သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ငြိမ်းချမ်းရေး ညီလာခံ တာလီဘန် တိုက်ခိုက်


အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ညီလာခံကို အသေခံ ဗုံးခွဲဝတ်စုံတွေ ဝတ်ထားတဲ့ တာလီဘန် စစ်သွေးကြွတွေက မနေ့တုန်းက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။

မတည်မငြိမ် ဖြစ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံ အတွက် ငြိမ်းချမ်းတည်ငြိမ်ရေး အဖြေရှာနိုင်ဖို့ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က အဲဒီညီလာခံကို ဖွင့်လှစ်ပေးခဲ့တာပါ။ သေနတ်ပစ်ခတ်မှုတွေနဲ့ ဒုံးကျည် ပေါက်ကွဲသံတွေက သမ္မတ ခါဇိုင်း မိန့်ခွန်းပြောဆိုမှုကို အနှောင့်အယှက် ပေးခဲ့ပါတယ်။

၃ ရက်ကြာ ကျင်းပတဲ့ အဲဒီညီလာခံမှာ ကိုယ်စားလှယ်တွေ ၁,၆၀၀ လောက် တက်ရောက်နေတာပါ။ အမျိုးသမီးလို ဝတ်ဆင်ထားပြီး ညီလာခံထဲကို ဝင်ဖို့ ကြိုးစားခဲ့တဲ့ အသေခံ ဗုံးခွဲသမားတွေထဲက အနည်းဆုံး ၂ ဦးကို လုံခြုံရေး တပ်ဖွဲ့တွေက အသေပစ်သတ်နိုင်ခဲ့တယ်လို့ အာဖဂန် အရာရှိတွေက ဆိုပါတယ်။ စစ်သွေးကြွလို့ ယူဆရတဲ့သူ နောက်တဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ပါပဲလို့ တာလီဘန် အရာရှိတွေက ပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ညီလာခံ ကိုယ်စားလှယ်တွေနဲ့ အရပ်သူ၊ အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိမရှိ သတင်းတွေတော့ ထွက်မလာပါဘူး။

တာလီဘန်တွေအနေနဲ့ ကိုယ့်ဇာတိမြေကို ဖျက်ဆီးနေတာတွေကို အဆုံးသတ်ကြဖို့နဲ့ အာဖဂန် လူမှုအသိုင်းအဝိုင်းထဲကို ပြန်ဝင်လာကြဖို့ သမ္မတ ဟာမစ် ခါဇိုင်းက သူပုန်တွေကို တိုက်တွန်းခဲ့ပါတယ်။ အားလုံးဟာ ညီအကိုတွေပဲ ဖြစ်တယ်၊ သတ်ဖြတ်မှုတွေကနေ အားလုံးက လွတ်မြောက်ချင်ကြတယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ အယ်လ်ကိုင်းဒါး အဖွဲ့ဝင်တွေနဲ့ အရပ်သူ၊ အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြတဲ့ သူတွေကိုတော့ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ သမ္မတ ခါဇိုင်းက ပြောခဲ့ပါတယ်။

XS
SM
MD
LG