သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေအတွက် အာရှဖွံ့ဖြိုးရေးဘဏ် ဒေါ်လာသန်း ၁၀၀ ကူမည်


မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက်လိုအပ်တဲ့ အကူအညီနဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်နိုင်ဖို့ ဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒေါ်လာ သန်း ၁၀၀ ကူညီ ထောက် ပံ့ဖို့ အတည်ပြုလိုက်တဲ့အကြောင်း ADB က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လကစလို့ မြန်မာနိုင်ငံ ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း Cox’s Bazar ဒေသက ဒုက္ခသည်စခန်းတွေထဲမှာ စုပြုံရောက်ရှိနေတာကြောင့် ဒီဒုက္ခသည် စခန်းတွေကို စီမံခန့်ခွဲရာမှာ ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် စိန်ခေါ်မှုတွေ ကြုံနေရတယ်လို့ ကုလသမဂ္ဂနဲ့ ကူညီပေးရေးအဖွဲ့တွေက ပြောဆိုနေကြတာပါ။

အခု ADB ရဲ့ ပထမအသုတ် အကူအညီတွေထဲမှာတော့ ဒုက္ခသည်တွေအတွက် အခြေခံ လိုအပ်တဲ့ အဆောက်အအုံ တချို့ ဆောက်လုပ်ပေးနိုင်ဖို့နဲ့ ဆာလောင်ငတ်မွတ်မှု၊ ရောဂါ ဘယနဲ့ သဘာဝဘေး အန္တရာယ်ဒဏ် တွေကနေ တတ်နိုင်သလောက် သက်သာရာရစေဖို့ ကူညီပေးသွားမှာ ဖြစ်တယ်လို့ ADB ဥက္ကဋ္ဌ Takehiko Nakao က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပတဲ့ ADB ဘဏ်ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ADB ထံကနေ ခုလို အကူအညီတွေရဖို့ တောင်းခံခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် အစိုးရ ကိုယ်တိုင်ကလည်း လာမယ့် ၂ နှစ်ခွဲ ကာလအတွင်း လိုအပ်တဲ့ ခန့်မှန်းချေ ဒေါ်လာ သန်း ၁၂၀ ပြည့်ဖို့အတွက် ဒေါ်လာ သန်း ၂၀ စိုက်ထုတ် မတည် သွားမှာဖြစ်ပါတယ်။ ဒီ ထောက်ပံ့ငွေတွေကိုတော့ ဒုက္ခသည် စခန်းတွေကို ဆက်စပ်ပေးတဲ့ လမ်းတွေကို ပြုပြင်ဖောက်လုပ်ဖို့၊ စားနပ်ရိက္ခာ သိုလောင်ရုံတွေ၊ ဖြန့်ဖြူးတဲ့ စင်တာတွေ၊ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အရေးပေါ် လမ်းကြောင်းတွေ ပိုမို ကောင်းမွန်အောင် လုပ်သွားဖို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG