သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် အတိုင်ပင်ခံရာထူး လွှတ်တော်မှာ ဆက်လက်ဆွေးနွေး


နိုင်ငံတော် အတိုင်ပင်ခံရာထူး ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေး (ဓါတ်ပုံ-MOI)
နိုင်ငံတော် အတိုင်ပင်ခံရာထူး ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေး (ဓါတ်ပုံ-MOI)

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ခန့်အပ်ရေး ဥပဒေကို ပြည်သူ့လွှတ်တော်မှာ အဆိုပြုတာမှာတော့ တပ်မတော်သား ကိုယ်စားလှယ်က နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေဟာ အခြေခံ ဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ စိစစ်ဖို့ အတွက် အချိန် ကာလ ပိုပြီး ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမျိုးသား လွှတ်တော်ရဲ့ ထောက်ခံချက်နဲ့ ပြည်သူ့လွှတ်တော်ကို ရောက်ရှိလာတဲ့ ဒီဥပဒေကြမ်းကိုတော့ အင်္ဂါနေ့မှာ ပြည်သူ့လွှွတ်တော်မှာ အတည်ပြုနိုင်ရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေကြမ်းကို အတည်ပြုနိုင်ရေး အလားအလာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အခြေခံ ဥပဒေ ရဲ့ အကန့်အသတ်ကြောင့် သမ္မတ ဖြစ်ခွင့် မရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ခန့်အပ်ရေး အမျိုးသား လွှတ်တော်က အတည်ပြုခဲ့တာကို အခု ပြည်သူ့လွှတ်တော်ကို လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌက တနလာၤနေ့မှာ ပြည်သူ့လွှတ်တော်ကို တင်ပြခဲ့တာမှာ တပ်မတော်သား ကိုယ်စားလှယ်က အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ စိစစ်နိုင်ဖို့ အတွက် အချိန်တိုးပေးဖို့ တောင်းဆိုခဲ့တာပါ။ ပြည်သူ့လွှတ်တော်တွင်းက အခြေအနေတွေကို တအောင်းအမျိုးသား ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက အခုလို ပြောပါတယ်။

“ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ သူတို့အချိန်မလောက်ဘူးပေါ့နော် လေ့လာဖို့ဟာက အချိန်မလောက်ဘူး။ တကယ်လို့ ဒီဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတယ်ဆိုရင်သူတို့ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ အပြည့်အဝထောက်ခံမယ်ဆိုတဲ့ အကြောင်းကို ပြောသွားတာပေါ့နော်။ ဒါပေမယ့်အချိန်တော့ သတ်မှတ်ပေးပါပေါ့နော်။ အချိန်တိုးပေးပါပေါ့နော်။ ဒီလေ့လာဖို့အချိန် အဲဒါကို တောင်းဆိုတာ။ ကျမတို့ လွှတ်တော်ဥက္ကဋ္ဌက ခါတိုင်းဆိုလို့ရှိရင် ကျမတို့က အကြောင်းအရာတခုကိုဆွေးနွေးချင်တယ်ဆိုရင် ဒီနေ့လိုတင်သွင်းတဲ့ အကြောင်းအရာဆိုလို့ရှိရင် ညနေ ၄ နာရီ ဆိုရင် ကျမတို့က ပိတ်ပြီလေ။ ဒါပေမယ့် ကျမတို့က ညနေ ၄ နာရီ မဟုတ်ပဲနဲ့ နောက်တနေ့ ၉ နာရီ အထိကို ကျမတို့က လက်ခံတယ်ပေါ့။”

တပ်မတော်သား ကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်အရ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေကြမ်းကို ဆွေးနွေးလိုသူတွေ စာရင်းပေးသွင်းနိုင်တဲ့ အချိန်ကို ပြည်သူ့လွှတ်တော် ဥက္ကဌက နာရီပိုင်းတိုးပြီး ပေးလိုက်ပါတယ်။ ဒီဥပဒေကို ပြည်သူ့လွှတ်တော်တွင်း ကန့်ကွက်၊ ထောက်ခံမှု အခြေအနေ အလားအလာကို ဒေါ်နန်းမိုးက အခုလို ပြောပါတယ်။

“ဆွေးနွေးမယ့်သူ ဆိုလို့ရှိရင်လည်း ကျမအထင်ကတော့ တပ်မတော်သား ကိုယ်စားလှယ် ဒါမှမဟုတ် USDP ပဲရှိမှာပါ။ ကျမတို့ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတော့ ဆွေးနွေးဖို့ အလားအလာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက အားလုံးသဘောတူတယ်လေ။ သဘောတူတဲ့ အနေအထားမှာ ရှိတယ်ပေါ့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ။ ကျမကတော့ သဘောတူတယ် ဘာဖြစ်လို့လဲဆိုတော့ ဒါလိုလည်း လိုအပ်တယ်လို့ ကျမလည်းထင်တယ်လေ။ နိုင်ငံတော် အတိုင်ပင်ခံဆိုတာက ဒါလိုအပ်တဲ့ ဥပဒေကြမ်းလို့ ကျမထင်တာပဲ။ ကျမယူဆတယ်ပေါ့နော်။ ကျမတို့အနေနဲ့ကတော့ ကျမတို့ မကန့်ကွက်ပါဘူး။ ကန့်ကွက်တယ်ဆိုရင်လည်း ဒါက အချိန်ပိုကုန်တာပဲရှိမှာပဲလေ။”

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန့်အပ်ရေးဆိုင်ရာ ဥပဒေ မူကြမ်းကိုတော့ အမျိုးသားလွှတ်တော်မှာ စတင် တင်သွင်း အတည်ပြုခဲ့တာ ဖြစ်ပြီး အင်္ဂါနေ့ ဆွေးနွေးမယ့် ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်ချက် မရှိ အတည်ပြုနိုင်ရင်တော့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြစရာ မလိုတော့ဘဲ သမ္မတထံ တင်ပြဖို့ဘဲ ကျန်ရှိတော့တယ်လို့ ဥပဒေကြမ်းကို တင်သွင်းခဲ့သူ အမျိုးသား လွှတ်တော် အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“အတိုင်ပင်ခံဥပဒေက ကျနော်တို့ အမျိုးသားက အတည်ပြုပြီးတော့ အခုဒီနေ့ ပြည်သူ့ကို ပို့ပြီးတင်ပြီ။ မနက်ဖြန်ကို ကန့်ကွက်စရာရှိမလားဆိုတာကို မနက်ဖြန်ကို ဆွေးနွေးကြမယ်။ ဆွေးနွေးကြပြီး လိုအပ်ရင် မဲခွဲမယ်။ မဲခွဲရင် မနက်ဖြန် ပြည်သူ့မှာ မဲခွဲပြီးတဲ့အခါကျတော့ အကယ်၍များ အမျိုးသားကတင်တဲ့ အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုတယ်ဆိုရင် နောက်နေ့ကို ကျနော်တို့ အမျိုးသားလွှတ်တော်ကို ပို့မယ်။ အဲဒါဆိုရင်တော့ ပြည်ထောင်စုက အတည်ပြုတဲ့ အတိုင်းမှတ်ယူပြီးတဲ့ အခါကျတော့ ကျနော်တို့ သမ္မတဆီ ပို့ရုံပဲ ရှိတယ်။ ကျနော်တို့ ပြင်ဆင်ချက်နဲ့ လာတယ်ဆိုရင် ကျနော်တို့ အမျိုးသားကနေပြန်ပြီး ဒီပြင်ဆင်ချက်ကို လက်ခံတယ်ဆိုလို့ရှိရင်လည်း ပြီးသွားမှာပေါ့။ ပြင်ဆင်ချက်ကို လက်မခံဘူး သဘောထားကွဲလွဲမယ်ဆိုရင် ပြည်ထောင်စုတက်ပြီးတော့ ဆက်လုပ်ရမှာပေါ့။”

ဥပဒေ အတည်ပြုနိုင်ခဲ့ရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးစီးပွားအတွက် အကြံပေးခွင့်၊ နောက် ဒီအကြံပေး ဆောင်ရွက်ချက်တွေကို ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမှာဖြစ်ပြီး လိုအပ်ခဲ့ရင် အစိုးရ၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ပြည်ထောင်စု အစိုးရကို ဦးဆောင်ဖွဲ့စည်းထားပြီး လွှတ်တော် ၂ ရပ်လုံးကိုလည်း အများစု ကြီးစိုးထားတာကြောင့် နိုင်ငံတော် အတိုင်ပင်ခံ ခန့်အပ်ရေး ဥပဒေကြမ်းဟာလည်း ဒီရက်ပိုင်း အတွင်းမှာဘဲ အများစု ထောက်ခံမဲနဲ့ အတည်ပြုနိုင်မယ်လို့လည်း အများက ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG