သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AFC U19 အုပ်စုပွဲ မြန်မာ ထိုင်းကို ၃ ဂိုး ဂိုးမရှိ အနိုင်ရ


AFC U 19 အောင်ပွဲရ မြန်မာအသင်း
AFC U 19 အောင်ပွဲရ မြန်မာအသင်း

AFC U19 ဘောလုံးပြိုင်ပွဲရဲ့ မြန်မာနဲ့ထိုင်းပွဲစဉ်မှာ အိမ်ရှင်မြန်မာအသင်းက ထိုင်းအသင်းကို ပွဲချိန် မိနစ် ၉၀ အတွင်းမှာ ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အရေးပါတဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တဲ့အတွက် အုပ်စုကနေ နောက်တစ်ဆင့်တက်ဖို့ အခြေအနေ အတော်ကောင်းသွားတယ်လို့လည်း ပွဲကြည့်ပရိသတ်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကိုတော့ ဘောလုံးပွဲမှာ သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေတဲ့ AFC U 19 ပြိုင်ပွဲမှာ မြန်မာ U 19 အသင်းက ထိုင်း U19 အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တာပါ။ ဒီကနေ့ အုပ်စု A နဲ့ အုပ်စု C က ပွဲစဉ်တွေကစားခဲ့ကြတာပါ။ ။ အုပ်စု A ပထမပွဲ အဖြစ်နဲ့ အီရန် နဲ့ ရီမင်ပွဲကို မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှာ ကစားခဲ့ပြီး ယီမင်အသင်းက အီရန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒုတိယပွဲမှာတော့ အိမ်ရှင် မြန်မာအသင်းနဲ့ ထိုင်းတို့ ညနေ ၆ နာရီခွဲမှာ ကစားကြပြီး မြန်မာက အနိုင်ရခဲ့တာပါ။

ဒါကြောင့် လက်ရှိ အုပ်စု A မှာ မြန်မာအသင်းက ၂ ပွဲ ကစား ၁ ပွဲ သရေ၊ ၁ ပွဲနိုင်၊ ၄ မှတ်ရပြီး အုပ်စုတက်ဖို့ အခြေအနေကောင်းတွေ ရခဲ့တာပါ။ ဒီကနေ့ ထိုင်းနဲ့မြန်မာကစားတဲ့ပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းကို ကွင်းလယ်နဲ့ ရှေ့တန်းမှာ အသာစီး ကစားနိုင်ခဲ့တဲ့ကစားကွက်ကြောင့် အနိုင်ရခဲ့တာ ဖြစ်တယ်လို့ သုဝဏ္ဏကွင်းမှာ ကိုယ်တိုင်ပွဲသွားကြည့်ခဲ့တဲ့ ပွဲကြည့်ပရိသတ် ကိုမျိုးကျော်ကျော်က ပြောပါတယ်။

“စကန်ပါပြီဆိုကတည်းက စဖိတာပဲ မြန်မာက။ မြန်မာအသင်းက --- တော်တော်လေးကို၊ အဓိက-ကတော့ ရှေ့တန်းလို့ ကျနော်ထင်တာပဲ။ ဒီနေ့က မြန်မာက နိုင်မှကို သေချာမှာလေ။ ဒီနေ့ မြန်မာက တော်တော်ကြီးကို ကစားသွားတယ်။”

မြန်မာအသင်းရဲ့ အနိုင်ဂိုးတွေကို ကျောနံပါတ် ၇ ငြိမ်းချမ်းအောင်က ၂ ဂိုးနဲ့ ကျောနံပါတ် ၉ အောင်သူတို့က အသီးသီး သွင်းယူခဲ့တာပါ။ သုဝဏ္ဏကွင်းမှာ ကျင်းပခဲ့တဲ့ ဒီကနေ့ပွဲမှာ မြန်မာပရိသတ်တွေက ကွင်းလုံးပြည့်လာရောက် အားပေးခဲ့တာကိုတွေ့ရပါတယ်။ မြန်မာပရိသတ်ရဲ့ အားပေးမှုကလည်း ဒီပွဲမှာ မြန်မာအသင်းအတွက် အားအင်ဖြစ်ခဲ့ရတယ်လို့ ကိုမျိုးကျော်ကျော်က ဆက်ပြောပါတယ်။

“ပရိသတ်က တော်တော်ကောင်းတယ်ဗျာ။ ဒီကနေ့တော့ ယီမင်နဲ့ပွဲတုန်းကနဲ့ တခြားစီပဲလေ။ အားပေးတဲ့ ပရိသတ်ကလေ။ ယီမင်နဲ့ပွဲတုန်းကထက် ပရိသတ်အား ပိုကောင်းတယ်။”

ပွဲစဉ်တစ်လျောက် ထိုင်းအသင်းကို မြန်မာဘက်က ကစားကွက် အသာစီးနဲ့တောက်လျှောက် ဖိအားပေးနိုင်တာကြောင့် အခုလို ဂိုးပြတ်နိုင်ခဲ့တာဖြစ်သလို့ ဂိုးသမားရဲ့ စွမ်းဆောင်ရည်ကလည်း အခရာကျခဲ့တယ်လို့ သူ ဆက်ပြောပါတယ်။

“ကွင်းလယ်ပိုင်းကလည်းကောင်းတယ်။ ဂိုးသမားကိုတော့ အဓိက ပြောချင်တယ်။ ကျနော်တို့ မြန်မာဂိုးသမားက တော်တော်ကြီးကို ကောင်းတယ်ဗျ။”

AFC U-19 Championship ဘောလုံးပြိုင်ပွဲကို ရန်ကုန်နဲ့ နေပြည်တော်မှာ ခွဲပြီး ကျင်းပနေတာ ဖြစ်ပါတယ်။ အုပ်စု A မှာ မြန်မာ၊ ထိုင်း၊ အီရန်နဲ့ ယီမင်၊ အုပ်စု ဘီ မှာ ဥဇဘက်ကစ်စတန်၊ အင်ဒိုနီးရှား၊ သြစတြေးလျ နဲ့ ယူအေအီး၊ အုပ်စု C မှာ (ဂျပန်၊ဗီယက်နမ်၊တောင်ကိုရီးယားနဲ့ တရုတ် )၊ အုပ်စု D မှာ အီရတ်၊ မြောက်ကိုရီးယား၊ ကာတာနဲ့ အိုမန်အသင်းတွေ ပါဝင် ယှဉ်ပြိုင်နေကြတာပါခင်ဗျား။

XS
SM
MD
LG