မြန်မာနိုင်ငံမှာ အားလုံးခံစားနိုင်တဲ့တိုးတက်မှုတွေရဲ့ အုတ်မြစ်ဖြစ်မဲ့ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ လူမှုကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အကူအညီပေးဖို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ကစိတ်အားထက်သန်နေပါတယ်လို့ ADB ဥက္ကဋ္ဌ တာကေဟီကို နာကာအို (Takehiko Nakao) ကပြောလိုက်ပါတယ်။
နေပြည်တော်မှာကျင်းပတဲ့ အာဆီယံဘဏ္ဍာရေးဝန်ကြီးများစည်းဝေးပွဲအတွက် မြန်မာနိုင်ငံမှာ ရောက်ရှိနေစဉ်မှာ ADB ဥက္ကဋ္ဌက ခုလိုပြောလိုက်တာဖြစ်ပါတယ်။
နေပြည်တော်မှာ သမ္မတဦးသိန်းစိန်အပြင် အစိုးရထိပ်တန်းတာဝန်ရှိသူတွေနဲ့ မစ္စတာ Nakao မနေ့က တွေ့ဆုံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ ရှိနေတဲ့ အခွင့်အရေးတွေကို ADB က ကူညီ ရင်ဆိုင် ဖြေရှင်းပေးရေးဆွေးနွေးခဲ့တယ်လို့ ADB ကထုတ်ပြန်တဲ့
ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကစလို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါမယ်လို့ ကြေညာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှနဲ့ မတူတဲ့ အသွင်ကူပြောင်းမှုတွေဖြစ်နေတယ်လို့ ADB ဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးမှာ ရင်ဆိုင်နေတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် ၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အထက်တန်း- အလယ်အလတ်ဝင်ငွေရှိတဲ့ တိုင်းပြည်ဖြစ်လာနိုင်တယ်လို့ ADB ရဲ့ လတ်တလောလေ့လာမှုတခုက ညွှန်ပြနေတယ်လို့လဲ ADB ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
အာဆီယံ ဘဏ္ဍာရေး ဝန်ကြီးများ စည်းဝေးပွဲကို နေပြည်တော်မှာ ဒီကနေ့ စနေနေ့မှာ ကျင်းပခဲ့ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာ့စီးပွားရေး အလားအလာတွေအပြင် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း ဖော်ဆောင်ရေးအတွက် အာဆီယံနိုင်ငံတွေကြား ဘဏ္ဍာရေးအရ ပိုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေး သဘောတူခဲ့ကြပါတယ်။
အာဆီယံဘဏ္ဍာရေးဝန်ကြီးတွေဟာ ရှိနိုင်မယ့်အန္တရာယ်တွေ၊ မူဝါဒရေးရာ စိန်ခေါ်မှုတွေကို အာရှဖွံဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF နဲ့ ASEAN +3 Macro စီးပွားရေးသုတေသနရုံးက အဆင့်မြင့်တာဝန်ရှိသူတွေလည်း ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။