ပြီးခဲ့တဲ့ စနေနေ့ ပါလီမန် ရွေးကောက်ပွဲမှာ တိုင်ကြားချက်ပေါင်း ၃,၀၀၀ နီးပါး ရှိခဲ့တယ်လို့ အာဖဂန်နစ္စတန်နိုင်ငံ ရွေးကောက်ပွဲ မသမာမှု ဖြေရှင်းရေး ကော်မရှင်က ပြောကြားလိုက်ပါတယ်။
အဲဒီအထဲက ၁,၃၀၀ ကျော်ဟာ ရွေးကောက်ပွဲနေ့က စတဲ့ တိုင်ကြားမှုတွေဖြစ်ပြီး ကျန်တာတွေကတော့ ရွေးကောက်ပွဲ မစတင်ခင် ကတည်းက လက်ခံရရှိခဲ့တဲ့ တိုင်စာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မဲဆန္ဒရှင် မှတ်ပုံတင်စာရင်းအတု ပြုလုပ်တာတွေ၊ မဲအလုံအလောက် မရှိတာတွေအပြင် တချို့ကိစ္စတွေမှာ စစ်ခေါင်းဆောင်တွေက ခြိမ်းခြောက်တာ၊ မတရားသြဇာ သုံးခဲ့တာတွေဟာ အဓိက ပြဿနာတွေ ဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူ အရာရှိတွေက ဆိုကြပါတယ်။
တယောက်တည်းက ထပ်ခါတလဲလဲ မဲထည့်တာ၊ အရွယ်မရောက်သေးတဲ့ သူတွေကို မဲထည့်ခိုင်းတာတွေလည်း အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။
မဲမသမာမှုတွေဟာ ရှောင်လွှဲလို့ မရနိုင်ပေမဲ့ နောက်ဆုံးရလဒ်ကိုတော့ မထိခိုက်ရအောင် လုပ်ဆောင်နေတယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက ဆိုပါတယ်။ စုစုပေါင်း မဲအရေအတွက် ၄,၃၀၀,၀၀၀ ရှိခဲ့တယ်လို့လည်း ဆိုကြပါတယ်။
တချိန်တည်းမှာပဲ အာဖဂန်နစ္စတန် တောင်ပိုင်း ဇာဘူးလ်နယ်မှာ နေတိုးတပ်ဖွဲ့ ရဟတ်ယာဉ်တစီး ပျက်ကျလို့ အမေရိကန်တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တာလီဘန်တွေက သူတို့လက်ချက်လို့ ဆိုပေမဲ့ နေတိုးဘက်ကတော့ အဲဒီဒေသမှာ ရန်သူ့ဘက်က ပစ်ခတ်မှု ရှိခဲ့တယ်ဆိုတဲ့ သတင်း မရရှိဘူးလို့ ပြောဆိုနေပါတယ်။