အာဖဂန်နစ္စတန်နိုင်ငံမှာ စနေနေ့က ကျင်းပခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲကို တရားဝင် အသိအမှတ်ပြုရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်လို့ အာဖဂန် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေထဲက အဓိက အဖွဲ့ကြီးတဖွဲ့ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ထူထောင်ရေးအဖွဲ့ (FFEFA) က ပြောကြားလိုက်ပါတယ်။
မဲမသမာမှု ရှိနေတယ်ဆိုတဲ့ တိုင်တန်းချက်တွေနဲ့ လုံခြုံမှု မပေးနိုင်တဲ့ ဒီရွေးကောက်ပွဲရဲ့ အရေအသွေးဟာ ဆိုးဆိုးဝါးဝါးကို စိုးရိမ်စရာ ဖြစ်နေပါတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ နေတိုး ဦးဆောင်တဲ့ နိုင်ငံတကာ လုံခြုံရေးတပ်တွေက ဒီရွေးကောက်ပွဲနဲ့ ဆက်သွယ်နေတဲ့ အကြမ်းဖက်မှုပေါင်းဟာ ၃၀၀ ကျော် ရှိနေတာ တွေ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။
မဲရုံအဖွင့် နောက်ကျတာတွေ၊ မဲပေးတဲ့ ကတ်ပြားကို အလွဲသုံးစား လုပ်မှုတွေ၊ မဲပေးခွင့် မရှိသူတွေ မဲလာပေးတာတွေ၊ မဲပြား မလောက်ငမှုတွေ၊ နှစ်ကြိမ်ထပ်ပြီး မဲမပေးနိုင်အောင်အတွက် ကာကွယ်ဖို့သုံးတဲ့ မင်က အမျိုးအစား ညံ့မှုတွေ အပါအ၀င် ပုံမှန်မဟုတ်တဲ့ ပြဿနာတွေအတွက် တိုင်တန်းချက်တွေကို ရခဲ့တယ်လို့ အာဖဂန် ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများကို တိုင်တန်းမှုတွေ လက်ခံတဲ့ ကော်မရှင်က ပြောပါတယ်။
ဒါ့အပြင် မဲပေးသူ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ ကော်မရှင်က အခုထိ မကြေညာသေးပေမဲ့ အာဖဂန်ပြည်သူ ၃.၆ သန်းလောက် မဲပေးခဲ့ကြတယ်လို့ ပြောပါတယ်။
မနှစ်က သမ္မတ ရွေးကောက်ပွဲမှာတော့ ၆,၀၀၀,၀၀၀ လောက် မဲလာပေးခဲ့ကြပါတယ်။