သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးစိုးရိမ်မှုကြောင့် Aerosmith အင်ဒိုနီးရှားပွဲစဉ်ပျက်


အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ် Allston မြို့မှာ သူ့ပရိသတ်ကို ဖျော်ဖြေနေတဲ့ Aerosmith ဝိုင်းတော်သားများ (၅ နိုဝင်ဘာ ၂၀၁၂)
အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ် Allston မြို့မှာ သူ့ပရိသတ်ကို ဖျော်ဖြေနေတဲ့ Aerosmith ဝိုင်းတော်သားများ (၅ နိုဝင်ဘာ ၂၀၁၂)
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို ရည်ရွယ်ပြီး ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတာကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးအရေးယူခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံမှာ ဖျော်ဖြေဖို့ ပြင်ဆင်ထားတဲ့ Aerosmith အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ တေးဂီတဖျော်ဖြေပွဲကိစ္စ တိုက်ရိုက် ဆက်နွယ်မှု ရှိ မရှိ ဆိုတာကတော့ မသဲကွဲပါဘူး။ ဒါပေမဲ့ ပွဲလုံခြုံရေးအတွက် စိုးရိမ်တာကြောင့် အခုလို ဖျော်ဖြေပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဂီတပွဲ စီစဉ်သူ အစ္စမာယာ လစ်ဖ် (Ismaya Live) က ပြောပါတယ်။

အမေရိကန် ရော့ခ် တေးဂီတအဖွဲ့ရဲ့ ဖျော်ဖြေပွဲကို အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ အခုလာမယ့် စနေနေ့ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး၊ လက်မှတ် ၁ သောင်းခွဲနီးပါး ရောင်းချ ထားပြီးပြီ ဖြစ်တယ်လို့ ပွဲစီစဉ်ရေးအဖွဲ့ ပြောခွင့်ရသူ ဟယ်လ်မီ ဆတ်ဂါရာ (Helmi Sugara) က ပြောပါတယ်။

တေးဂီတဖျော်ဖြေပွဲ ဖျက်သိမ်းတဲ့အကြောင်း ကြေညာချက်နဲ့အတူ Aerosmith အဖွဲ့ရဲ့ တောင်းပန်ချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။ သူတို့အဖွဲ့ကို နှစ်သက်အားပေးကြတဲ့ အင်ဒိုနီးရှားနိုင်ငံက ပရိသတ်ကြီးနဲ့ တနေ့တော့ ပြန်ဆုံကြဖို့ မျှော်လင့်ထားပါကြောင်း Aerosmith အဖွဲ့က ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ မူဆလင်တွေအပေါ် ပြုမူဆက်ဆံမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တဲ့အကြောင်း သူတို့ထံကနေ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တဲ့အကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
XS
SM
MD
LG