သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး အလားအလာ ADB ခန့်မှန်းချက်


ရန်ကုန်မြို့ တပ်မတော်ခမ်းမတွင်း အိုင်တီ နည်းပညာပြခန်းတွင် ကွန်ပျူတာသုံးပစ္စည်းများ ခင်းကျင်းပြသစဉ်
ရန်ကုန်မြို့ တပ်မတော်ခမ်းမတွင်း အိုင်တီ နည်းပညာပြခန်းတွင် ကွန်ပျူတာသုံးပစ္စည်းများ ခင်းကျင်းပြသစဉ်
မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာဟာ လာမယ့် ဆယ်စုနှစ်တွေ အတွင်း ၈ ရာခိုင်နှုန်းလောက် အထိ ပုံမှန်တိုးတက် ဖွံ့ဖြိုးလာနိုင်ပြီးတော့ အာရှတိုက်အတွင်း စီးပွားရေး ဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေ နည်းတူ အလယ်အလတ် ဝင်ငွေရှိတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်က ပြောလိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့လို ပုံမှန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရအဖွဲ့အတွင်း ပြုပြင် ပြောင်းလဲမှုတွေ အများကြီး လုပ်ဖို့ လိုသေးသလို ဘက်ပေါင်းစုံ ပြုပြင် ပြောင်းလဲမှုတွေ တပြိုင်တည်း လုပ်ဆောင်ဖို့လည်း လိုအပ်တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထောက်ပြ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဒီကနေ့ ဒီအေဒီဘီက ဘန်ကောက်က ဒီနိုင်ငံခြားသတင်းထောက်များ အသင်းတိုက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အေဒီဘီရဲ့ ခန့်မှန်းချက်အရကတော့ လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရက ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုအရှိန်အဟုန်တိုင်း ဆက်သွားနေမယ်ဆိုရင် နှစ်စဉ် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်အထိ ရှိနိုင်ပြီး လာမယ့် ၂၀၃၀ ခုနှစ်မှာ လက်ရှိ တဦးချင်း ဝင်ငွေထက် ၃ ဆလောက်အထိ ဖြစ်လာနိုင်တယ် လို့ ခန့်မှန်းထားတဲ့ အကြောင်း အေဒီဘီရဲ့ စီးပွားရေးဆိုင်ရာ လက်ထောက်အကြီးအကဲ Cyn-Young Park က ပြောပါတယ်။

“ သူပြောသွားတာကတော့ - မြန်မာနိုင်ငံအနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ ဆက်လုပ်သွားဖို့ လိုပါတယ်တဲ့။ ပြုပြင် ပြောင်းလဲမှုတွေကို လက်ရှိ အနေအထားအတိုင်း တစိုက်မတ်မတ် ဆက်လုပ်သွားမယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးမှု နှစ်စဉ် ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်အထိ ရှိလာနိုင်ပါတယ်လို့ ပြောသွားတာပါ။”

ကိုယ့်ရှေ့မှာ စံပြအဖြစ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီး အောင်မြင်မှုရနေတဲ့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ဗီယက်နမ်လို နိုင်ငံတွေထံကနေ နမူနာကိုယူပြီး လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်း ရှိနေတာကြောင့် မြန်မာနိုင်ငံအတွက် ပိုပြီး အလားအလာကောင်းတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖွံ့ဖြိုးမှုတွေရဲ့ အကျိုးရလဒ်ဟာ အများပြည်သူကြား တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့် ရောက်အောင် အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့တော့ လိုမယ်လို့ အေဒီဘီရဲ့ အရှေ့တောင်အာရှ၊ တောင်အရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယအကြီးအကဲ Stephen Groff က ပြောပါတယ်။

“ သူပြောသွားတာကတော့ - ဒီအထဲမှာ အရေးအကြီးဆုံးအချက်ကတော့ ဒီဖွံဖြိုးမှုတွေဟာ လူလတ်တန်းနဲ့ ဆင်းရဲတဲ့ လူတန်းစားတွေ အပါအဝင် အားလုံးအတွက် ဖြစ်စေဖို့ပါပဲတဲ့။ မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ တိုင်းပြည်ဖြစ်တာနဲ့အညီ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေအောင် ထိန်းသိမ်း စောင့်ရှောက်ဖို့ ဟာလည်း အရေးကြီးပါတယ်တဲ့။ တိုင်းပြည် ရေရှည် ဖွံ့ဖြိုး တိုးတက်နိုင်အောင် ဒီအချက်တွေကို လိုက်နာ ကျင့်သုံးဖို့ လိုပါမယ်လို့ ပြောသွားတာပါ။”

အခုအချိန်မှာတော့ တိုင်းပြည်အတွင်းက ဖွံ့ဖြိုး တိုးတက်မှုတွေဟာ လူမျိုးစု ဒေသအပေါ် အခြေခံပြီး တိုးတက်နေတယ်၊ တနည်းအားဖြင့်တော့ ဒီ ဖွံ့ဖြိုးမှုတွေဟာ အကန့်အသတ်နဲ့ ကွက်ပြီး ဖြစ်ပေါ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေမှာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၁၀ ရာခိုင်နှုန်းနဲ့ အထက်မှာ ဖော်ပြထားပေမယ့်လည်း ဧပြီလက ထုတ်ပြန်ခဲ့တဲ့ အေဒီဘီရဲ့ အစီရင်ခံစာအရ ကတော့ အစိုးရအနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ၆ ရာခိုင်နှုန်း လောက်မှာ ထိန်းထားနိုင်မယ်ဆိုရင် အခုနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းလည်း ၆ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းခွဲလောက်အထိ ရှိမယ်လို့ ခန့်မှန်း တွက်ချက်ထားတာပါ။

အေဒီဘီဘက်က စီးပွားရေးပညာရှင်တွေက အခုလို ရေရှည် ဖွံ့ဖြိုးမှုအတွက် ခန့်မှန်းချက်တွေအတိုင်း ရေရှည်မှာ ဖြစ်နိုင်ခြေ ရှိပေမယ့်လည်း ဒါတွေ လက်တွေ့ အကောင်အထည် ပေါ်မပေါ် ဆိုတာကိုတော့ တိုင်းပြည်အတွင်းက လက်ရှိ အခြေအနေတွေနဲ့ ချိန်ဆပြီး စောင့်ကြည့်ရမယ်လို့ ဗဟု သုတေသနအဖွဲ့က အကြီးအကဲ တဦးဖြစ်သူ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“ကျနော်ထင်တာတော့ပေါ့နော် ဂျီဒီပီတွက်တဲ့ရာခိုင်နူန်းကတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အခုလက်ရှိ ၆ရာခိုင်နူန်းရှိတယ်ဆိုတော့ သူတို့မှန်းတဲ့ ၇ရာခိုင်နူန်း လောက်က ဖြစ်နိုင်တယ်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ တိုင်းပြည်က ပြောရမယ်ဆိုရင်ဗျာ။ အခုမှ တံခါးဖွင့်ပြီး အရိုင်းသပ်သပ်ဖြစ်နေတော့ တော်တော်များများ ကတော့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် စီးပွားရေးက ယေဘူကျပြောမယ်ဆိုရင် မကောင်းဘူးဖြစ်နေတယ်ဗျ။ မကောင်းဘူးဆိုတာက ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာ့စီးပွားရေး ထိုင်းမိူင်းတဲ့ ရိုက်ခတ်မူလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုကလည်း ဘာဖြစ်နိုင်လည်းဆိုတော့ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်းမှာ သူတို့က ရငွေ သုံးငွေ မျှအောင် သုံးမယ်ဆိုပြီးတော့ ဘက်ဂျက်ကို ထိန်းချုပ်လိုက်တဲ့နောက်ပိုင်းမှာ တချို့ ပရိုဂျက်တွေ ရပ်ပစ်လိုက်တယ်။ အဲ့လိုအနေအထားမှာ ရင်းနှီးမြုတ်နှံသူတွေကလည်း ဘာဆက်လုပ်ရမှန်းမသိဘူး။ စောင့်ကြည့်တဲ့ အနေအထားမှာ တချို့ ထိုင်းမိူင်းတဲ့အနေအထားပဲ လောလောဆယ် တွေ့တယ်လေ။”

အာဆီယံအဖွဲ့ကလည်း ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေကို လာမယ့် ၂၀၁၅ ခုနှစ်မှာ အပြီးသတ် အကောင်အထည် ဖော်ဖို့ စီစဉ်ထားတာလဲ ရှိနေတာကြောင့် သယံဇာတ ပေါကြွယ်ဝပြီး ပထဝီအနေအထားအရ အာဆီယံနဲ့ တရုတ်၊ အိန္ဒိယလို ဒေသအတွင်းက အင်အားကြီး စီးပွား နှစ်နိုင်ငံနဲ့ ဆက်နွယ်မှု ရှိနေတဲ့ မြန်မာနိုင်ငံဟာ အနာဂတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာမယ်လို့ ပညာရှင်တွေက တွက်ချက်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒေသတွင်း နိုင်ငံတွေနဲ့စာရင် အရာရာမှာ အတော်လေး နောက်ကျကျန်နေခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံတွေက လာရောက် အမြတ်ထုတ် ဂုတ်သွေးစုတ်တာမျိုး မခံရအောင် လူသား အရင်းအမြစ်ကအစ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးလုပ်ဆောင်ဖို့ ကျန်နေသေးတယ်လို့ ထောက်ပြ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG