အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်တွေ စစ်ဆင်ရေးလုပ်ခဲ့ချိန်က အာဖဂန်အရပ်သားတွေ သေကျေခဲ့မှုဟာ စစ်ရာဝတ်ပြစ်မှု မြောက်နိုင်တာတွေ ပါဝင်နိုင်ပေမယ့် သေသေချာချာ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်လို့ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။
၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ အတွင်း ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ကလေးသူငယ်တွေပါဝင်တဲ့ အရပ်သား ၁၄၀ သေဆုံးခဲ့ရမှုမှာ အမှုဆယ်မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး Left in the Dark လို့နာမည်ပေးတားတဲ့ အစီရင်ခံစာကို လူ့အခွင့်ရေးအဖွဲ့က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။
သေဆုံးရသူ အာဖဂန်တွေနဲ့မိသားစုဝင်တွေအတွက် တရားမျှတမှု မရတာဟာ အမေရိကန်စစ်ဘက် တရားရေးစံနစ်မှာ ချွတ်ယွင်းချက် ကြီးကြီးမားမား ရှိနေတာကြောင့်လို့ အစီရင်ခံစာက ဆိုပါတယ်။
အခုလို အဖွဲ့က စုံစမ်းခဲ့တဲ့အမှုအားလုံးကို အမေရိကန်စစ်တပ်က အရေးယူအပြစ်ပေးမှု မရှိခဲ့ဘူးလို့ Amnesty အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ အကြီးအကဲ Richard Bennett ကပြောပါတယ်။ အမေရိကန်စစ်သားတွေ ဥပဒေမဲ့ သတ်ဖြတ်မှုအတွက် အရေးယူဖို့ ပျက်ကွက်နေတာမို့ ဒါကို အလျင်အမြန် ပြုပြင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ မကြာသေခင်နှစ်တွေအတွင်း တခြားနိုင်ငံတွေမှာ သူတို့ရဲ့စစ်ဘက် တရားရေးစံနစ်ကို ဘယ်လို လုပ်ဆောင်ခဲ့တယ် ဆိုတာတွေကို အမေရိကန်က လေ့လာ သင်ယူသင့်တယ်လို့လည်း ပြောပါတယ်။
အာဖဂန်နိုင်ငံကလည်း နေတိုးနဲ့ အမေရိကန်တို့နဲ့ နောင်မှာ ချုပ်ဆိုမယ့် သဘောတူစာချုပ်တွေမှာ အရပ်သားတွေကို ဥပဒေမဲ့ သတ်ဖြတ်မှု မရှိစေဖို့ တာဝန်ခံမှုတွေ ပါဝင်အောင် သေသေချာချာ လုပ်ဖို့ပါ အစီရင်ခံစာက တောင်းဆိုထားပါတယ်။
နေတိုးဦးဆောင်တဲ့ နိုင်ငံတကာ လုံခြုံရေးတပ် ISAF ကတော့ အရပ်သား ထိခိုက်သေကျေမှုဟာ အရင်နှစ်ကထက် စာရင် ၇၇ % ကျဆင်းသွား တယ်လို့ ပြောပါတယ်။ ဒီနှစ်ထဲမှာ အစိုးရဆန့်ကျင်သူတွေ အထူးသဖြင့် တာလီဘန်တွေကြောင့် အရပ်သား ထိခိုက် သေကြေမှုက ၉၀ % ကျော်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရပ်သား သေကျေ၊ ဒါဏ်ရာရမှုအတွက် သတင်းပို့လာတာတွေ အားလုံးကို ဝန်းကျင်အခြေအနေ အခွင့်သာသလောက် စုံစမ်းစစ်ဆေးခဲ့တယ်လို့လည်း ပြောပါတယ်။