သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ခေါင်းဆောင်တွေတက်တဲ့ အခမ်းအနား တိုက်ခိုက်ခံရ


Afghanistan နိုင်ငံ ကာဘူးမြို့တော်မှာ သမ္မတလောင်းတွေ တော်တော်များများနဲ့အတူ သမ္မတဟောင်း Hamid Karzai အစိုးရအဖွဲ့ အမှုဆောင် အရာရှိချုပ် Abdullah Abdullah တို့ပါ တက်ရောက်နေကြတဲ့ အခမ်းအနားတခုကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ တိုက်ခိုက်သူတွေက မော်တာတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင် Abdullah မိန့်ခွန်းပြောနေချိန်မှာပဲ တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့တာပါ။

Hizb e Wahdat e Islami ပါတီခေါင်းဆောင် သေဆုံးတဲ့ ၂၄ ကြိမ်မြောက် အခမ်းအနားအတွင်း တိုက်ခိုက်မှုကိုတော့ ရာဇဝတ်မှုအဖြစ် Abdullah ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူတဦးသေဆုံးပြီး၊ ၁၆ ယောက် ဒဏ်ရာ ရခဲ့ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။

သမ္မတလောင်းတဦးဖြစ်တဲ့ Hanif Atmar ကလည်း သူ့ရဲ့ ကိုယ်ရံတော် ၈ ဦး ဒဏ်ရာရခဲ့ကြောင်း Facebook လူမှုကွန်ရက်မှာ ပြောဆိုခဲ့ပါတယ်။ နောက်ထပ် သမ္မတလောင်းတဦးဖြစ်တဲ့ Abdul Latif Pedram ဟာလည်း ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်သတင်းဌာန Tolo ကပြောဆိုခဲ့တာပါ။

မော်တာနဲ့ ပစ်ခတ်တိုက်ခိုက်သူတွေကို အခမ်းအနားအနီးက အိမ်တအိမ်ကနေ ပစ်မှတ်တည်နေရာ သတင်းပေးပို့ခဲ့သူ တယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း လည်း အာဖဂန် ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် လူအုပ်ကို တည်တည်ငြိမ်ငြိမ် တုံ့ပြန်ဖို့ စီစဉ်သူတွေက တိုက်တွန်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သွားခွင့်ပြုခဲ့ပါတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ တာလီဘန်တွေနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေ ဆွေးနွေးနေကြပေမဲ့ အာဖဂန်မှာ သွေးထွက်သံယို တိုက်ခိုက်မှုတွေလည်း ဆက်လက်ဖြစ်ပွားနေတာပါ။

မနေ့တုန်းကလည်း Jalalabad မြို့မှာ ဆောက်လုပ်ရေး ကုမ္ပဏီတခုက အလုပ်သမား ၁၆ ယောက်နဲ့ အသေခံဗုံးခွဲသမား ၅ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတခု ဖြစ်ခဲ့သလို၊ Helmand ပြည်နယ်က အဓိကစစ်စခန်းတခုကို တာလီဘန်တွေ တိုက်ခိုက်ရာက အာဖဂန်စစ်သား ၂၅ ယောက် သေဆုံးပြီး၊ အများအပြားကိုလည်း ဖမ်းဆီးသွားပါတယ်။

အာဖဂန်ခေါင်းဆောင်တွေတက်တဲ့ အခမ်းအနား တိုက်ခိုက်ခံရ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG