက် ပညာရှင်တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ India for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာစစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လက်နက်အားကိုး အနိုင်ကျင့်တာတွေ ရှိနေပေမဲ့ တောင်အာရှနိုင်ငံအများစုနဲ့ဖွဲ့စည်းထားတဲ့ BIMSTEC အဖွဲ့ကတော့ မသိကျိုးကျွံပြုနေတယ်လို့ အဲဒီအဖွဲ့က ထောက်ပြပါတယ်။ ကုလအပါအဝင် အာဆီယံလိုနိုင်ငံတကာ အဖွဲ့အစည်းတွေက စစ်ကောင်စီခေါင်းဆောင်ကို နိုင်ငံကိုယ်စားပြုအနေနဲ့ မဖိတ်ခေါ်တော့တဲ့အချိန်မှာ ဘင်းစတက်အနေနဲ့လည်း မဖိတ်ဖို့ တောင်းဆိုရတာလို့ India for Myanmar ရဲ့ တာဝန်ခံ Salai Dokhar ( ဆလိုင်း ဒိုခါရ်) က ဗွီအိုအေကို ပြောပါတယ်။

" ဘင်းစတက်ကို ကျနော်တို့ လေ့လာကြည့်တဲ့အခါကျတော့ တောက်လျှောက် စစ်ကောင်စီကို နိုင်ငံ့ကိုယ်စားပြု အစိုးရအဖြစ် ပုံမှန်စကားပြော ဆက်ဆံလာတာကို ကျနော်တို့ တွေ့ရတယ်။ ဆိုတဲ့အခါကျတော့ ဘင်းစတက်ကို အာဏာသိမ်းစစ်ကောင်စီကို ပြည်သူ့အစိုးရအဖြစ် မဖိတ်ဖို့ဆိုတဲ့ဟာကို ကျနော်တို့ တိုက်တွန်းထားတာဖြစ်တယ်။ ဆိုတော့ အဓိက နိုင်ငံတကာ အစုအဖွဲ့တွေအပါအဝင် ဘယ်သူကမှ နိုင်ငံ့ကိုယ်စားပြု အစိုးရ့အဖြစ် လက်မခံတဲ့ စစ်ကောင်စီကို ဒီမိုကရေစီနိုင်ငံတွေ အများကြီးပါဝင်တဲ့ ဘင်းစတက်အဖွဲ့က စစ်ကောင်စီကို ဖိတ်ခေါ်ပြီး တရားဝင် အစိုးရအဖြစ် နေရာပေးတဲ့ဟာမျိုးက နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီကို နိုင်ငံတကာအစုအဖွဲ့မှာ အသက်သွင်းပြီး နေရာပေးလာတဲ့ လုပ်ရပ်တွေဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ကန့်ကွက်ရတာ ဖြစ်တယ်ပေါ့။"

ဘင်းစတက်ကို ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နိပေါ၊ သိရိလင်္ကာ၊ မြန်မာ၊ ထိုင်း စတဲ့နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဘင်းစတက် အစည်းအဝေးကို မြန်မာစစ်ကောင်စီဘက်က တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတာနဲ့ပါတ်သက်လို့ နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ ဦးအောင်ကိုက ဗွီအိုအေကို ခုလိုပြောပါတယ်။

“ ကျနော်တို့ လောလောဆယ်တော့ ဖြေကြားနိုင်ခြင်း မရှိသေးပါဘူးခင်ဗျာ။ သင့်တော်တဲ့ အချိန်ကျရင်တော့ သိပါလိမ့်မယ်နော် ဟုတ်ကဲ့။”

၄ နှစ်တကြိမ်ကျင်းပတဲ့ BIMSTEC အစည်းအဝေးကို NLD အစိုးရသမ္မတဦးဝင်းမြင့် ၂၀၁၈ ခုနှစ်က နောက်ဆုံးတက်ရောက်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း ၂၀၂၁ ဇွန်လတုန်းက ဘင်းစတက်ရဲ့ ၂၄ နှစ်မြောက် နှစ်ပတ်လည်ကြေညာချက်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော်ဝန်ကြီးချုပ်လို့ သုံးစွဲခဲ့တာ၊ ၂၀၂၁ ဒီဇင်ဘာမှာ အိန္ဒိယက လက်ခံကျင်းပတဲ့ ဘင်းစတက်နိုင်ငံတွေရဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်ကို ဖိတ်ခေါ်ခဲ့တယ်လို့ India for Myanmar က ပြောပါတယ်။ တောင်အာရှဒေသတွင်း ဒီမိုကရေစီထွန်းကားပြီး ငြိမ်းချမ်းဖို့ဆိုရင် မြန်မာပြည်ကိစ္စကိုလည်း ဂုဏ်သိက္ခာကို ရှေ့တန်းတင်ပြီး ဘင်းစတက်အဖွဲ့ဝင်တွေအနေနဲ့ ဆုံးဖြတ်ကြဖို့ သူတို့က တိုက်တွန်းထားတာပါ။

=========================









XS
SM
MD
LG