သုံးရလွယ်ကူစေသည့် Link များ

အာဖဂန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပါကစ္စတန်မှာ ကျင်းပ


အာဖဂန်နစ္စတန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ဖို့ ဆွေးနွေးပွဲကို ဒီကနေ့မှာ ပါကစ္စတန်နိုင်ငံက ကမကထပြုလုပ် ကျင်းပပေးနေပါတယ်။ ဒီဆွေးနွေးပွဲမှာ အာဖဂန်နစ္စတန်၊ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စု တို့ပါဝင်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ တာလီဘန်အဖွဲ့ကို တွေ့ဆုံ ဆွေးနွေးပွဲ စကားဝိုင်းစီ ခေါ်ဆောင်လာနိုင်မယ့် အခြေအနေမျိုးကို ဖန်တီးဖို့ဖြစ်ပြီး သူတို့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အကြမ်းဖက်မှု လုပ်ဆောင်နေတာတွေကို ရပ်တန့်သွားအောင် တိုက်တွန်းသွားနိုင်ဖို့ ဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Nawas Sharif ရဲ့ နိုင်ငံခြားရေးရာ အကြံပေး Sartaj Aziz က ဒီဆွေးနွေးပွဲအဖွင့် စကားပြောကြားရာမှာ ထည့်သွင်းပြောကြားသွားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်အတွင်း တာလီဘန်အဖွဲ့အင်အားတိုးချဲ့လာပြီးနောက် လာမယ့်ပွင့်လင်းရာသီမှာ တိုက်ပွဲတွေပိုပြင်းထန်လာမှာနဲ့ အာဖဂန်နိုင်ငံတွင်း မငြိမ်မသက်မှုတွေ ဖြစ်လာမှာကို ဒေသတွင်းနဲ့ နိုင်ငံတကာက အစိုးရတွေက စိုးရိမ်နေတာပါ။ ပါကစ္စတန်နိုင်ငံဟာ တာလီဘန်အဖွဲ့အပေါ် သြဇာသက်ရောက်မှုရှိတယ်လို့ ယုံကြည်ရပေမယ့် အခုလပိုင်းတွေအတွင်း အာဖဂန်နစ္စတန်နိုင်ငံနဲ့ ဆက်ဆံရေးမှာတော့ တင်းမာမှုတွေ ရှိနေပါတယ်။ ၂ နိုင်ငံနယ်စပ်ဒေသတလျှောက်က တာလီဘန်နဲ့ တခြားသူပုန်အဖွဲ့တွေကို ထောက်ပံ့မှုတွေပေးနေတယ်ဆိုပြီးတော့လည်း ၂ နိုင်ငံကြား အပြန်အလှန်စွပ်စွဲနေကြတာပါ။ အာဖဂန်နစ္စတန်နိုင်ငံနယ်စပ်အနီး Quetta နဲ့ Peshawar အပါအ၀င် ပါကစ္စတန်မြို့တွေမှာ တာလီဘန်ခေါင်းဆောင်တွေ နေထိုင်ကြတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုတွေရှိနေပါတယ်။

XS
SM
MD
LG