သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး အလားအလာကောင်း ADB ခန့်မှန်း


မြန်မာနိုင်ငံက အစုရှယ်ယာဈေးကွက်
မြန်မာနိုင်ငံက အစုရှယ်ယာဈေးကွက်

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း GDP ဟာ မတ်လ ၃၁ ရက်နေ့ကုန်ဆုံးတဲ့ ၂၀၁၇ ဘဏ္ဍာနှစ်မှာ ၆.၈% ရှိတာကြောင့် ၂၀၁၆ ဘဏ္ဍာနှစ်က ၅.၉% ရှိခဲ့တာကနေ တက်လာတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ကပြောပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလမှာစတင်မယ့် ဘဏ္ဍာနှစ်အသစ်မတိုင်ခင် ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လတာ ကာလမှာ တိုးတက်မှု ၆.၈% ရှိမယ်လို့ ADB က ခန့်မှန်းထားပြီး ၂၀၁၉ ဘဏ္ဍာနှစ်မှာ ၇.၂% ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ADB က နောက်ဆုံးထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် စီးပွားရေးစစ်တမ်းမှာ အဲဒီလို ခန့်မှန်းဖော်ပြထားတာပါ။

တိုးတက်မှုနှုန်း တက်လာပေမဲ့လည်း ငွေဖောင်းပွမှုနှုန်း လျော့ကျသွားပြီး ၂၀၁၆ ဘဏ္ဍာနှစ်က ၆.၈% ရှိခဲ့တာကနေ ၂၀၁၇ ဘဏ္ဍာနှစ်မှာ ၅.၃% ထိကျသွားတယ်လို့လည်း ADB ကပြောပါတယ်။

စီးပွားရေးတိုးတက်လာတာရဲ့ အဓိကအကြောင်းတွေအဖြစ် စိုက်ပျိုးရေးကဏ္ဍ အားကောင်းလာတာ၊ ပြည်ပပို့ကုန် တက်လာတာနဲ့ ပုဂ္ဂလိကစားသုံးမှုနှုန်း ပိုတက်လာတွေကို ADB က ထောက်ပြထားပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်တာလည်း ပိုများလာပြီး ၂၀၁၆ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၇ ခုနှစ်မှာ ၁၈% ပိုများပြီးတော့ ခရီးသည်အရေအတွက် ၃.၄ သန်းအထိ ရှိခဲ့တယ်လို့ ဟော်တယ်နဲ့ခရီးသွားလုပ်ငန်းရဲ့ ထုတ်ပြန်ချက်ကို ADB အစီရင်ခံံစာမှာ ကိုးကားဖော်ပြထားပါတယ်။

ရာသီဥတု ကောင်းမွန်ပြီးတော့ စားသုံးကုန်ဈေးနှုန်းတွေ အလားအလာ ဆက်ကောင်းနေမယ်ဆိုရင် စိုက်ပျိုးရေးကဏ္ဍ ဆက်ပြီး တိုးတက်မယ်လို့ ADB က ခန့်မှန်းထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခအခြေအနေဟာ လက်ရှိအချိန်ထိဆိုရင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါ် သက်ရောက်မှု မရှိသလောက်ပဲလို့လည်း ADB ကဆိုပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေဘက်မှာ ယုံကြည်မှုပိုကောင်းလာပြီး လာမယ့်နှစ်တွေအတွင်း ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကောင်းကောင်း ဝင်လာဖို့အတွက် မူဝါဒချမှတ်သူတွေအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို မြန်မြန်ဆန်ဆန်နဲ့ ထိရောက်စွာ ဖော်ဆောင်သင့်တယ်လို့ ADB က အကြံပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG