သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AFC U-19 ပွဲဦးထွက် မြန်မာ သရေကျ


AFC U-19 Championship (သတင်းဓာတ်ပုံ- http://www.the-afc.com)
AFC U-19 Championship (သတင်းဓာတ်ပုံ- http://www.the-afc.com)

AFC U-19 Championship အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ အသက် ၁၉ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး ၊ အိမ်ရှင်မြန်မာ အသင်းဟာ ပွဲဦးထွက်မှာပဲ သရေကျ သွားခဲ့ပါတယ်။ မြန်မာဘောလုံးသမားတွေဟာ စိုးရိမ်စိတ်များလွန်းတာကြောင့် သရေကျသွားတာဖြစ်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်တွေမှာ ကြာသာပတေးနေ့က ပထမဆုံးဖွင့်ပွဲနေ့အဖြစ်နဲ့ ကစားခဲ့တဲ့အခြေအနေတွေကို ကိုရန်နိုင်က ပြောပြပေးထားပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ AFC U-19 Championship ဘောလုံးပွဲတွေ ကို မြန်မာနိုင်ငံမှာ ကြာသာပတေးနေ့က စတင်လိုက်ပါပြီ။ ဒါဟာ အာရှ U-19 လူငယ်ဘောလုံးပြိုင်ပွဲကို ၇ ကြိမ် နဲ့ အာရှမှာ တောင်ကိုရီးယားပြီးရင် ဒုတိယ အများဆုံး ဗိုလ်စွဲထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတာဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ကတော့ မြန်မာ နဲ့ ရီမင်၊ ထိုင်း နဲ့ အီရန် ၊ တောင်ကိုရီးယား နဲ့ ဗီယက်နမ် ၊ ဂျပန် နဲ့ တရုတ် တို့ကို ရန်ကုန် နဲ့ နေပြည်တော်မှာ ၂ ပွဲစီခွဲပြီး ကျင်းပခဲ့တာပါ။

ရန်ကုန် သုဝဏ္ဏကွင်းမှာ ကစားခဲ့တဲ့ အုပ်စု A ပထမပွဲမှာတော့ ထိုင်း က အီရန်ကို နောက်ကနေ လိုက်ကစားပြီး၊ အီရန်ဂိုးသမားရဲ့ အမှား ကနေ နောက်ဆုံးမှာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် မြန်မာ နဲ့ ရီမင် ပွဲကတော့ ၂ သင်းစလုံး အပြန်အလှန် ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် တဘက်နဲ့ တဘက် ဂိုးမသွင်းနိုင်ပဲ နောက်ဆုံးမှာ ဂိုးမရှိ သရေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

ဒါကြောင့် အုပ်စု A မှာ ထိုင်းက ၃ မှတ်၊ မြန်မာ နဲ့ ရီမင်က ၁ မှတ်စီ ရထားပြီး အီရန် ကတော့ တမှတ်မှ မရသေးပါဘူး။ မြန်မာ နဲ့ ရီမင် ပွဲ နဲ့ ပတ်သက်ပြီး အားကစားဆောင်းပါးရှင် ဦးမြတ်သက် သုံးသပ်တာကတော့-

" ဒီပွဲကတော့ ကလေးတွေ နည်းနည်း အစိုးရိမ်လွန်နေတယ် ထင်တယ်ဗျ ။ နောက်တခု က နောက်တန်း နည်းနည်းလေး အားနည်းတယ်။ ကျနော်တို့ ဖိတဲ့အချိန် များလို့သာ တန်ပြန်တိုက်စစ်ကနေ ပေါက်သွားပြီး ဂိုးပေးရမလိုဖြစ်တာ ကံကောင်းလို့ ကျနော်တို့ မပေးရတာ။ နောက်တခုက ရှေ့တန်းက တချို့ဘောလုံးတွေက နည်းနည်း စိုးရိမ်စိတ် များနေတယ်ထင်ပါတယ်။ အပိုင်ရတဲ့ ဘောလုံးလေးတွေလည်း လွတ်တယ်ပေါ့ဗျာ။ အမှန်မှာကတော့ ၁း ၀ လောက် နဲ့ နိုင်သင့်တဲ့ပွဲပါပဲ။ တစ်ဂိုးလောက်တော့ ရသင့်တာပေါ့။ သူတို့ ကလည်း သေချာသထက် သေချာအောင် အနီးထိ သူတို့ ဆွဲသွားချင်တယ်ပေါ့လေ။ ကန်ချက် နည်းတယ်။ နောက်တခုက ရီမင်နောက်တန်း က လည်း တော်တော်ကောင်း ပါတယ်။ အလုံးရော၊ အရပ်ရောက ဥရောပဟန်ကြီးတွေ၊ ကျနော်တို့ထက် တော်တော်လေး ထွားတယ်လေ။ နောက်တခု က ဘယ်ခြမ်းက ဖောက်တာ။ တောက်လျောက် ပထမပိုင်းတုန်းက ပိတ်သွားနိုင်တာ။ သရေကတော့ ကျနော်တို့ဘက်က ကြည့်ရင် နာတာပေါ့ဗျာ။ အမှန်ကတော့ တစ်ဂိုးလောက်တော့ ရသင့်တဲ့ပွဲပါ။"

မြန်မာ အသင်းအနေနဲ့ ပွဲဦးထွက် သရေကျသွားတာကြောင့် လာမယ့် ပွဲစဉ်တွေ နဲ့ အုပ်စုကနေ နောက်တဆင့် တက်ဖို့ အလားအလာက ဘယ်လိုရှိလာနိုင်မလဲ။

" ထိုင်းနည်းပြကတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာကတော့ သူတို့ တက်ဖို့က ဗမာနဲ့ပွဲက အဓိကပဲတဲ့ သူတို့အဲ့လိုပြောသွားတာလေ။ ကျနော်တို့ဘက် ကလည်း အခုတော့ အဲ့လိုဖြစ်သွားတာပေါ့။ ရီမင်ကိုသာ နိုင်ထားမယ်ဆိုရင် ထိုင်းကို သရေလောက် ကျလို့ ရသေးတာကို။ ထိုင်းကို သွားရှုံးလိုက်ရင် အီရန်နဲ့ရီမင်က တစ်ပွဲပွဲ သူတို့ တွေ့တဲ့ အချိန် တသင်းသင်းက အနိုင်အရှုံးပေါ်သွားရင် ကျနော်တို့ တော်တော်လေး ခက်ခဲမှာ။ နောက်တဆင့်တက်ဖို့လေ။"

အားကစားဆောင်းပါးရှင် ဆရာဦးမြတ်သက်ပါ။

နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းမှာ ကစားတဲ့ အုပ်စု C ပထမပွဲမှာ တောင်ကိုရီးယားက ဗီယက်နမ်ကို ၆ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပြီး၊ ဂျပန် နဲ့ တရုတ် ပွဲမှာတော့ တရုတ်က ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ ပွဲစပြီး စက္ကန့် ၃၀ မှာ တရုတ်က ပယ်နယ်တီ ကနေ အဖွင့်ဂိုးရပြီး ဒါကို ဂျပန်က ၁၅ မိနစ်မှာ ပြန်ချေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီး ဆယ့်ငါးမိနစ်မှာ တရုတ်က ဖရီးကစ်ကနေ ဒုတိယဂိုးသွင်းပြီး နောက်ဆုံးမှာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ - အုပ်စု B က ဥဇဘက်ကစ္စတန် နဲ့ အင်ဒိုနီးရှား၊ သြစတြေးလျ နဲ့ ယူအေအီး တို့ သုဝဏ္ဏကွင်းမှာ ကစားကြမှာဖြစ်ပြီး၊ အုပ်စု D က အီရတ် နဲ့ အိုမန် ၊ မြောက်ကိုရီးယား နဲ့ ကာတာတို့ ကတော့ နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်း မှာ ကစားကြမှာပါ။ မနက်ဖြန် စနေနေ့မှာတော့ ဒုတိယမြောက်ပွဲအဖြစ်နဲ့ အိမ်ရှင် မြန်မာအသင်းက ထိုင်း နဲ့ ကစားရမှာဖြစ်ပြိး ၊ အီရန် အသင်းကတော့ ရီမင်နဲ့ ကစားရမှာဖြစ်ပါတယ်။

XS
SM
MD
LG